စိတ်ရော ကိုယ်ပါ ကျန်းမာချမ်းသာ၍ ဘေးဘယာကင်းကွာ မေတ္တာတရားဖြင့် အေးချမ်းစွာ နေနိုင်ကြပါစေ....



Wednesday, October 31, 2012

ကန်တော့ပန်း ဆင်ပါမည်....


ဒီနေ့ဟာ သီတင်းကျွတ် လပြည့်ကျော် တစ်ရက်နေ့ ဖြစ်သည့်အလျောက် သက်ကြီးဝါကြီးဂုဏ်ကြီးသူများကို ရိုသေသမှုနဲ့ ကန်တော့ပန်းဆင်တဲ့ အခါသမယလဲ ဖြစ်ပါတယ်။ ဗုဒ္ဓဘုရား ဟောကြားတဲ့ တရားတော်အားဖြင့် ကျွန်မတို့အားလုံးဟာ သံသရာရဲ့ ဘဝတခုခုမှာ ဆုံတွေ့ခဲ့ကြမှာ အသေအချာပါပဲ။ ဆွေမျိုးတွေလည်း တော်ခဲ့ဖူးတာ အသေအချာပါပဲ။ ဒီတော့ ပြန်လည်သိရကျွမ်းရတဲ့အချိန်လေးလဲ ဖြစ်၊ လူကြီးသူမ သက်ကြီးဝါကြီးတွေကို ဂါရဝပြုရတဲ့ ကာလလေးနဲ့လဲ တိုက်ဆိုင်ချိန်လေးမှာ လက်ရှိဘဝမှာပဲ ဖြစ်ဖြစ်၊ အတိတ်ဘဝတစ်ချိန်ချိန်ကပဲ ဖြစ်ဖြစ် ပြုမှားပြောမှားရှိသည်တို့ကို ဝန်ချတောင်းပန်ခွင့်လေး ရကြပါပြီ။ ဒီလို အခွင့်လေးရှိခိုက်မှာ ပြစ်မှားမိသမျှ အပြစ်တွေ ကျေဖို့ရာ လက်အစုံကို ချီလို့ ကန်တော့ရပါမယ်။

ပထမဦးဆုံးအနေနဲ့ ကျွန်မ မာန်ကို ချိုးလို့ ကန်တော့ချင်တာကတော့ ဗုဒ္ဓမြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး ဖြစ်ပါတယ်။ အနှိုင်းမဲ့ အတုမရှိ ဗုဒ္ဓမြတ်စွာရဲ့ တရားတော်တွေကြောင့်သာ ကျွန်မဟာ “လူ” စင်စစ် ဖြစ်ခွင့် ရတာပါ။ တရားတော်တွေသာ မသိရ နားမလည်ရ မကြားနာရပါဘူးဆိုရင် “လူ့အန္ဓ” အဆင့်မှာသာ ကျွန်မ ဖြစ်တည်ခဲ့မှာပါ။ ဒါကြောင့် အနှိုင်းမဲ့ ကျေးဇူးရှင် ဗုဒ္ဓမြတ်စွာဘုရားကို ကန်တော့ပါဧ။်…………….

ဒုတိယအနေနဲ့တော့ အနှိုင်းမဲ့ကျေးဇူးရှင်ကြီးရဲ့ သားတပည့်သံဃာများနဲ့အတူ၊ မမှားယွင်းသော ပကတိအမှန် တရား သစ္စာလေးပါးတို့အား လက်အုပ်ချီမိုး ရှိခိုးကန်တော့ရပါမယ်။ ဗုဒ္ဓဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီးတဲ့နောက်မှာ သံဃာတော်တွေ လက်ဆင့်ကမ်းလာခဲ့လို့သာ အခုအချိန်မှာ ဗုဒ္ဓဘုရားရှင် ဟောကြားခဲ့တဲ့ တရားတော်တွေကို ကျွန်မတို့ နာရကြားရတာ မဟုတ်ပါလား။ ဒါကြောင့်သာ တရားတွေကို သိခွင့်ရခဲ့တာ မဟုတ်ပါလား။ ဒါကြောင့် သံဃာတော်မြတ်တို့အား ကန်တော့ပါဧ။်……။ ပြီးတဲ့နောက်မှာ ကျွန်မတို့ကို လမ်းမမှားစေဖို့၊ အမှန်ကို အမှန်အတိုင်း သိစေတဲ့ တရားတော်မြတ်ကိုလဲ ကန်တော့ရပါမယ်။ သစ္စာလေးပါး မြတ်တရားတို့နှင့်တကွ ပိဍကတ်တော်တို့ကို ရှိခိုးကန်တော့ပါဧ။်………….။
တတိယအနေနဲ့တော့ ကျွန်မကို လူဖြစ်အောင် မွေးကျွေးခဲ့တဲ့ ကျေးဇူးရှင် မိဘနှစ်ပါးကို ရှိခိုးကန်တော့ပါဧ။်။

ကျွန်မဘဝရဲ့ ထိပ်ဆုံးက ကျေးဇူးရှင်များကိုလဲ ကန်တော့ရပါဦးမယ်….။ သံဃာတော်များကို ကန်တော့ရင်း ပါဝင်သွားခဲ့ပေမဲ့ တစ်ပါးချင်း ကျွန်မ ကန်တော့ချင်ပါသေးတယ်။ မိုးကုတ်ဆရာတော်ကြီး၊ သဲအင်းဂူ ဆရာတော်ကြီး၊ စွန်းလွန်းဆရာတော်ကြီး၊ တို့ကြောင့် ဝိပဿနာဘာဝနာ တရားအားထုတ်မှုလမ်းစဉ်ကို သိခွင့်ရခဲ့ပါတယ်။ ဒါကြောင့် အဲဒီ့ ဆရာတော်ကြီး ၃ ပါးကို ရှိခိုးကန်တော့ပါ၏။ တရားတော်များ နာကြားခွင့်ရအောင် ဟောပြောပေးကြပါကုန်သော ပိုင်းလော့ဆရာတော်ကြီး၊ ဆရာတော် အရှင်ဆေကိန္ဒ၊ ဆရာတော် အရှင်ဇဝန၊ ပါချုပ်ဆရာတော် အရှင်နန္ဒမာလာ ဘိဝံသ၊ ဆရာတော် အရှင် သုမင်္ဂလ တို့နှင့် တကွ ဓမ္မကထိက ဆရာတော်များအား ရှိခိုးကန်တော့ပါ၏။ ထို့အပြင် အဘိဓမ္မာအကျော် ဆရာတော် ဦးတိလောကဘိဝံသ၊ မင်းကွန်းတိုက်ခွဲ ဆရာတော် ဦးကောသလ္လ တို့ဟာတော့ ကျွန်မကို ငယ်စဉ်တည်းက ဆိုဆုံးမသွန်သင်လာခဲ့တဲ့ ဆရာတော်များ ဖြစ်ကြပြီး အသက်အရွယ်အားဖြင့် သိနားလည်လာတဲ့ အချိန်တွေမှာ ကျေးဇူးရှင်တွေ ဖြစ်လာတဲ့ ဦးကောဝိဒ (မြိတ်)၊ ဦးသုနန္ဒာလင်္ကာရ (ပန်းကမ္ဘာဘုန်းဘုန်း)၊ ဦးလောကနာထ စတဲ့ ကျေးဇူးရှင် ဆရာတော် ၅ ပါးအားလည်း ရှိခိုး ကန်တော့ပါဧ။်။ ကျေးဇူးတကာ ကျေးဇူးများတွင် ဓမ္မဆိုင်ရာ ကျေးဇူးသည် အမြတ်ဆုံး ဖြစ်ပါတယ်။ ဒါကြောင့် အထူးတလည် ကျေးဇူးရှိကြကုန်သော ရဟန်းပုဂ္ဂိုလ်များအား ရှိခိုးကန်တော့ အပြီးတွင် ဓမ္မဆိုင်ရာတွင် ကျေးဇူးများကြကုန်သော လူပုဂ္ဂိုလ်တို့အား ရှိခိုးကန်တော့ပါမည်။ တကယ်တော့ ငယ်စဉ်တည်းက သွန်သင်ဆုံးမခဲ့သော ဆရာတော်ကြီးများရှိခဲ့သော်လည်း ဝိပဿနာတည်းဟူသော အမှုကို ကျွန်မ သေချာစွာ မကျင့်ကြံနိုင်ခဲ့ပါ။ ထိုအချင်းအရာနှင့် ပတ်သက်၍ ကိုဥက္ကာ (www.moethout.com) မှ ကျွန်မအား ဝိပဿနာတရားအားထုတ်ရန်နှင့် ပတ်သက်၍ ရှင်းလင်းပြောပြ ဆုံးမခဲ့ပါသည်။ မည်သို့သော တရားအားထုတ်သည်၊ မည်သည့်နည်းလမ်းကို အသုံးပြုသည် ဆိုသည်တို့ကို ဘေးမှာ ချန်ခဲ့၍ ကျွန်မအား တရားနာဖို့ စတင်ပေးခဲ့သူ၊ ကျွန်မအား ဝိပဿနာ အလုပ်လုပ်နိုင်ရန် လမ်းကြောင်းပေးခဲ့သူ ကျွန်မ၏ စိတ်နှလုံးတွင် ကျေးဇူးရှင်ဟု ယူဆထားသော ကျေးဇူးရှင် အစ်ကိုအား မည်သည့်နေရာတွင် ရှိနေမည် မသိသော်လည်း စိတ်မှာ ညွှတ်၍ ရှိခိုးကန်တော့ပါ၏။

ထို့နောက်တွင် ကျွန်မအား များစွာသော အသိဥာဏ်ပညာတို့ကို ရစေခဲ့သော ကျေးဇူးရှင်အစ်ကိုကြီး တစ်ဦး ကျန်ပါသေးတယ်။ ထိုသူကတော့ ကိုဝင်းမြင့် (www.thitsartayar.com) ဖြစ်ပါတယ်။ ကျွန်မကို ဥပမာ ဥပမေယျ အမျိုးမျိုးနဲ့ အမြင်မရှင်းတဲ့ အရာတစ်ခုကို အမြင်ရှင်းသည့်အထိ စိတ်ရှည်ရှည်နဲ့ ဆုံးမပြောပြရှင်းပြ ခဲ့ပါတယ်။ အစ်ကိုကြီးဟာ စိတ်သဘောထားနူးညံ့ပြီး အငယ်တွေကို သွန်သင်ဆုံးမရာမှာ အချိန်ဘယ်လောက် ပေးရပါစေ မငြီးမငြူဘဲ ဆုံးမပေးတဲ့အတွက် ကျွန်မအပေါ်မှာ အင်မတန်မှ ကျေးဇူးများခဲ့ပါတယ်။ ဒီကျေးဇူးတို့ အတွက်လဲ အစ်ကို ဝင်းမြင့်ကို ရှိခိုးကန်တော့ပါ၏။

ထပ်မံ၍ ရှိခိုးကန်တော့လိုသည်မှာ www.thitsaralin.com ပိုင်ရှင် အန်တီ ဒေါက်တာသန်းသန်းစိန် ဖြစ်ပါတယ်။ အန်တီဟာ ပညာတွေ အများကြီး တတ်ထားပေမဲ့ မာန်မာနကင်းပြီး ပိုင်းလော့ဆရာတော်ကြီးရဲ့ တပည့်ပီပီ သစ္စာတရားများနဲ့ အလင်းရောင်ပေးနေသူတစ်ဦးဖြစ်ပါတယ်။ ကျွန်မကိုလဲ ကြီးစွာသော ဂရုဏာနဲ့ သွန်သင်ဆုံးမမှု ပြုပေးခဲ့ဖူးပါတယ်။ ဒါကြောင့် အန်တီသန်းသန်းစိန် ခေါ် အန်တီသစ္စာကိုလဲ ရှိခိုးကန်တော့ပါ၏။

ဓမ္မဆိုင်ရာ ကျေးဇူးရှင်များသည် ရေတွက်၍ပင် မကုန်နိုင်ပါ။ ထို့ကြောင့် အနီးစပ်ဆုံးသော ပုဂ္ဂိုလ်တို့အား အမည်တပ်၍ ရှိခိုးကန်တော့ပါမည်။ မေတ္တာတရားကြီးမားသော မမေဟန် www.livedhamma.com ၊ သေးငယ်သော ကိစ္စများမှအစ ဆုံးမသွန်သင်ပေးသော အစ်ကိုကြီးလဲဖြစ်သော အစ်ကိုအောင်ဦး www.dhammaratha.blogspot.com ၊ အစ်ကိုဖိုးသား(အဖြူရောင်မေတ္တာ)၊ ကိုမောင်ကောင်း အစရှိသူတို့အား ရှိခိုးကန်တော့ပါ၏။ ထိုမှတစ်ဖန် ကျွန်မ၏ ဘဝလက်တွဲဖော်လဲ ဖြစ်၊ ယခင် ကျွန်မတွင် အချိန်များ ရှိခိုက်တွင် ဓမ္မဆိုင်ရာ စာပေများ ရေးသားနိုင်ရန် hosting ၂ နှစ်စာ ဓမ္မဒါနပြုခဲ့ဖူးပါသော ယခင်ကျွန်မ၏ ချစ်သူ၊ ယခု ကျွန်မ၏ ခင်ပွန်း ကိုထက်အောင် အားလဲ ရှိခိုးကန်တော့ပါ၏။
သီတင်းကျွတ်ကာလသည် အသက်တစ်ရက်တစ်မနက်ကြီးသူများအား ကန်တော့ရမည် ဆိုသော်လည်း ကျွန်မထက် အသက်ပင် ငယ်သော်ငြား ကျွန်မထက် သီလ၊ သမာဓိ၊ ပညာနှင့် ပြည့်စုံကြသည့် အခြားသော လူပုဂ္ဂိုလ်များ ရှိခဲ့ပါမူ ထိုသူတို့အား စိတ်၌ ညွှတ်၍ ရှိခိုးကန်တော့ပါ၏။ သံသရာမှ လွတ်ရာလွတ်ကြောင်း တရားများကို အားထုတ်ကြကုန်သော ယောဂီသူတော်စင်တို့အားလဲ ရှိခိုးကန်တော့ပါ၏။ သံသရာ၌ တော်စပ်ခဲ့ကြဖူးကုန်သည့် ဘဝဟောင်းတို့မှ ဆွေမျိုး၊ လက်ရှိဘဝတို့မှ ဆွေမျိုးတို့နှင့်တကွ အသက်၊သီလ၊သမာဓိ၊ပညာ အရာတို့တွင် ကျွန်မထက် ကြီးရင့်ကြကုန်သူတို့အား ပြစ်မှားမိသမျှ အမှားများရှိခဲ့ပါမူ ဝန်ချတောင်းပန်ပါ၏။ ရှိခိုးကန်တော့ပါ၏။

မေတ္တာဖြင့်
ထိပ်ထား

Monday, August 20, 2012

ဘေးရန်ကင်းအောင်





အခုတလော ရေကြီးတဲ့ ပြဿနာဟာ မြန်မာနိုင်ငံ အောက်ပိုင်းကို တော်တော်အခက်အခဲ တွေ့စေနေပါတယ်။ ရေကြီးလို့ ထမင်းထုပ်တွေတောင် ဝေနေရတဲ့ အခြေအနေ ဖြစ်နေပါတယ်။ ဒီလို သဘာဝဘေးအန္တရာယ်ဆိုတာ ဘယ်လိုပဲ ကာကွယ်တားဆီးထားပါစေ... အတိုင်းအတာ တစ်ခုအထိပဲ ခံနိုင်ရည်ရှိတာပါ။ ငလျင်ဒဏ်ခံနိုင်တဲ့ အဆောက်အဦးတွေ ဘယ်လို ဆောက်ဆောက် တကယ်တန်း ခံနိုင်ရည်ရစ်ချက်စတာစကေးထက် ကျော်လွန်သွားပြီဆိုရင် အဲဒီ့အဆောက် အဦးလဲ သက်သာမှာ မဟုတ်ပါဘူးး နောက် ငလျင်လှုပ်မှ၊ ရေကြီးမှ၊ မုန်တိုင်းတိုက်မှ၊ ဆိုရင် အပျက်အစီး အဆုံးအရှုံး ဆိုတာ ဘယ်လိုပဲ ကာကွယ်ထားနိုင်ပါစေ အနည်းနဲ့အများ မုချမသွေ ရှိနေဦးမှာပါပဲ။ ကုသခြင်းထက် ကာကွယ်ခြင်းက ပိုထိရောက်တယ် ဆိုသလို သဘာဝဘေးအန္တရာယ်တွေ မကြုံရလေအောင် ကြိုတင်ကာကွယ်လို့ ရသလားဆို ရတယ်လို့ ရဲရဲကြီးပြောရဲပါတယ်။

သိပ္ပံပညာရပ်တွေနဲ့ ကာကွယ်တားဆီးလို့ အလုံးစုံမရသေးတာကို သိပ္ပံပညာထက် သာလွန်ထူးကဲတဲ့ တစ်ခုတည်းသော အရာကသာ ကာကွယ်တားဆီးပေးနိုင်ပါတယ်။ သိပ္ပံပညာရဲ့ တွေ့ရှိချက်တွေကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ကျော် ထဲက ရှာဖွေ တွေ့ရှိခဲ့တဲ့ ဗုဒ္ဓမြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့တဲ့ တရားတော်တွေသာ ဖြစ်ပါတယ်။ တရားတော်တွေက ကာကွယ်ပေးတယ်ဆိုရာမှာ တရားတော်တွေကို လက်တွေ့ကျကျ လိုက်နာကျင့်ကြံအားထုတ်မှသာ ကာကွယ်ပေးနိုင် မှာပါ။ ဗုဒ္ဓမြတ်ဘုရားရဲ့ တရားတော်တွေကို အနှစ်ချုပ်ရင်မကောင်းမှုရှောင် ကောင်းမှုဆောင် စိတ်ကို ဖြူအောင် ထား  ဒါလေးပါပဲ။ ဒါပေမဲ့ တကယ်တမ်း လက်တွေ့ကျင့်ကြံရမှာကတော့ အန္ဓပုထုဇဉ်တို့အဖို့ ခက်ခဲပါတယ်။ ပုံမှန်  ခြင်ကလေးပုရွက်ဆိတ်ကလေးတွေကို တဖြုတ်ဖြုတ်သတ်နေရာကနေ ပါဏာတိပါတကံဆိုတဲ့ ဘယ်လို အသက်ရှိတဲ့ သတ္တဝါကိုမှ မသတ်ဖြတ်ဖို့ အတွက် ထိန်းချုပ်ရတာဟာ ခက်ခဲနိုင်ပါတယ်။ ထို့အတူ ပုံမှန်အားဖြင့် မဟုတ်မမှန်တဲ့အရာတစ်ခုကို စချင်နောက်ချင်လို့ ပြောလေ့ရှိတတ်တဲ့ နေရာကနေ မုသာဝါဒဆိုတဲ့ ကံကို ထိန်းချုပ်ဖို့ရာကလဲ ခက်ခဲပါလိမ့်မယ်။ အဒိန္နဒါနာ၊ကာမေသု မိစ္ဆာစာရ၊ သူရာမေရိယ စတဲ့ ကံတွေဟာတော့  သိပ်ပြီး ထိန်းချုပ်ရ မခက်ခဲဘူးလို့ မြင်ပါတယ်။ အနှစ်ချုပ်ဟာတော့ ငါးပါးသော သီလတို့ကို ခါးဝတ်ပုဆိုးကဲ့သို့ လုံခြုံရမယ်။ သရဏဂုံ ဆောက်တည်ရမယ်။ ဗြဟ္မစိုရ်တရားလက်ကိုင်ထားရမယ်။ အတိုဆုံး စကားနဲ့ဆို ဒါန၊သီလ၊ဘာဝနာ သုံးခုကို ပြုပြီး  အကုသိုလ် ဖြစ်စေမယ့် အရာတိုင်းကို ရှောင်ကြဉ်ရမယ်။ ဒါတွေဟာ ဘုရားဟောတွေပါ။

ရှေးခေတ်တွေတုန်းကဆို နိုင်ငံတစ်နိုင်ငံသာယာဝပြောဖို့အတွက် ဘုရင်အပါအဝင် တိုင်းသူပြည်သားအားလုံးဟာ ရှစ်ပါးသော ဥပုသ်သီလကို တစ်လမှာ လေးကြိမ်း ဆောက်တည်ကြပါတယ်။ ဒီလို ဆောက်တည်တဲ့ နိုင်ငံတိုင်းဟာ မိုးလေဝသ မှန်ကန်ပြီး သာယာ ဝပြောသတဲ့။ ဒါဟာ တရားရဲ့ တန်ခိုး၊ တရားရဲ့ တန်ခိုးဆိုတာ လူတွေ ကျင့်ကြံမှသာ အစွမ်းပြနိုင်တာပါ။ လူတွေ မကျင့်ကြံနေသမျှ ကာလပတ်လုံးဟာ တရားတော်ဟာ အစွမ်းသတ္တိပြပြီး ကယ်တင်မှာတော့ မဟုတ်ပါဘူး။ လောဘ၊ဒေါသ၊မောဟအားတွေကြီးလို့ ကပ်ကြီးတွေ အမျိုးမျိုးကို ကြုံတွေ့နေကြရ၊ ကြုံတွေ့ကြရမယ့် ကျွန်မတို့ ကမ္ဘာသူကမ္ဘာသား အားလုံးအတွက် အားကိုးစရာဟာ လောဘ၊ ဒေါသ၊ မောဟတွေကို အတတ်နိုင်ဆုံး ပယ်သတ်ခြင်းပါပဲ။ သူတို့ ၃ ဦးကို သတ်နိုင်မှသာ ရာသီဥတုဖောက်ပြန်ခြင်း သဘာဝဘေးအန္တရာယ်တွေကို ကာကွယ်တားဆီးနိုင်မှာပါ။ အခြားနိုင်ငံတွေမှာ ဒီကာကွယ်ရေးလက်နက်ကြီးကို မသိရှိကြလို့ ပြင်းစွာသော ဒဏ်တွေကို ခံရပေမဲ့ ကျွန်မတို့နိုင်ငံဟာ သာသနာတော် ထွန်းကားရာ မြေ၊ အတိကျဆုံး ပြောရရင် ထေရဝါဒ ဗုဒ္ဓသာသနာတော် ထွန်းကားပြန့်ပွားရာမြေ၊ ရွှေရောင်ဝင်းတဲ့စေတီပုထိုးတွေ လက်ညှိုးညွှန်မလွဲတဲ့ မြေ၊ အရိယာ သံဃာတော်တွေ မကြာခဏ ပွင့်ပေါ်ထွန်းတဲ့မြေ၊ ဒီမြေမှာ နေထိုင်ကြတဲ့ ကျွန်မတို့တွေဟာ ကျွန်မတို့ နိုင်ငံ အပါအဝင် ကမ္ဘာကြီး ဘေးအန္တရာယ်ကင်းအောင် မေတ္တာပွားများခြင်း၊ သီလဆောက်တည်ခြင်း၊ ပရိတ်တော်တွေ ရွတ်ဖတ်ပွားများခြင်း စတဲ့ ကုသိုလ်အလုပ်တွေနဲ့ အဲဒီ့ သဘာဝဘေးအန္တရာယ်တွေကို ကာကွယ်သင့်ပါပြီ။ ဒီလိုသာ တကယ် လုပ်ကြမယ်ဆိုရင် ကျွန်မတို့လူသားတွေ ခံစားနေရတဲ့ သဘာဝဘေးအန္တရာယ်ကြီးကို ကိုယ့်အတွက်သာမက အများအတွက် ကာကွယ်ပြီးသား ဖြစ်သွားမှာ အမှန်ပါပဲ။

အားလုံး ဘေးအန္တရာယ် ကင်း၍ စိတ်ရောကိုယ်ပါ ကျန်းမာချမ်းသာကာ ငြိမ်းအေးကြပါစေသား။

မေတ္တာဖြင့်
ထိပ်ထား

Friday, July 20, 2012

ဖြေဆည်၍ လွမ်းပါမည်

အလွမ်းတွေ စာစီ
တွေးရင်းနဲ့ ဆွေးမိပါသေးရဲ့
နို့ချို မတိုက်ခဲ့ရပေမဲ့
အချစ်မလျော့ပါဘူး သား..။

အသံကုန်ဟစ်အော်
ရုန်းကန်ငိုယိုနေတဲ့သား
၅ မိနစ်လောက်သာ မြင်ခဲ့ရပေမဲ့
အမေ့ရင်မှာ အေးမြခဲ့ပါရဲ့။

ခဏတာမြင်အပြီး
အပြီးတိုင် ခွဲခွာရမယ်ဆိုတဲ့အတွေး
လားလားမှ မသိမထင်ခဲ့ပေမဲ့
ကြုံလာသမျှကို အမေ
ကြံ့ကြံ့တော့ ခံခဲ့တယ်။

အများက ဖုံးကွယ်ခဲ့ပေမဲ့
သားနဲ့အမိပေမို့
မပြောပေမဲ့ ခံစားသိခဲ့တယ်။

ပုထုဇဉ်မို့ ဝမ်းနည်းတတ်တယ်
ဒါပေမဲ့ ဗုဒ္ဓတပည့်ဖြစ်တာမို့
သားသတင်းကို အတည်ပြုဖို့
တရားအသိနဲ့ မေမေ
အရင် တည်ဆောက်ခဲ့တယ်။

သားရေ…..
တကယ်တော့ သေခြင်းတရားဆိုတာ
သားနဲ့ အမိ၊ သားနဲ့ အဖ
မကယ်နိုင်တာ သားအသိပါ။
သားရဲ့ နောက်ဆုံးအချိန်လေးမှာ
ဘေးနားက သားဖေဖေ
ဘာများတတ်နိုင်ခဲ့သလဲ…
သားကိုချစ်ပါတယ်ဆိုတဲ့ မေမေ
ဘာများ စွမ်းနိုင်ခဲ့သလဲ။
တကယ်တော့……
သေခြင်းတရားဆိုတာ
ဘယ်သူ့ဘယ်သူကမှ မကယ်နိုင်
မိမိကိုယ်ကိုသာ ထောက်ရာတည်ရာ
ကြိုးပမ်းအားထုတ်ရမှာပါ……။

သားရေ…
သားကို မေမေ သိပ်လွမ်းတယ်
ဒါပေမဲ့…. သတိ-အသိ ကပ်လျက်ပါ
ရောက်ရာဘဝက ကျေနပ်နိုင်ပါစေ။

ဆုံးပါးသွားသော သားလေး ညီစေလှိုင်းထက် အတွက် သတိတရ.....

ထိပ်ထား