စိတ်ရော ကိုယ်ပါ ကျန်းမာချမ်းသာ၍ ဘေးဘယာကင်းကွာ မေတ္တာတရားဖြင့် အေးချမ်းစွာ နေနိုင်ကြပါစေ....



Friday, May 28, 2010

ကိုယ်စီခပ်နှိပ်ကြပါစို့---------

အားလုံးပဲ မင်္ဂလာပါ... စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေ.......

ကြားထဲမှာ ကျမ ပို့စ်တင်နိုင်ဖို့ အချိန်လုံးဝ မရဖြစ်နေတာကြောင့်ရော၊ ကျန်းမာရေးချို့တဲ့မှု အချို့ကြောင့်ရော နောက်ဆက်သင်ခဲ့တဲ့ (၅)ရက်စာကို မရေးနိုင် မတင်နိုင်ခဲ့ပါဘူး...

အခုလည်းပဲ အချိန်များများရလားဆိုတော့ကာ မရသေးပါဘူးရှင်... ဓမ္မမိတ်ဆွေ၊ ဓမ္မမောင်နှမတွေကို ပို့စ်တင် မယ်ပြောပြီးခါမှ အကြောင်းကြောင်းတွေကြောင့် မတင်နိုင်တဲ့အတွက် ကတိပျက်သလိုခံစားလာရလို့ပါ။ အားလုံး ပဲ သည်းခံခွင့်လွှတ်ပေးကြပါရှင်.. လာမယ့် တနင်္လာနေ့ကစပြီး သေချာစွာ ပို့စ်တင်ပေးပါ့မယ်.... ဒီမှာတော့ ကျမ သင်ပေးခဲ့တဲ့ ၈ရက်တာ ကာလအပြီး ကလေးတွေရဲ့ ပြောင်းလဲမှုလေးတွေကို ပြောပြချင်ပါတယ်။

(၄) ရက်မြောက်နေ့မှာ သီလနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို အကျယ်တ၀င့်ပြောပြခဲ့ပါတယ်။ ကိုယ်တွေ့ အကြောင်းအရာတွေကို ပြောပြခဲ့ပါတယ်။ ကျမဟိုး ကလေးဘ၀တုန်းက သီလမလုံခြုံခဲ့မှုတွေနဲ့ နောက်ဆက်တွဲ ခံစားခဲ့ရတဲ့ ရောဂါဝေဒနာတွေ၊ သီလကို အတတ်နိုင်ဆုံး လုံခြုံအောင် ကြိုးပမ်းခဲ့ချိန်က စပြီး အခန့်မသင့်မှသာ ပေါ်ပေါက်လာတော့တာတွေကို ပြောပြ၊ သီလမလုံလို့ ကြောက်စရာကောင်းတာတွေကို ပြောပြခဲ့ပါတယ်။ အဲဒီ့နေ့မှာပဲ ကလေးတွေက သူတို့ အတတ်နိုင်ဆုံး စောင့်ထိန်းပါ့မယ်ဆိုတဲ့ ကတိကို အတင်းမတိုက်တွန်းရပါဘဲ ပေးခဲ့ကြပါတယ်။ နောက်ရက်တွေမှာ သူတို့ရဲ့ ကျောင်းအုပ်ဆရာမကြီးက ကလေးတွေ သီလချိုးဖောက်ရမှာ ကြောက်ရွံ့လာကြောင်း ပြန်ပြောပြလို့ ပီတိဖြစ်ခဲ့ရပါတယ်။

နောက်တခုက မနက်တိုင်း မှန်မှန် တရားထိုင်တာလေးကို ကလေးတွေ နှစ်ခြိုက်လာတာပါပဲ။ ကျမနဲ့ စာသင်ချိန် မှာတင် မဟုတ်ဘဲ သူတို့ရဲ့ဆန္ဒနဲ့ ညဘက် ဘုရားရှိခိုးပြီးချိန်တွေမှာပါ တရားထိုင်လာကြပါတယ်။ နာရီဝက်လို့ သတ်မှတ်ထားကြပေမဲ့ အချို့ကတော့ မနိုင်လို့ ၁၀ မိနစ် ၁၅ မိနစ် ထိုင်ကြပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီးလည်း ကြာကြာထိုင်နိုင်မှ တရားမဟုတ်ကြောင်းကို ကျမ ပြောပြခဲ့ပါတယ်။ တနာရီထိုင်နေပေမဲ့လည်း အဲဒါဟာ တရား မှတ်နေတာချည်းပဲ နေနိုင်ခြင်းမျိုးမဟုတ်ကြောင်းကိုလည်း ပြောပြခဲ့ပါတယ်။


နောင်ရက်များမှာတော့ မနက်ပိုင်းမဟုတ်တော့ဘဲ ညနေပိုင်း ၃နာရီခွဲကနေ ၄နာရီခွဲကို ပြောင်းလဲ သင်မှာပါ။ (ကျောင်းတွေပြန်ဖွင့်ပြီလေ)။

အားလုံးပဲ လိုအပ်တာများကို ဖြည့်စွက်ပြီး မှားယွင်းသည်များကို ပြုပြင်ပေးကြပါရှင်........

မေတ္တာဖြင့်
ထိပ်ထား

Sunday, May 16, 2010

ကိုယ်စီခပ်နှိပ်ကြပါစို့............ (၃)

သောကြာနေ့ (၁၄-၀၅-၂၀၁၀) မှာ သင်ကြားခဲ့သည်များကို ရေးသားမှာ ဖြစ်ပါတယ်ရှင်.. ဒီနေ့မှာတော့ ပထမ စီစဉ်ထားတာတွေက များတယ်.. ဒါပေမဲ့ ကလေးတွေက မေးခွန်းတွေ အများကြီးပြန်မေးတော့ အချိန်က မလောက်မငဖြစ်သွားပါတယ်… ပထမဆုံး ကျမ ကလေးတွေကို သင်ပေးမယ်ဆိုပြီး စဉ်းစားဆုံးဖြတ်လိုက်တဲ့ အကြောင်းအရာလေးတွေကို ဖော်ပြပေးချင်ပါတယ်။

ဒါနခန်း၊သီလခန်း၊ဘာဝနာခန်း၊ ဗုဒ္ဓ၀င်၊ ခုနှစ်နေ့ဘုရားရှိခိုး၊ သရဏဂုံဆောက်တည်ခြင်းနှင့် အကျိုး၊ ကုသိုလ်၊ အကုသိုလ်၊ အပယ်လေးဘုံ၊ မင်္ဂလာတရား၊ ဂုဏ်တော်နှင့် ကျေးဇူး၊ ခင်ပွန်းကြီး (၁၀)ပါး၊ ၂၄ ပစ္စည်း၊ သမ္ဗုဒ္ဓေ၊ ဦးချ ကန်တော့နည်း၊ အဘိဓမ္မာအကျဉ်းချူပ်( အချိန်ရလျှင်)

၁၄ - ၀၅ - ၂၀၁၀ မှာတော့

ဒါနခန်းတွင် - ဒါနပြုရာတွင် လောဘနှင့် မစ္ဆရိယကို ပယ်ဖြတ်ခြင်းဖြစ်ကြောင်း၊ လောဘသည် မည်သည့်အခါ မှ ရောင့်ရဲမှုမရှိဘဲ လိုချင်တပ်မက်မှုကို ခေါ်ပြီး မလှူနိုင်မတန်းနိုင်အောင် နှမြောတွန့်တိုကပ်စေးနဲခြင်းကို မစ္ဆရိယ လို့ခေါ်ကြောင်း ပြောပြခဲ့ပါသည်။ လောဘနဲ့ မစ္ဆရိယဟာ အပါယ်ကျစေပါတယ်။ အပါယ်မကျသေးတာမှ ယခု ဘ၀ နောက်ဘ၀များမှာ ဆင်းရဲနွမ်းပါးစေပါတယ်။ ထိုလောဘနှင့် မစ္ဆရိယတို့ကို အနိုင်ယူပြီး ပေးကမ်းလှူဒါန်း ခြင်းသည် အများအကျိုးကို သယ်ပိုးခြင်းဖြစ်၍ ကုသိုလ်ကောင်းမှုဖြစ်ပါတယ်။ ဒါနကောင်းမှုသည် မျက်မှောက်၊ တမလွန် ချမ်းသာပြီး နိဗ္ဗာန်ရောက်သည်အထိ ကောင်းကျိုးပြုပါတယ်။ ချမ်းသာသမျှသည် ဒါန၏ အကျိုးတရား ဖြစ်ပါသည်။ စတဲ့ အကြောင်းအရာပေါ်မှာ အခြေခံထားပြီး ကျမ ပြောပြခဲ့ပါတယ်။ ပြီးတဲ့နောက်မှာတော့ ဆွမ်းကပ်လှူကျိုး၊ ရေလှူကျိုး၊ ပန်းလှူကျိုး၊ မီးလှူကျိုး၊ တံမြက်လှည်းခြင်းအကျိုး တို့ကို လင်္ကာလေးတွေနဲ့ သင်ပြကျက်မှတ်စေခဲ့ပါတယ်။

ပြီးတဲ့နောက်မှာ ဗုဒ္ဓ၀င် အကြောင်းပြောပြခဲ့ပါတယ်။

ကလေးတွေရဲ့ မေးခွန်းတွေက တအားများလွန်းတဲ့အတွက် ကျမသေသေချာချာ မှတ်သား မထားပါဘူး။ ဘုရား ဆိုတာ တပါးတည်းလို့ ပြောကြတယ်ဆိုတဲ့ မေးခွန်းကို ကျမအနေနဲ့ ဖြေခဲ့တာကတော့ ပွင့်တော်မူပြီးတဲ့ ဘုရား ပေါင်းများစွာ ရှိကြောင်းကို ပြောပြခဲ့ပါတယ်။ ဒါပေမဲ့ လက်ရှိကျမတို့ဟာ ဂေါတမ မြတ်စွာဘုရားရှင် သာသနာ တော် တွင်းမှာ ဖြစ်ကြောင်းကို ပြောပြခဲ့ပါတယ်။ ပြီးတော့ ဒီမေးခွန်းနဲ့ ဆက်စပ်နေတာက တပါးတည်းဆိုတဲ့ အတွက် မြတ်စွာဘုရားရှင်ကို ဖန်ဆင်းရှင်ဘုရားအဖြစ် ထင်သွားမှာ စိုးတဲ့အတွက် ထိပါးတိုက်ခိုက်လိုတဲ့ သဘောမပါဘဲ အခြားဘာသာတို့ရဲ့ အန္တိမ ပန်းတိုင်နဲ့ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အန္တိမ ပန်းတိုင်ကို ခွဲခြားပြောပြခဲ့ ပါတယ်။ ဘုရားတိုင်းဟာလည်း လူသားအဖြစ်ကနေ ပါရမီမြောက်များစွာဖြည့်ပြီး ဇွဲလုံ့လ၀ီရိယတို့နဲ့ အားထုတ်ခဲ့ပြီး တကယ်ရှိနေတဲ့ တရားတွေကို ဆရာမရှိဘဲ တွေ့မြင်ခဲ့တယ်ဆိုတဲ့အကြောင်းကို ပြောပြခဲ့ပါတယ်။ ဒီမေးခွန်းအတွက် ဖြည့်စွက်အကြံပေးချင်တာများ ရှိမယ်ဆိုရင် ကွန်မန့်ထားခဲ့ပါရှင်။

နောက်ဆုံးအဆုံးသတ်အနေနဲ့ ဒါနအကျိုးပြ အဖြစ် အနုရုဒ္ဓ မင်းသားရဲ့ မရှိမုန့် ပုံပြင်ကို ပြောပြပြီး ယဉ်ကျေးလိမ္မာ သံပေါက် ကဗျာနဲ့ အဆုံးသတ်ခဲ့ပါတယ်။

မေတ္တာဖြင့်
ထိပ်ထား

Saturday, May 8, 2010

ကိုယ်စီခပ်နှိပ်ကြပါစို့......... (၂)

ဒီနေ့ဟာ ဒုတိယမြောက်နေ့ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ မနက် ၉နာရီကနေ စပြီး သင်ကြားဖြစ်ပါတယ်။ ပထမပိုင်း ကလေးတွေ သင်ရမယ့် ပန်းချီသင်တန်းမှာ ပန်းချီဆရာ မလာတဲ့အတွက် အခြေခံဗုဒ္ဓဘာသာ အသိတရားလေးတွေကို သင်ကြားဖို့အချိန်ပိုမိုလို့ ရရှိခဲ့ပါတယ်။ ဒီနေ့မှာလည်း စစချင်းမှာတော့ ၅မိနစ်တာ တရားထိုင်ဖြစ်ပါတယ်။ ကလေးတွေဟာ ပထမတရက်မှာပဲ ထိုင်ခဲ့ဖူးတဲ့အတွက် သိပ်အများကြီး ရှင်းပြနေ စရာမလိုပဲကို ထိုင်ကြပါတယ်။ ၅မိနစ်ပြီးတဲ့နောက်မှာ သရဏဂုံဆောက်တည်ခိုင်းလိုက်ပါတယ်။ သရဏဂုံ ဆောက်တည်ပြီးနောက်မှာတော့ ကျမက သရဏဂုံဆိုတာ ဘာလဲ၊ဘာကြောင့်ဆောက်တည်ကြရသလဲ ဆိုတာ ကို ရှင်းပြပြီး…. ဘုရားရဲ့ ကျေးဇူး၊ တရားရဲ့ ကျေးဇူး၊ သံဃာရဲ့ ကျေးဇူးတွေကို ပေါ်လွင်ထင်ရှား သိနားလည်လာအောင် ပြောပြပေးပါတယ်။ ၁၀ မိနစ် ၁၅ မိနစ်လောက် အချိန်ကြာသွားပေမဲ့ အဓိက အနှစ်ချူပ် ပြောရရင် ဗျာဒိတ်ခံချိန်မှာ မိမိဘာသာမိမိ သံသရာက လွတ်မြောက်နိုင်ပေမဲ့ ဝေနေယျတွေကို ငဲ့ပြီး လေးသချေ င်္နဲ့ ကမ္ဘာတသိန်း ပါရမီတွေ ဖြည့်ဆည်းခဲ့ပြီး(တနည်း ပေးဆပ်မှုတွေ အများကြီး လုပ်ခဲ့ပြီး) ဝေနေယျတွေကို ကယ်တင်ဖို့ ပွင့်ထွန်းတော်မူလာတဲ့အတွက် ဘုရားရှင်ရဲ့ ကျေးဇူးကြီးမားကြောင်း၊ လိုက်နာကျင့်ကြံရင် လိုက်နာ ကျင့်ကြံသလောက် ကောင်းကျိုးတွေရတဲ့အတွက် တရားတော်ရဲ့ ကျေးဇူး ကြီးမားကြောင်း၊ မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့တဲ့ တရားတော်မြတ်တွေကို ဒီနေ့ဒီအချိန်အထိ သိရှိနိုင်အောင် ထေရ်(ရဟန်းအဆက်ဆက်) အဆက်ဆက် ထိန်းသိမ်းလက်ဆင့်ကမ်းလာတဲ့ ကျေးဇူးကြီးမားကြောင်းတွေကို ပြောပြခဲ့ပါတယ်။

ပြီးတဲ့နောက်မှာတော့
မ၊ သိ၊ ကြ၊ လတ်၊ တွေး၊ ဆ၊ အပ် နေ့မြတ်ခုနှစ်ထွေ။
သန်၊ ဖွား၊ တော၊ ပွင့်၊ စပ်၊ စု၊ သင့် ရှင်ပင့်သာကီဆွေ။
ဆိုတဲ့ လင်္ကာလေးကို ၃ကြိမ်ရွတ်ဖတ်စေပြီး တခုချင်းစီကို နေ့နဲ့တကွ ရှင်းလင်းရေးသားပေးခဲ့ပါတယ်။ ရှင်းလင်းပြီး ကလေးတွေကို တရက်တည်းမှာပဲ ခေါင်းထဲစွဲမြဲမှတ်မိသွားစေရန် ရွတ်ဖတ်စေခဲ့ပါတယ်။ ပြီးတဲ့ နောက်မှာတော့ ခုနှစ်နေ့ ဘုရားရှိခိုးထဲက ပထမအပိုဒ်ဖြစ်တဲ့ (မ-သန်) သန္ဓေယူသောနေ့ အပိုဒ်ကို ရွတ်ဖတ် စေပြီး အလွတ်ကျက်စေခဲ့ပါတယ်။

ဘုရားရှင့်ပွင်ပေါ်သည့် အကျိုးကျေးဇူး
၁) ဘုရားရှင်တော် မပွင့်ပေါ်လျှင်
လူတော်အများ စိတ်ကောင်းထားလည်း
ဤကားကုသိုလ် အကုသိုလ်နှင့်
ထိုထိုဘုံဘ၀၊ မသိကြ၊ များလှအပြစ်တွေ။
၂) ဘုရားရှင်တော် ပွင့်ထွန်းပေါ်၍
ဟောဖော်ညွှန်ကြား မြတ်တရားကြောင့်
ဤကားကုသိုလ်၊ အကုသိုလ်နှင့်
ထိုထိုဘုံဘ၀ သိကြရ၊ များလှ ကျေးဇူးတွေ။
(မဟာဂန္ဓာရုံ ဆရာတော် အရှင်ဇနကာ ဘိဝံသ)

ပြီးတဲ့နောက်မှာတော့ ဒါန၊ သီလ၊ ဘာဝနာ အကြောင်းလေးကို ပြန်သွားပြီး.. ကွန်မန့်မှာ မထက် ပေးခဲ့တဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ရေးသားကူးယူ မှတ်သားစေခဲ့ပါတယ်။

ဒါနဆိုတာ - ကိုယ်ကျိုးစွန့်ပြီး အများအကျိုးအတွက် လိုအပ်သောနေရာများမှာ စေတနာထက်သန်စွာဖြင့် လုပ်အားဒါန၊ ငွေအားဒါန၊ ပစ္စည်းဒါန၊ ဝန်ဆောင်မှုဒါနများ ပေးလှူခြင်းကို ခေါ်တာပါ။

သီလဆိုတာ - ကောင်းမွန်သော သူတပါးမထိခိုက်စေသော မနောကံ စိတ်စေတနာကို အခြေခံပြီး ကာယကံနှင့်ဝစီကံကို ထိန်းသိမ်းစောင့်ရှောက်ခြင်းကို ခေါ်တာပါ။

ဘာဝနာဆိုတာ - စိတ်၏ တည်ကြည်ခြင်းနှင့် သန့်စင်ခြင်းကို အမြဲတမ်းပြုလုပ်ခြင်းနှင့် မြတ်ဘုရား၏ အဆုံးအမကို တသွေမတိမ်းလိုက်နာဆောင်ရွက်ခြင်းကို ခေါ်တာပါ။

ပြီးတဲ့နောက်မှာတော့ ဒီနေ့အတွက် ၃၈ဖြာမင်္ဂလာတရားတော်လာ မင်္ဂလာတပါးဖြစ်တဲ့
ပဏ္ဍိတာ နဉ္ဇ သေ၀နာ၊
ဧတံ မင်္ဂလ မုတ္တမံ။
ပညာရှိကို ဆည်းကပ်ခြင်းသည် မြတ်သော မင်္ဂလာမည်၏။ အကြောင်းကို ပြောပြခဲ့ပါတယ်။

ခေါင်းဆောင်နှစ်ဦး
လက်သမား တစ်ထောင်နေတဲ့ လက်သမားတို့ရွာကြီး တစ်ရွာရှိခဲ့တယ်။ အဲဒီ့ရွာမှာ ရှိတဲ့ လူတွေဟာ နေလာ ရင်းနဲ့ ကြွေးတွေများပြီး ဆင်းရဲမွဲတေကုန်ကြလို့ တနေ့မှာတော့ ပင်လယ်သမုဒ္ဒရာထဲ ရွက်လွှင့်ပြီး နေရာသစ် ရှာမယ်ဆိုပြီး လုပ်ကြတာပေါ့။ သူတို့ရဲ့ မိသားစုတွေကိုပါ ခေါ်တင်နိုင်တဲ့ လှေကြီးကို ဆောက်ပြီး ရွက်လွှင့်ရင်း နဲ့ သာယာလှတဲ့ ကျွန်းတကျွန်းကိုတွေ့တယ်။ ကျွန်းကို သူတို့ရောက်တဲ့အခါမှာ ကျွန်းပေါ်မှာ နေထိုင်နေတဲ့ လူသားတဦးရှိတယ်။ အဲဒီ့လူသားက ပြောတယ်။ မိတ်ဆွေတို့.. ကျွန်းပေါ်မှာ နေလို့တော့ ရတယ်။ ကျွန်းကြီး ဟာ သိပ်သာယာပြီး သစ်သီးဝလံတွေနဲ့ ပေါပါတယ်.. ဒါပေမဲ့ သင်တို့ ကျွန်းပေါ်မှာ ကျင်ကြီးကျင်ငယ်သွားတဲ့ အခါမှာ ပြီးသွားရင် သဲနဲ့ပဲဖြစ်ဖြစ် ဖုံးခဲ့ပါ။ ကျွန်းပေါ်မှာရှိတဲ့ တန်ခိုးကြီးတဲ့ နတ်တွေက မကြိုက်တဲ့အတွက် သတိထားနေဖို့ပြောတယ်။

အဲဒီ့မှာ အဖွဲ့နှစ်ဖွဲ့ရှိပါတယ်။ တဖွဲ့ဆီမှာ ၅ရာစီ ရှိပြီး ခေါင်းဆောင်တယောက်စီရှိကြတယ်။ လက်သမားတွေ ဟာ ကြံကို သေရည်အဖြစ်လုပ်ပြီး သောက်ကြတယ်။ မူးရူးပျော်ပါးပြီး ကျင်ကြီးကျင်ငယ်ကို ဒီတိုင်းစွန့်ကြတယ်။ အဲဒီ့အခါမှာ နတ်တွေက စိတ်ဆိုးပြီး နောက် ၁၅ရက်နေရင် ကျွန်းကို ပင်လယ်ရေတတ်စေပြီး ဆေးပစ်ဖို့ လုပ်ကြတယ်။ စိတ်သဘောထားကောင်းတဲ့ နတ်သားတပါးက လက်သမားတွေကို လာသတိပေးပါတယ်။ နောက်ထပ် စိတ်ထားမကောင်းတဲ့ နတ်သားကလည်း ထပ်လာပြီး ပထမနတ်သားက မိတ်ဆွေတို့ကို ဒီကျွန်းမှာ မနေစေချင်လို့ စိတ်ယုတ်မာနဲ့ပြောကြောင်း၊ မိတ်ဆွေတို့ ကျွန်းပေါ်မှာ ပျော်ပျော်ပါးပါး ဆက်နေနိုင်ကြောင်း လာပြောတဲ့အခါ ခေါင်းဆောင်တဦးကတော့ သူ့နောက်လိုက်တွေကို သဘောင်္တစီး ဆောက်လုပ်ထားဖို့ ပြောပေမဲ့ အခြားခေါင်းဆောင်ကတော့ မလိုပါဘူး…ဆိုပြီး နေသတဲ့။ တကယ်တမ်း ၁၅ ရက်ပြည့်လို့ ရေကြီး လာတဲ့အခါ သဘောင်္ပြင်ဆင်ထားတဲ့ ခေါင်းဆောင်က သူ့နောက်လိုက်တွေကို သဘောင်္ပေါ်တတ်စေပြီး အခြားအဖွဲ့ကိုပါ ခေါ်ပေမဲ့လည်း အခြားအဖွဲ့ဟာ ရေဟာ ကျွန်းဆေးဖို့လောက်ပဲ တတ်မှာပါဆိုပြီး ပေနေရာက ရေဟာ ဒူးခေါင်းကနေ ပေါင်၊ ပေါင်ကနေ ခါး၊ ခါးကလည်း ရင်ဆို့၊ ရင်ဆို့ကနေ လည်ပင်း၊ လည်ပင်းကနေ ခေါင်းအထိပါ မြုပ်သွားပါတော့တယ်။ ခေါင်းဆောင်ကောင်းရဲ့ စကားကို နာခံတဲ့ နောက်လိုက်တွေဟာ အသက်ဘေးက ချမ်းသာရာရပြီး ခေါင်းဆောင်ဆိုးရဲ့ စကားကို နာခံတဲ့နောက်လိုက်တွေဟာတော့ အသက်သေဆုံးရပါတယ်။

ပြီးတဲ့နောက်မှာ ကလေးများကို သူတို့၏ ထင်မြင်ချက်ကလေးများကို ပြောဆိုဆွေးနွေးစေပြီး ဆုံးမစာ သံပေါက်ကဗျာများကို ရွတ်ဆိုစေကာ ဒုတိယမြောက်နေ့ကို အဆုံးသတ်ခဲ့ပါတယ်ရှင်။

(လိုအပ်သည်များဖြည့်စွက်ခြင်း၊ အကြံပြုခြင်း၊ ပြုပြင်ပေးခြင်းများ ပြုကြပါရန် ဓမ္မမိတ်ဆွေ၊ မောင်နှမ များအား မေတ္တာရပ်ခံပါတယ်ရှင်။)

မေတ္တာဖြင့်
ထိပ်ထား

Wednesday, May 5, 2010

မြတ်ဗုဒ္ဓ (၂)

ပျော်ရွှင်ချမ်းမြေ့ဖွယ်ကောင်းသော နံနက်ခင်း တစ်ခု၌ မဟာဗောဓိပင်ရင်း ရွှေပလ္လင်ထက်ဝယ် နက်နက်နဲနဲ စူးစိုက်ကာ တရားအားထုတ်နေသော သိဒ္ဓတ္ထရဟန်းသည် မည်သည့်သဘာဝလွန် စွမ်းအား၏ အထောက် အကူနှင့် လမ်းညွှန်မှုကိုမျှ မခံယူဘဲ မိမိ၏ လုံလ၊ ဝီရိယနှင့် ဥာဏ်ပညာတို့ကို အားကိုးလျက် သူ၏ စိတ်အစဉ်မှ လောဘ၊ ဒေါသ၊ မောဟ - ကိလေသာအညစ်အကြေးများကို အမြစ်ပြတ် သုတ်သင် ဖယ်ရှင်း၍ မိမိ၏ စိတ်ကို သန့်ရှင်းဖြူစင်စေပြီးသော် သဘာဝတရားအားလုံးကို အရှိအရှိတိုင်း ဟုတ်တိုင်းမှန်စွာ ထိုးထွင်းသိမြင်လာ၏။ သူသည် အရဟတ္တမဂ်ဥာဏ် ဖိုလ်ဥာဏ်နှင့် သဗ္ဗေညုတဥာဏ်တော်တို့ကို ရရှိကာ အသက်၃၅နှစ် အရွယ်၌ သဗ္ဗေညုဘုရား အဖြစ်သို့ ရောက်တော်မူ၏။ သူသည် ဗုဒ္ဓဘုရား တစ်ဆူအဖြစ် မွေးဖွားလာသည်မဟုတ်၊ သူ၏ ကိုယ်ပိုင် ကြိုးပမ်းအားထုတ်မှုကြောင့် ဘုရားဖြစ်လာခြင်း ဖြစ်ပေ၏။

သူဟောကြားတော်မူသော ဂုဏ်အရည်အသွေးများ အားလုံးပေါင်းစုဖွဲ့စည်းထားတော်မူသော မြတ်စွာဘုရား သည် နက်ရှိုင်းသည့် ဥာဏ်ပညာနှင့် ပြည့်စုံ၍ အကန့်အသတ်မရှိသော အကြင်နာတရား၏ တွန်းအားပေးချက် နှင့် အညီ သူ၏အဖိုးတန်သော ဘဝ၏ ကျန်ရှိသောအချိန်အားလုံးကို လူသားအားလုံး၏ အကျိုးသယ်ပိုးရန် မြှုပ်နှံတော် မူခဲ့၏။ မည်သို့သော အကျိုးစီးပွားအတွက် စေ့ဆော်ချက်မျှ မပါဘဲ ကိုယ်ပိုင်စံနမူနာဖြင့် လည်းကောင်း၊ လက်တွေ့ကျသော သဘောတရားများဖြင့်လည်းကောင်း၊ ဟောပြောသွန်သင် ဆုံးမပေးတော် မူသည်။

မြတ်စွာဘုရားအဖြစ် ၄၅ နှစ်တိုင်အောင် အလွန်အောင်မြင်ကျော်ကြားစွာ ဟောပြောသင်ကြားပြီးသည့်နောက် မြတ်ဗုဒ္ဓသည် လူတကာတို့ ရှောင်ကြဉ်သွေဖီ၍ မရသော အနိစ္စသဘောအရ သက်တော် ၈၀ ပြည့်နှစ်တွင် ပရိနိဗ္ဗာန်စံလွန်တော်မူသည်။ သူမရှိသည့်နောက်တွင် သူ၏တရားတော်များကို ဆရာသမားအဖြစ် မှတ်ယူ လိုက်နာကြရန် မြတ်စွာဘုရားသည် သူ၏ တပည့်များအား အလေးအနက် တိုက်တွန်းမှာကြားတော်မူခဲ့၏။

မြတ်ဗုဒ္ဓသည် လူသားတစ်ဦး ဖြစ်သည်နှင့်အညီ လူသားတစ်ဦးအဖြစ်မွေးဖွား၍ လူသားတစ်ဦးအဖြစ် နေထိုင်ပြီး လျှင် လူသားတစ်ဦး အဖြစ်ဖြင့်ပင် သူ့ဘဝကို အဆုံးသတ်တော်မူခဲ့၏။ လူသားတစ်ဦးဖြစ်ပါသော်လည်း သူသည် အလွန်ထူးခြားကြီးကျယ်သော မဟာလူသား (အစ္ဆရိယ မနုဿ) ဖြစ်တော်မူ၏။ သို့သော် သူ့ကိုယ်သူ နတ်ဘုရား တစ်ဆူဖြစ်သည်ဟု မည်သည့်အခါမျှ မိန့်ဆိုတော် မမူခဲ့ပါ။ ဗုဒ္ဓမြတ်စွာသည် ဤအချက်ကို အလေးအနက်ထား၍ ' သူသည် မည်သည့်အခါမျှ မသေနိုင်သော နတ်ဘုရား တစ်ဆူ ဖြစ်သည် ' ဟူသည့် အယူအဆအမှားကို မည်သူမျှ မယူမိအောင် ရှင်းရှင်းလင်းလင်း မိန့်ဆိုတော်မူခဲ့၏။ ကံအားလျှော်စွာပင် မြတ်စွာဘုရား၏ အရေးကိစ္စ၌ သူ့အား နတ်ဘုရား အဖြစ် တင်မြှောက်ကိုးကွယ်ခြင်း မရှိခဲ့ပါ။ သို့စေကာမူ မြတ်စွာဘုရားကဲ့သို့ " နတ်ဘုရား အငွေ့အသက် ကင်းစင်ပြီး နတ်ဘုရားကဲ့သို့ တူညီတော်မူသော ဆရာသမားဟူသည် ဤလောကတွင် မရှိပါ " ဟုကောက်ချက် ချရမည် ဖြစ်သည်။

မေတ္တာဖြင့်
ထိပ်ထား
(ခေတ်အမြင်နှင့် ဗုဒ္ဓဘာသာအကျဉ်း စာအုပ်မှ)

ကိုယ်စီခပ်နှိပ်ကြပါစို့..... (၁)

လွန်ခဲ့တဲ့ ၈လလောက်က စပြီး ကျမ အလုပ်ချင်ဆုံး အရာတခုကို ပြပါဆိုပြီး နှလုံးသားမှာ ဘုရားတည်ဖို့ပါပဲ... သို့ပေမဲ့ ကျမကိုယ် ကျမတောင် အနိုင်နိုင်နဲ့ အသိစိတ်ကို ဖြည့်ရင်း သတိကို မနည်းကပ်ထားရသူလေ။ ဒီလိုနဲ့ ကျမရဲ့ နှလုံးသားမှာ ဘုရားတည်နိုင်ဖို့ အသိတရားလေးတွေ စုဆောင်းရင်းနဲ့ လွန်ခဲ့တဲ့ ၁လလောက်ပဲ ကျမမှာ အခွင့်အရေးတခုရခဲ့တယ်။ ကလေးငယ်လေးတွေအတွက် အခြေခံဗုဒ္ဓဘာသာ စာအုပ်ငယ်လေး တအုပ် ထုတ်ဝေဖို့ပါပဲ။ ပန်းကမ္ဘာဆရာတော် ဦးသုနန္ဒာ လင်္ကာရ ရဲ့ အားပေးကူညီပေးမှု၊ ကိုဝင်းမြင့် အစ ရှိတဲ့ ဓမ္မမောင်နှမတွေရဲ့ ကူညီပေးမှုတွေကြောင့် စာအုပ်ငယ်လေးကို ထုတ်နိုင်ခဲ့ပါတယ်။ စာအုပ်တွေ ထုတ်ပြီး ရုံးရဲ့ အကူအညီနဲ့ ကျောင်းနှစ်ကျောင်းကို စာအုပ်တွေ သွားဝေပေးခဲ့တယ်။ လက်ရှိကျမ တနိုင်တပိုင်အနေနဲ့ အုပ်ရေ ၂၄၀ ကို ထုတ်ခဲ့ပါတယ်။ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းကို အုပ်ရေ ၁၃၀ လှူခဲ့ပြီး နောက်ထပ် ကျောင်းတကျောင်းကိုတော့ အုပ်ရေ ၇၀ လှူခဲ့ပါတယ်။ ကျန်တဲ့စာအုပ်လေးတွေကိုတော့ တဦးချင်းစီ လိုချင် သူတွေရှိနေတာကြောင့် ထိန်းသိမ်းထားဆဲပါ။ သွားရောက်လှူခဲ့တဲ့ ကျောင်းနှစ်ကျောင်းအနက် တကျောင်းက ကျမကို အကူအညီ တောင်းပါတယ်။ ကျောင်းသားတွေကို အခြေခံဗုဒ္ဓဘာသာ အကြောင်းလေးတွေ လာရောက် ပြောပြ သင်ကြားပေးဖို့ပါပဲ။ ကျမရဲ့ ရုံးဟာ နံနက် (၈)နာရီတတ်ပြီး (၅) နာရီမှ ဆင်းတာပါ။ တနင်္လာကနေ သောကြာ ရက်အပြည့်မို့လို့ ကျမမှာ ဘယ်အချိန်ကို ပေးရမလဲ မသိပေမဲ့ ဖြစ်အောင်လုပ်ရင်ဖြစ်လာမှာပါဆိုပြီး ကျမ လာသင်ပေးမယ်လို့ ကတိပေးခဲ့လိုက်ပါတယ်။ နောက်ဆုံး ကျမရဲ့ Director နဲ့ ညှိနှိုင်းအပြိးမှာတော့ တနေ့ တနာရီနဲ့ တပတ်ကို သုံးရက် သင်ပေးဖို့ ကျမ အခွင့်ရခဲ့ပါတယ်။ ဒီနေ့မှာပဲ ကျမ ပထမဦးဆုံးအနေနဲ့ အဲဒီ့ကျောင်းမှာ သွားရောက်သင်ကြားခဲ့ပါတယ်ရှင်။ ကျမ သွားရောက်သင်တဲ့နေ့တွေမှာ သင်ကြားပြောပြခဲ့ တာတွေကို ပို့စ် ပြန်တင်ပါ့မယ်။ ကျမဟာ အခုမှ မူကြိုအဆင့်မို့ ကလေးတွေကို ပြောပြတဲ့အခါမှာ လိုအပ်မှု ရှိနိုင်ကြောင့် ပြင်ဆင်သင့်တာတွေကို ၀ိုင်းဝန်းအကြံပေးကြဖို့ ကျမရဲ့ ဓမ္မမိတ်ဆွေများ အားလုံးကို မေတ္တာ ရပ်ခံပါတယ်ရှင်။

ဦးစွာပထမ ဗုဒ္ဓဘာသာဆိုတာ ဘာလဲ၊ ဗုဒ္ဓဘာသာရဲ့ အခြေခံဟာ ဘာတွေလဲ၊ မင်္ဂလာတရားဆိုတာ ဘာကို ခေါ်တာလဲဆိုတဲ့ မေးခွန်းလေးတွေကို မေးပါတယ်။ ရိုးသားစွာပဲ ကလေးတွေဟာ သူတို့သိသလောက်လေးတွေ ကိုပြောပြပြီး မသိတာကိုလည်း မသိတဲ့အကြောင်း ပြောကြပါတယ်။ ဒီတော့ ကျမက ကလေးတို့ မသိတဲ့ အကြောင်းအရာတွေကို ဆရာမ ပြောပြမှာ ဖြစ်တဲ့အကြောင်းကို ပြောပြပြီး ဘာတွေကို ပြောပြမယ် ဆိုတာကို ရှင်းပြခဲ့ပါတယ်။ ပြီးတဲ့နောက်မှာတော့ ၃မိနစ် တရားထိုင်စေပါတယ်။ တရားထိုင်တယ်ဆိုပေမဲ့ ကလေးတွေ ဖြစ်တဲ့အလျောက် စိတ်တည်ငြိမ်မှုရစေဖို့အတွက် စိတ်ကို လျှော့၊ ဘာမှ မတွေးတော မစဉ်းစားဘဲ၊ မျက်စိလေး တွေ မှိတ်၊ ခန္ဓာကိုယ်ကို မတ်မတ်ထား၊ အသက်ရှုနေတဲ့ နှာခေါင်းထိပ်လေးမှာ လေလေး ၀င်လာတာ၊ ထွက်သွား တာလေးကိုပဲ သတိလေးနဲ့ ကြည့်နေဖို့ ပြောပါတယ်။

ပြီးတဲ့နောက်မှာ ဗုဒ္ဓဘာသာရဲ့ အခြေခံတွေ ဖြစ်တဲ့ ဒါန၊ သီလ၊ ဘာဝနာ အကြောင်းကို ရှင်းလင်းပြောပြပါတယ်။

ဒါနဆိုတာ

လှူတန်းမှုမှန်သမျှဟာ ဒါနပါပဲ။ ငွေရှိမှ လှူနိုင်တာ မဟုတ်ဘူး။ ပညာအား လုပ်အားနဲ့လည်း အလှူဒါန ပြုနိုင်တဲ့ အကြောင်းပြောပြပါတယ်။ ဥပမာ - တံမြတ်စည်းလှည်း၊ သောက်ရေခပ်ပေး စသဖြင့် ဥပမာလေးတွေ သုံးပြီး ပြောပြခဲ့ပါတယ်။

သီလဆိုတာ
ဗုဒ္ဓဘာသာဝင်တိုင်း အခြေခံအားဖြင့် ဆောက်တည်အပ်တဲ့ သီလငါးပါးကို ပြောပြခဲ့ပါတယ်။ သီလကို မသိမသာ ရော သိသိသာသာပါ ချိုးဖောက်လို့ ကမ္ဘာလောကကြီးမှာ ရောဂါကပ်တွေ၊ အငတ်ဘေးတွေ၊ သဘာဝအန္တရာယ် ဘေးကြီးတွေ ကြုံတွေ့နေရကြောင်းတွေကို ဥပမာ ဥပမေယျ တွေနဲ့ ပြောပြခဲ့ပါတယ်။ လက်ရှိဘ၀မှာတောင် ဆိုးကျိုးတွေကို ပြန်ခံစားရတာ နောင်ဘ၀မှာဆို ဘယ်လောက်ဆိုးမလဲ မှန်းတောင် မမှန်းနိုင်ဘူးဆိုတဲ့ အကြောင်းကို ပြောပြပါတယ်။

(အပယ်လေးဘုံအကြောင်းကို အနည်းငယ်မျှပြောပြခဲ့ပါတယ်။)

ဘာဝနာ
ဘာဝနာဆိုတာ ဗုဒ္ဓဘာသာရဲ့ အဓိက အဆီအနှစ်ပဲ ဖြစ်ကြောင်းကို ပြောပြပါတယ်။ ဒါန၊သီလ ဟာ အခြားဘာသာတွေမှာ ရှိပေမဲ့ ဘာဝနာတရားကတော့ ဗုဒ္ဓဘာသာမှာပဲ ရှိကြောင်း၊ ဗုဒ္ဓဘာသာဝင်တိုင်းရဲ့ ပန်းတိုင် ဖြစ်တဲ့ နိဗ္ဗာန်ကို သွားနိုင်ဖို့ ဘာဝနာတရား အားထုတ်ရမည်ဖြစ်ကြောင်းပြောပြခဲ့ပါတယ်။ လူတွေ အတော်များများပြောကြတယ်။ ပထမအရွယ်မှာ (ပညာရှာ)၊ ဒုတိယအရွယ်မှာ (ဥစ္စာရှာ)၊ တတိယအရွယ်မှာ (တရားရှာ)။ ဟုတ်ပါပြီ.... ပထမအရွယ်မှာပဲ ဆုံးပါးသွားသူတွေ ရှိတဲ့အတွက် ဘာဝနာသည်လည်း ငယ်သေးလို့ အားမထုတ်သေးဘူး ကြီးမှပေါ့လို့ လုပ်ရမည့် အရာမဟုတ်ကြောင်း ပြောပြခဲ့ပါတယ်။ ဘာဝနာပွားများတယ် ဆိုတာ လောဘ၊ ဒေါသ၊ မောဟကို ပယ်သတ်ခြင်းဖြစ်ကြောင်း ပြောပြပြီး ကလေးတွေကို လောဘဆိုတာ ဘာ၊ ဒေါသဆိုတာ ဘာ၊ မောဟဆိုတာ ဘာ ဆိုပြီး မေးခွန်းလေးတွေ မေးခဲ့ပါတယ်။

ပြီးနောက် မြတ်စွာဘုရားအလောင်းတော် ဖွားမြင်သောအချိန်ကာလနဲ့ ဖွားမြင်ရာဇာတိကို အဓိကထား၍ ဗုဒ္ဓ၀င် အနည်းငယ်ကို ပြောပြခဲ့ပါတယ်။

အဆုံးသတ်ခါနီးမှာတော့
မင်္ဂလာတရားပေါ်ပေါက်လာပုံလေးကို အကျဉ်းချူပ်ပြောပြပြီး ပုံပြင်လေးနဲ့ အဆုံးသတ်ခဲ့ပါတယ်။
"၀ီရတီ ပါပါ၊ ဧတံ မင်္ဂလ မုတ္တမံ"
မကောင်းမှုကို စိတ်ဖြင့် ရှောင်ကြဉ်ခြင်းသည် မြတ်သော မင်္ဂလာမည်၏။

စံပြလုလင်ဆိုတဲ့ ပုံပြင်လေးကို ပြောပြခဲ့ပါတယ်။ ပုံပြင်လေးရဲ့ အကျဉ်းလေးကတော့ တက္ကသိုလ်ပြည်က ဆရာကြီးဟာ သူ့သမီးနဲ့ လက်ဆက်ပေးဖို့ ကိုယ်ကျင့်တရားကောင်းမွန်တဲ့ တပည့်တယောက်ကို ရွေးချယ်ချင် ပါတယ်။ ဒါကြောင့် သူဟာ တပည့်တွေ အားလုံးကိုခေါ်ပြီး သူ့သမီးကို လိုချင်တဲ့လူ မိဘဆွေမျိုး မသိဘဲ မိဘဆွေမျိုးအိမ်က အ၀တ်တွေကို ခိုးယူလာပေးဖို့၊ တန်ဖိုးအကြီးဆုံး အ၀တ်ကို ယူလာနိုင်တဲ့လူကို သူ့သမီးနဲ့ ပေးစားမယ်လို့ ပြောပါတယ်။ တပည့်အားလုံးသွားပြီး ခိုးယူကြပေမဲ့ တပည့်တယောက်က သွားရောက် မယူငင် လို့ ဆရာကြီးက မေးတဲ့အခါ တပည့်က ဆရာ့သမီးကို နှစ်သက်ပေမဲ့ မကောင်းမှုဆိုတာ ဆိတ်ကွယ်ရာ မရှိတဲ့အတွက် မခိုးယူတာဖြစ်ကြောင်း ပြောပြပါတယ်။ ဆရာကြီးကလည်း တပည့်၊ ဆရာက အ၀တ်လိုချင်လို့ မဟုတ်၊ ကိုယ်ကျင့်တရားကောင်းသော သူကို ရွေးချယ်လို၍သာ ဖြစ်သည်။ ထို့ကြောင့် တပည့်ကို သမီးနဲ့ လက်ဆက်ပေးပါမယ်လို့ ပြောလိုက်ပါတယ်။

ပုံပြင်လေးကို ပြောပြပြီး ကိုယ်ကျင့်တရားကောင်းသူဟာ သူ့ရဲ့ အကျင့်သိက္ခာလည်း မပျက်စီး၊ အကုသိုလ်လည်း မဖြစ်ရပါဘဲ လိုချင်တာကို ရနိုင်ပါတဲ့အကြောင်း ပြောပြလိုက်ပါတယ်ရှင်။

(ပထမဦးဆုံးနေ့ဖြစ်တဲ့အတွက် တော်တော်လေးကို များသွားပါတယ်။ နောက်နေ့တွေမှာမှ တပိုင်းချင်းကို သေသေချာချာလေး ပြောပြသင်ကြားပေးပါမယ်ရှင်။ ဓမ္မမိတ်ဆွေ အကို၊အမ၊ ဦးလေး၊ အန်တီများ အနေနဲ့ အကြံပေးချင်တယ်၊ ပြုပြင်ပေးလိုတယ်ဆိုရင် ကွန်မန့်များ ထားခဲ့စေချင်ပါတယ်ရှင်။)

မေတ္တာဖြင့်
ထိပ်ထား


Monday, May 3, 2010

မိခင်ကျေးဇူး ဆပ်စေလို ……

ကိုးလလွယ် ဆယ်လမှာ ဖွား…. သားသမီးတွေကို ချစ်ခင်ယုယ ပြုစုပေးတာ မိခင်တွေပါ။ ဘယ်လောက်ပဲ ဝေဒနာ တွေ ခံစားရနေပေမဲ့ မွေးလာမယ့်ကလေးလေး ကိုယ်လက်အင်္ဂါမှ စုံပါ့မလား… ဘယ်လိုပုံလေး ဖြစ်နေ မလဲ.. စသဖြင့် စသဖြင့် ပူပန်တတ်တဲ့ မိခင်…. ကလေးလေး ကျန်းကျန်းမာမာနဲ့ မွေးလာပါစေလို့ မေတ္တာတွေ အပြည့်နဲ့ နာကျင်မှုဒဏ်ကို တွန်းလှန်နေတဲ့ မေတ္တာကြီးမားတဲ့ မိခင်… မိခင်ဆိုတာ အနှိုင်းမဲ့ပါ။ မွေးလာပြန် တော့လည်း အနှီးထုတ်ထဲက ရင်သွေးလေး၊ လေးဘက်သွားနေတဲ့ ရင်သွေးလေး၊ မတ်တပ်စမ်းနေတဲ့ ရင်သွေး လေး၊ ပြေးလွှားဆော့ကလေးနေတဲ့ ရင်သွေးလေး၊ ကျောင်းသွားတတ်နေတဲ့ ရင်သွေးလေး၊ အရွယ်ရောက်လာ လုပ်ငန်းခွင်က ရင်သွေးလေး….. အချိန်တွေ တရွေ့ရွေ့ပြောင်းသွားပေမဲ့ အမေ့ရင်ထဲက ပူပန်တတ်မှုဟာ ပြောင်းလဲသွားရိုး မရှိပါဘူး။ ပြောင်းလဲသွားတဲ့ အချိန်ကာလအလျောက် အမေဟာ ပူပန်နေတတ်မြဲပါ။

လောကမှာ ဘာနဲ့မှ မတူတဲ့ မေတ္တာကိုပေးနိုင်စွမ်းရှိသူဟာလည်း မိခင်ပါပဲ။ ချစ်သူဟာလည်း မိခင်လောက် မချစ်နိုင်ပါဘူး။ အိမ်ထောင်ဘက် ခင်ပွန်း၊ ဇနီးဟာလည်း မိခင်လောက် မချစ်နိုင်ပါဘူး။ ဘယ်သူဘယ်သူကမှ မိခင်ထက်ပိုအောင် မချစ်နိုင်ကြပေမဲ့ သားသမီးတွေကတော့ မိခင်ထက် ပိုချစ်ရမယ့်သူကို ရှာတတ်ကြတယ်။ မိခင်၊ဖခင်ဆိုတာက ပေးဆပ်ချစ်နဲ့ ချစ်တတ်ကြပြီး အိမ်ထောင်ဘက်ဆိုတာကတော့ (များသောအားဖြင့်) ရယူချင်စိတ်နဲ့ ချစ်ကြတာပါ။ သားသမီးဆိုတာ ဧည့်သည်တဲ့.. ဧည့်သည်မှန်းသိသိနဲ့ ဂရုတစိုက် ပြုစု ပျိုးထောင်ပေးတဲ့ မိခင်၊ဖခင်ရဲ့ ကျေးဇူးဟာ ဘာနဲ့ နှိုင်းရပါ့မလဲနော်။

မိခင်၊ဖခင်တွေ အသက်ကြီးလာတဲ့အချိန် သားသမီးတွေဟာ မိခင်ဖခင်တွေ အနားမှာ ပြန်လည်ပြုစု ပေးရမယ်။ မိခင်၊ဖခင်ရဲ့ နောက်ဆုံးအချိန်တွေမှာ အဆင်သင့်ဖြစ်နေဖို့ စစ်မှန်သော တရားတော်တွေကို ရင်တွင်းပို့ဆောင် ပေးရပါမယ်။ သားသမီးတွေရဲ့ မိဘကျေးဇူးကို ဆပ်ခြင်းမှာ အမွန်မြတ်ဆုံးကျေးဇူးဆပ်နည်းဟာ တရားနဲ့ ကျေးဇူးဆပ်တာပါပဲ။ အိုမင်းမစွမ်းတဲ့ မိခင်၊ဖခင်ကို အနားမှာနေပြီး ပြုစုမယ်။ တရားခွေလေးတွေ ဖွင့်ပြမယ်။ တရားစာအုပ်လေးတွေ ဖတ်ပြမယ်။ ဒီလိုသားသမီးသာ အမွန်မြတ်ဆုံးပါ။ သားသမီးတိုင်း မွန်မြတ်သော ကျေးဇူးဆပ်နည်းနဲ့ ကျေးဇူးဆပ်နိုင်ကြပါစေရှင်။

ဒီကနေ့မှာကျရောက်တဲ့ ကိုအောင်၊ ကိုထက် ၊ကိုဇော်တို့ရဲ့မိခင် ဒေါ်မြမြဌေး (အ.လ.က ၂၊ ဘိုကလေး)ရဲ့ အသက် (၆၀)ပြည့် မွေးနေ့ အမှတ်တရအဖြစ် ဒီပို့စ်လေးကို ရေးဖြစ်လိုက်ပါတယ်။ သားသုံးယောက်တို့ရဲ့ မိခင် အန်တီ ဒေါ်မြမြဌေး အသက်(၆၀)ပြည့်မွေးနေ့မှသည် နောက်နှစ်ပေါင်းများစွာတိုင်အောင် အသက်ရှည်၊ အနာကင်း၍ စိတ်ဆင်းရဲမှုတို့မှ လွတ်ငြိမ်းရပြီး သားသုံးယောက်တို့၏ ကျေးဇူး သိတတ်ခြင်းနှင့်အတူ စစ်မှန်သော တရားဓမ္မ များကိုတွေ့ရှိပါစေ လို့….. သမီး ဆုတောင်းပေးလိုက် ပါတယ်။

(စကားချပ် - မိခင်မေတ္တာကို အာရုံပြုရင်း မွေးမိခင်ကိုလည်း ဤပို့စ်လေးဖြင့် ရှိခိုးကန်တော့လိုက်ပါတယ်)

မေတ္တာဖြင့်
ထိပ်ထား