စိတ်ရော ကိုယ်ပါ ကျန်းမာချမ်းသာ၍ ဘေးဘယာကင်းကွာ မေတ္တာတရားဖြင့် အေးချမ်းစွာ နေနိုင်ကြပါစေ....



Saturday, December 26, 2009

မာန်

မာန်တဲ့.......
ဒီစကားလုံး ကျမတို့ ခဏခဏ ကြုံကြရတယ်... လူတိုင်းမှာလည်း ပိုင်ဆိုင်တဲ့ အရာတစ်ခုပါပဲ...
သူက ကျမတို့ ကို ကောင်းကျိုးတွေ ပေးတတ်တယ်... ဒါပေမဲ့ဆိုးကျိုးတွေလည်းပေးတယ်...

လူ့ သဘာဝအရ မာန်ရှိတဲ့ လူဟာ လိုချင်တဲ့ပန်းတိုင်ကို အရောက်လှမ်းနိုင်တယ်လေ။ ဘာမဆို ငါလုပ်နိုင်တယ် .. ဖြစ်ကိုဖြစ်ရမယ်ဆိုတာမျိုးတွေ... စသဖြင့်ပေါ့... ဒီမာန်ကြောင့်ပဲ ဘာမှ မဟုတ်တဲ့ သုည ဘ၀ကနေ ထိပ်ဆုံးတွေ ကို ရောက်သွားကြတာလည်း ဒီမာန်ကြောင့်ပဲ ....ဒီမာန်မတင်းထားနိုင်ရင်တော့ ကြုံလာသမျှအရာတွေပေါ်မှာ စိတ်ပျက်ပြီး လက်လျှော့သွားလို့  ဘ၀မှာ ဘာမှ မဖြစ်နိုင်ကြဘူးလေ...
အဲဒီ့မာန်ကြောင့်ပဲ လောကမှာ ပြဿနာတွေဖြစ်ပေါ်တယ်.. ကိုယ့်ကိုယ်ထိပါးလာရင် ငါ့ကို ဘာမှတ်နေလဲဆိုပြီး ငါစွဲဖြစ်နေတဲ့မာန်နဲ့  လူတွေကို ဆက်ဆံလာတယ်.. မာန်တတ်တဲ့အခါ လူမုန်းများတယ်.. အခြားလူတွေကို ကိုယ်နဲ့ မတူသလိုမတန်သလို ဆက်ဆံလာမယ်.... ကိုယ်သာလျှင် အတော်ဆုံးပါလို့ မြင်လာမယ်.. ဒီတော့ ဒီလိုမာန်တတ်ပြီး ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေကြမယ်၊ အခြားလူကို မတူသလို မတန်သလိုသဘောထားနေ မယ့် လူတွေ များလာရင် လောကကြီးဗြောင်းဆန်ကုန်လိမ့်မယ်..သူကလည်းငါသာလျှင်အတော်ဆုံး..ငါကလည်း
ငါသာလျှင်အတော်ဆုံး အဲလိုနဲ့ ပဲ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာမယ်.....

တကယ်တော့ မာန်ဆိုတာ လူ့ လောက သဘာဝအရ ပုထုဇဉ်တို့ သဘောအရ ရှိကြပေမဲ့ တဖက်စွန်းရောက်တဲ့ မာန်မျိုးမဖြစ်ဖို့ ကအရေးကြီးတယ်... အောင်မြင်လိုစိတ်ရှိတဲ့ မာန်လေးကိုသွင်း.. ငါသာလျှင် အတော်ဆုံးဆိုတဲ့ ငါတကောမာန်ကိုဖယ်နိုင်မယ်ဆိုရင်တော့ လောကီသဘောအရ တိုးတတ်မှုတွေ ဖြစ်လာမှာပေါ့... ဒီတော့ လူသားတွေအနေနဲ့ မာန် မရှိရဘူးမဟုတ်ဘဲ စဉ်းစားခြင့်ချိန်ဥာဏ်နဲ့  မာန်လေးတွေ ထားသင့်တယ်ထင်ပါတယ်..

ငါ မရှိဘူးဆိုတာ အကြွင်းမဲ့ လက်ခံထားတဲ့ သူတော်စင်တွေကတော့ မာန်လည်း မရှိတော့ဘူးပေါ့... အချို့ ကျတော့ မာန်မရှိရင် လူ့ ဘ၀ အလကားဖြစ်မယ်လို့  ယူဆထားတယ်။ပုထုဇဉ်တွေအတွက်ကတော့ မာန်က ထားပါ.. ဒါပေမဲ့ အတိုင်းအတာလေးနဲ့ ပေါ့... လူ့ လောက ဘ၀မှာ ထိပ်တန်းရောက်ဖို့ အတွက် မာန်လိုသလို ပြဿနာကြီးတွေ မဖြစ်ပေါ်ဖို့ ကလည်း မာန်ကို ထိန်းကွပ်မယ့် အသိတရားလေးတော့ လိုမယ်နော်.... ဒီတော့
အားလုံးပဲ.... မာန်ဆိုတာကို ရှိမယ်ဆိုရင်တောင် ငါအတော်ဆုံးငါအတတ်ဆုံးဆိုတာမျိုးကို မဖြစ်စေဘဲ ရည်မှန်းချက်ပြည့်ဖို့ ရန် ကြိုးစားရမယ့်မာန်လေးတွေသာ ထားတတ်ကြပါစေရှင်....

( ရေးသားထားခဲ့သော ပို့ စ်အဟောင်းကို ပြန်လည် တင်ခြင်းသာ ဖြစ်ပါတယ်ရှင်..)

ထိပ်ထား

Tuesday, December 22, 2009

မွန်မြတ်သော စိတ်ထား

ထေရ၀ါဒ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတိုင်းရဲ့ စိတ်ထားဟာ မွန်မြတ်ကြတယ်လို့  ကျမငယ်စဉ် က သိရှိခဲ့ ဖူးတယ်.. အမြဲတမ်းပဲ ဗုဒ္ဓဘာသာတွေ ဖြစ်ပြီး ရိုင်းလိုက်တာလို့  ပတ်ဝန်းကျင်မှာ ပြောသံလေးတွေ ကြားဖူး တယ်.. တကယ်ပဲ ဗုဒ္ဓဘာသာဝင်တိုင်းဟာ ယဉ်ကျေးကြသလား ကျမ အဲဒီ့အချိန်တည်းက အပြန်ပြန် အလှန်လှန် ထပ်ခါ ထပ်ခါ စဉ်းစားဖူးတယ်.. အဲလို ဗုဒ္ဓဘာသာတွေ ဖြစ်ပြီး ရိုင်းလိုက်တာလို့  ပြောလိုက်တော့ အခြား ဘာသာ ၀င်တွေက ဘာဖြစ်သွားမလဲ… တကယ်တော့ ဗုဒ္ဓဘာသာဝင်ပဲ ဖြစ်ဖြစ် အခြားဘာသာဝင်ပဲ ဖြစ်ဖြစ် နှလုံးသားမှာ မွန်မြတ်တဲ့ စိတ်ထားလေးရှိမှသာ ယဉ်ကျေးတဲ့ လူသားတဦးဖြစ်မှာပါ….။

ကျမတို့ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ ကတော့ အထူးတလည်ကို စောင့်ထိန်းသင့်ပါတယ်..ကျမအခုကျမတို့  ဗုဒ္ဓဘာသာဝင်တွေ အထူးစောင့်ထိန်းသင့်တယ်လို့ ပြောနေကြတဲ့ တချိန်တည်းမှာပဲ အခြားဘာသာဝင် တွေဟာ လည်း ငါတို့ ဘာသာဝင်တွေဟာ ယဉ်ကျေးသူတွေ ဖြစ်ကိုဖြစ်ရမယ်လို့ မပြောနေဘူးလို့  ကျမတို့ မသိ နိုင်ပါ ဘူး။

ကျမတို့ ကမ္ဘာကြီးဟာ တိုးတတ်လာတာနဲ့ အမျှ ကျမတို့  မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင်တွေဟာ လည်း ခေတ်မီ တယ်ဆိုတဲ့ စကားလုံးလေးနဲ့ အတူ ယဉ်ကျေးမှု ပျက်သုဉ်းမှုဆီ ဦးတည်လာပါတော့တယ်.. ယဉ်ကျေးမှု နဲ့  တဆက်တည်းမှာပဲ ဖြူစင်တဲ့ မြန်မာလူမျိုး ဗုဒ္ဓဘာသာနွယ်ဝင်တို့ ရဲ့ စိတ်ထားတွေဟာလည်း အရောင်ပြောင်းမှု တွေ ဖြစ်လာပါတယ်.. မေတ္တာတွေ ပျက်လာကြတယ်.. ၀န်တိုစိတ်တွေ များလာကြတယ်.. နိုင့်ထက်စီးနင်းမှုတွေ ပေါလာတယ်….

ယဉ်ကျေးမှုပျက်သုဉ်းတာဟာ ဗုဒ္ဓသာသနာတော် ပျက်သုဉ်းဖို့ ပါပဲ.. ဘာကြောင့်လဲဆိုတော့ မြန်မာ တို့ ရဲ့ ယဉ်ကျေးမှုဟာ ဗုဒ္ဓ၀ါဒကို အခြေခံထားတဲ့အတွက်ကြောင့်ပါ.. ကျမတို့ တွေ ယဉ်ကျေးမှုပျက်သုဉ်းပြီး အမျိုး ပျောက်ကုန်တော့မှာ.. ဗုဒ္ဓသာသနာတော် ကွယ်ပြီး အမျိုးပျောက်ကုန်တော့မှာကို လက်ပိုက်ပြီး ကြည့်နေရမယ့်
အနေအထားမရောက်သေးပါဘူး.. အခွင့်အရေးတွေ အများကြီး ရှိပါသေးတယ်….။

ဒီလို ယဉ်ကျေးမှု ပျောက်ကွယ်တော့မှာကို မလိုလားရင် ဗုဒ္ဓသာသနာတော် ပျောက်ကွယ်မှာ မလိုလားရင် ပထမဆုံး လိုအပ်ချက်လေးဟာ စိတ်ထားလေးတွေ ပြုပြင်ဖို့ ပါ။ ကျမတို့ ရဲ့ စိတ်ထားတွေဟာ တကယ်ပဲ ဖြူစင်ရဲ့လား.. တစုံတခုကို လုပ်တော့မယ် ပြောတော့မယ် ပြုမူတော့မယ်ဆိုရင် တကယ်ပဲ ကောင်းစေချင်တဲ့ စိတ်ထားနဲ့ လား .. ၀န်တိုမှုသက်သက်နဲ့ လားဆိုတာကို ပိုင်းခြားဝေဖန်ရပါမယ်.. သူများရဲ့ စိတ် သူများရဲ့ လုပ်ရပ် သူများရဲ့ စကားကို ဝေဖန်တာဟာ နောက်မှာပါ….. ကိုယ့်ရဲ့စိတ်ထားကိုသာ မွန်မြတ်အောင် လုပ်ဖို့ သာ အရေး အကြီးဆုံးပါ……။

ဆရာတော်ဘုရားကြီးတွေဟာ ယဉ်ကျေးမှု အဆင့်အတန်းနိမ့်ပါးလာတဲ့ မြန်မာတမျိုးသားလုံးရဲ့ အကျိုးကို ငဲ့ပြီး ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်းတွေ ဖွင့်ပေးပါတယ်.. ငယ်စဉ်အခါ ကလေးဘ၀အရွယ် တည်းက ကလေး ငယ်တွေရဲ့ နှလုံးသားမှာ ဓမ္မစေတီ တည်ထားပေးဖို့ ပါ။ စာအုပ်တွေထိုင် ဖတ်နေရုံနဲ့  လမ်းဆုံးနေပြီး တကယ် တမ်းကျတော့ ပြောသင့်တဲ့ စကား မပြောသင့်တဲ့ စကားတောင် မခွဲခြားနိုင်တဲ့ ရိုင်းစိုင်းတဲ့သူတွေ ဖြစ်မလာစေဖို့  ပါ။

ကျမ ဒီလိုတွေ ပြောနေလို့  ကျမကိုယ်တိုင်ရဲ့ စိတ်ထားကလည်း မွန်မြတ်နေလို့ မဟုတ်ပါဘူး.. ကျမ ရေးတဲ့ စာတွေက ကျမကိုယ်ကျမ သတိပေးနေဖို့ လည်း ဖြစ်ပါတယ်.. ပြီးတော့ ကျမရေးတဲ့စာတွေကို လာဖတ်သူတွေ အနေနဲ့  နားလည်လက်ခံပြီး အသိလေးတခုလောက် ရသွားစေချင်တဲ့ ဆန္ဒလေးလည်း ပါပါတယ်.. ဒါက စကားမစပ်ပေါ့နော်… :) ဆက်ကြရအောင်….

ကျမတို့  ဗုဒ္ဓဘာသာဝင်ဆိုတဲ့ နာမည်ကို ခံယူထားသူတိုင်းဟာ ဗုဒ္ဓဘာသာရဲ့ အဆင့်အတန်းကို ကိုယ်စားပြု နေကြပါတယ်.. ကျမတို့ ပြောတဲ့ စကားတခွန်း ကျမတို့ ရေးတဲ့ စာတလုံးဟာ ကျမတို့ ကိုးကွယ်ရာ အဖြစ်ထားတဲ့ ဗုဒ္ဓသာသနာကို ကိုယ်စားပြုနေတာပါ။ သံဃာတော်တွေနဲ့ အဓိက သက်ဆိုင်ပေမဲ့ ဘာသာဝင် တဦးချင်းစီနဲ့ လည်း သက်ဆိုင်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုးကွယ်ရာဘာသာရဲ့ အဆုံးအမဟာ အဲဘာသာကို ကိုးကွယ်သူရဲ့ စိတ်ကို တည့်မတ်ပြုပြင်ပေးလို့ ပါပဲ..

ကျမတို့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးရဲ့ အဆင့်အတန်းဟာ ကျမတို့ ဘယ်လိုပြုမူတယ်။ ဘယ်လို တွေးခေါ်တယ်။ ဘယ်လို ပြောဆိုတယ် ဆိုတာနဲ့  တိုက်ရိုက် ထိစပ်နေပါတယ်။ ကျမတို့  ရဲ့ ပြုမူတွေးခေါ် ပြောဆိုမှုတွေဟာလည်း ကျမတို့ ရဲ့ ပကတိ ပင်ကိုယ်စိတ်ထားလေးကနေ လာတာပါ။ ဒါကြောင့် ကျမတို့ ရဲ့ စိတ်ဓါတ်လေးတွေ မွန်မြတ်ပါမှ ကျမတို့ ရဲ့ ဗုဒ္ဓဘာသာ အဆင့်အတန်း၊ လူမျိုးအဆင့်အတန်းကို ကျမတို့  မြှင့်တင် နိုင်မှာပါ။ နဂိုတည်းက မြင့်မား ပြီးဖြစ်တဲ့ ကျမတို့ ရဲ့ ဘာသာ ၊ လူမျိုး အဆင့်အတန်းတွေဟာ ကျမတို့  တွေကြောင့် နိမ့်ပါးသွားတယ်ဆိုတဲ့ အဖြစ် မျိုး အရောက်မခံဘဲ မြင့်မားလာရတယ်ဆိုတဲ့ အဖြစ်လေးနဲ့  ကျမတို့  တွေ မြန်မာလူမျိုးဗုဒ္ဓဘာသာဝင်တွေ ပီသ လိုက်ကြရအောင်နော်…. စိတ်ထားလေးတွေ မွန်မြတ်ဖို့ လိုလာပါပြီ ရှင်….
စိတ်ကိုလည်းပြင်ရုပ်လည်းပြင်၊ပြင်ဆင်တိုင်းရပြုတိုင်းလှ၊သုခနိဗ္ဗာန် တိုင်လိမ့်မယ် ။

ထိပ်ထား


Saturday, December 12, 2009

မုဒိတာနှင့် ပညာရှိအမျက် အပြင်မထွက်ဟု ဆိုငြားလည်း

ကျမတို့ တွေ ပတ်သတ်ဆက်စပ်နေကြရတဲ့ လူသားတွေအားလုံးဟာ ကိုယ့်ကိုကိုယ်တော့ အထင်ကြီး တတ်ကြ တာ ဖြစ်နေကျ ဖြစ်စဉ်လေးတခုပါ။ တနေရာမှာ ကိုယ်က ညံ့နေရင်တောင် အခြားတနေရာမှာ ကိုယ်က သာရ မယ်ဆို တဲ့ စိတ်ထားမျိုး ရှိတတ်ကြပါတယ်။ တကယ် မသာဘူးလား ဆိုတော့ သာပါလိမ့်မယ်။ လူတိုင်းမှာ မွေးရာ ပါ သူတို့ ရဲ့ ထူးခြားတဲ့ ပင်ကိုယ်ဗီဇလေးတွေ ရှိတတ်ကြတာကတော့ အမှန်ပါပဲ။ တဦးမှာ မရှိတဲ့ အရည်အချင်း တဦးမှာ ရှိတတ် ကြပါတယ်။ အဲဒီ့မှာ ထူးခြားတာလေး တခု ကျမ သတိထားမိပြန်ပါတယ်။ လူတယောက်ရဲ့ အရည်အချင်းတခုဟာ အခြားလူအများရိပ်စားမိအောင် သိသာလာပြီဆိုရင် တော်တော်များများဟာ မနာလို ၀န်တိုမှု သဘောဆောင်တဲ့ မကျေနပ်မှုလေးတွေ ဖြစ်လာကြတာပါ။ အများအပြားဟာ ဒီလို ဖြစ်နေကြပါတယ်။ ဘာဖြစ်လို့  မုဒိတာ မပွားနိုင် ကြသလဲ။ ဒီလိုမုဒိတာ မပွားနိုင်တဲ့နောက် ကျမတို့  ဘာဆက်ဖြစ်ကြမလဲ......။

ဟုတ်ကဲ့... မုဒိတာ မပွားနိုင်တော့တဲ့နောက် ရန်လိုကြတော့မယ်ပေါ့။ သူတပါးလဲကျအောင် ခြေထိုးခံမယ်။ သူတပါး အောင်မြင်မှုကို ပျက်သုဉ်းအောင် ဘယ်လိုလုပ်မလဲ စဉ်းစားတော့မယ်။အနည်းဆုံးတော့ အတင်းအဖျင်း
တွေ ပြောကြတော့မှာပါ။ နေ့ ည မအိပ်မစားနိုင်နဲ့  သူတပါးကို အကောက်ကြံလိုမှုတွေ ဖြစ်လာတာ ဒီလို မုဒိတာ မပွားနိုင်ရာက စလာတာပါပဲ။ ကိုယ့်ထက် သေးသိမ်သူကိုတော့ သနားတတ်ပြီး ကိုယ့်ထက် မြင့်မားသူမြင်တော့ မနာလိုဖြစ်တတ်ကြတယ်။ ဒါပေမဲ့ ကိုယ့်ထက် သေးသိမ်သော်ငြား ကိုယ့်ထက် မြင့်မားနိုင်စွမ်းရှိတယ်လို့  ထင်ရ တဲ့လူကျပြန်တော့ အမြင့်မတတ်နိုင်အောင် ဆွဲချလိုကြပါတယ်။

ပြောချင်တဲ့ အဓိက အကြောင်းရင်းက မုဒိတာ မပွားနိုင်တာကိုတော့ မဟုတ်ပါဘူး.. ဒါပေမဲ့ ဆက်စပ်အကြောင်း ရင်းတွေ ရှိနေတာမို့  ကျမ ပြောရခြင်းပါ... အတိုချူပ်ပဲ ပြောလိုက်ပါစို့ .. မုဒိတာ မပွားနိုင်တော့ တဖက်သားကို ရန်လိုမယ် အကောက်ကြံမယ်... သိမ်ဖျင်းတဲ့ စကားတွေပြောမယ်... ဒီမှာ ခံရတဲ့လူရဲ့ စိတ်ထားက သိပ်အရေး ကြီးပါတယ်.. ကျမပြောချင်တဲ့ အကြောင်းရင်းကတော့ ခံရတဲ့လူ ထားရမယ့် စိတ်ထားလေးပါ... မုဒိတာ ထားရန် မှာ အင်မတန်အရေးကြီးကြောင်းကိုတော့ ကျမ ၀န်ခံပါတယ်... ဒါပေမဲ့ စကားပုံလေးနဲ့ တိုက်ဆိုင်နေတဲ့ အကြောင်းအရာလေးကိုပဲ ကျမ ပြောပြချင်မိတဲ့ ဆန္ဒ ပြင်းပြနေမိလို့ ပါရှင်....

ပညာရှိအမျက် အပြင်မထွက်ရဘူးတဲ့...

ကျမတို့ ရဲ့ စိတ်အစဉ်မှာ ဖြစ်လာတဲ့ ဒေါသကို ဖုံးကွယ်ထားရမယ်လား.. ဖုံးကွယ်ထားတဲ့ ဒေါသဟာ အင်မတန် အန္တရာယ်ကြီးတယ်လို့  ကျမမြင်မိပါတယ်.. အကြောင်းက ဒီဒေါသဟာ စိတ်ထဲမှာ ဆက်လက်ရှိနေမှာ ဖြစ်တဲ့ အတွက်ကြောင့်ပါပဲ... ဖြစ်နေပြီးတဲ့ ဒေါသလည်း ဖြစ်၊ သူ့ မှာ အတွင်းမှာပဲ နေရတဲ့အတွက် တမြေ့မြေ့နဲ့  ဖြစ်ရပါ တော့မယ်... ဒေါသဟာ စိတ်မှာ ဖြစ်နေပြီး ဒေါသဖြစ်နေရတဲ့ မိမိကိုယ်တိုင်ကိုလည်း ဒုက္ခပေးသလို ဒေါသဖြစ် ခြင်းကို ခံနေရတဲ့လူအတွက်လည်း သိပ်အန္တရာယ်ကြီးပါတယ်... ဒေါသဖြစ်ပြီး မိမိကိုယ်မိမိ ဒေါသမီးလျှံတို့ နဲ့  လောင်ကျွမ်းစေတဲ့အခါ အိမ်မရ စားမနိုင် ဖြစ်ရပါတယ်.. ဂနာမငြိမ် ဖြစ်ရပါတယ်... သူတပါးကို မကျေမနပ်နဲ့  စိတ်ကို ထွေပြားစေပါတယ်.... သူတပါးကိုလည်း ငါသူ့ ကို ဘယ်လို လက်တုံ့ ပြန်ရမလဲဆိုတဲ့ စိတ်ထားမျိုးနဲ့  အမြဲ တွေးတော စဉ်းစားနေတတ်ပါတယ်... ဒါဆို ဒေါသကို အပြင်မထုတ်ဘဲ စိတ်တွင်းမှာ သိမ်းထားသူဟာရော ပညာ ရှိ ဖြစ်နိုင်ပါဦးမလား....။

အကောင်းဆုံးကတော့ ဒေါသကို မဖြစ်စေခြင်းပါပဲ... မလွယ်လှပါဘူး.. ဒါပေမဲ့ ခက်လည်း မခက်ပါဘူး... သူများ အပေါ်မှာ နားလည်မှုလေးတခုပေးလိုက်ပါ... သြော်... သူက သိပ်သနားစရာကောင်းလို့  ဒီလိုအပြုအမူမျိုး ဒီလို စကားမျိုးပြောတာပါလား.... ဒီလို သနားစရာကောင်းသူကို ငါက တုပြိုင်ပြီး ဒေါသဖြစ်နေစရာမလိုဘူး.. သူ့ လမ်း နဲ့ သူ သူ့ ဘ၀နဲ့ သူသာ ဖြစ်ပါစေတော့ ဆိုတဲ့ နားလည်မှုမျိုးပါ.. ဒေါသဆိုတာကတော့ အကြောင်းအရာ အမြောက်အများ ပေါ်မှာ မူတည်ပြီး ဖြစ်တတ်ကြတာပါ... အခု ကျမ ဆွေးနွေးပြောပြတဲ့ အကြောင်းလေးကတော့ မုဒိတာ မပွားနိုင်သူတို့ အပေါ်မှာ ခံရသူထားရမယ့် စိတ်ထားလေးပါပဲ... အများကြီး အသုံးဝင်ပါတယ်လို့  ကျမက အာမခံပါတယ်. သူက မုဒိတာ မပွားနိုင်တာကို ငါက ဘာလို့  ဂရုဏာထားရမှာလဲလို့  မေးမယ်ဆိုရင် ကျမ တခုပြန်သိချင်ပါတယ်.. သူ့ ကို ပညာရှိ ဖြစ်စေချင်တာလား.. မိမိကိုယ်ကိုယ် ပညာရှိ ဖြစ်စေချင်တာလား......။

ပညာရှိများဖြစ်ကြပါစေလို့  ဆုတောင်းလျက်
ထိပ်ထား

Tuesday, December 8, 2009

တုနှိုင်းမရသော

"ဆရာမ .. သမီးလေ တချိန်က ကျောင်းသားဘ၀ကို အရမ်းသတိရတယ်.. ခုန်ပေါက် ပြေးလွှား ဆော့ကစား ကြတယ်.. စာသင်ချိန်မှာ စာသင်ကြတယ် စာကျက်ချိန်မှာ စာကျက်ရတယ်.. သမီးတို့ ကလေးဘ၀ ကျောင်းသား အဖြစ်နဲ့  ရှိစဉ် တုန်းက ဆရာမတို့ ရဲ့မေတ္တာတရားကို တန်ဖိုးမထားသလိုများ ဖြစ်ခဲ့လေသလား.. ဟုတ်တယ် ဆရာမရယ်... ကောင်းစေချင်လို့  ဆရာမ ဆူရင်လည်း ရှေ့ တင်မှာ နားထောင်ပေမဲ့ ကွယ်ရာမှာ ဆရာမ မကောင်းကြောင်း ပြော မိတဲ့အခါတွေ ရှိတယ်... ဒါတွေကို သိရဲ့သားနဲ့ တုတ်ကို တချက်လေးတောင် မကိုင်တဲ့ ဆရာမရဲ့ နှလုံးသားကို သမီး လေးစားတန်ဖိုးထားနေမိပါပြီလေ.... "

နီလာရဲ့ တကိုယ်တည်း ငြီးတွားသံနဲ့ အတူ အတိတ်အရိပ်တို့ က တဖြေးဖြေး ပုံပေါ်လာပါတယ်...

" ဟဲ့ သမီး.. နီလာ ဘာလုပ်နေတာလဲ.. စာမေးပွဲနီးနေပြီလေ... စာတွေ အခုထိ မရသေးဘူးလား.. ဒီကလေးတွေ ပေါ့ပေါ့ဆဆနဲ့ .... ဒီလိုနဲ့ တော့ အောင်မှာ မဟုတ်ဘူး နီလာ.. စာကျက်ရမယ်.. စာဖတ်ရမယ်.. သင်တဲ့အချိန်မှာ သေသေချာချာ နားထောင်ရမယ်.. ဒါမှ သမီး စာတတ်မယ်... "

"ဟုတ်...." လို့ တခွန်းတည်းနဲ့ ပြန်ပြောရင်း ရင်ထဲမှာ အောင့်သက်သက်ဖြစ်သလို မျက်နှာကလည်း စူပုပ်သွားလို့ သူငယ်ချင်းတွေကတောင် တားယူခဲ့ရပါတယ်။

" ဟဲ့.. မူမူ. ဆရာမက တော်တော်အပေါက်ကြမ်းတယ်နော်.. ပွစိပွစိနဲ့ .. အကုန်လုံး သူ့ အရာကျနေတာပဲ.. လိုက်ပြောနေတော့တာ.. ငါတော့ လုံးဝ မကျေနပ်ဘူးဟာ.. ငါလည်း စာကျက်တာပဲ.. မရတာလည်း မဟုတ်ဘူး. ထေ့နေတဲ့ဟာကို ငါ့ကို လာပြီး ပြဿနာ ရှာတယ်.. တော်ပြီ. ဒီဆရာမနဲ့ နောက်နှစ်မဆုံရအောင် စာမေးပွဲကို ကွင်းလုံးကျွတ်အောင်အောင် ဖြေမယ်လို့ ငါ ဆုံးဖြတ်လိုက်ပြီ"

"အေး.. နင် စာမေးပွဲအောင်အောင် ဖြေမယ်ကြားလို့ ငါ ၀မ်းသာပါတယ်.. ဒါပေမဲ့ ဆရာမကို စော်ကားသလို ဖြစ်နေတာတော့ နင့်အတွက် မကောင်းဘူး.. ဆရာဆိုတာ အနန္တကျေးဇူးရှင်တပါးပဲဟာ.. အဲလိုတော့ မပြောပါနဲ့ .. ဆရာမကလည်း နင့်ကို စာမေးပွဲ ကျမှာ စိုးလို့ ပြောတာပါ... နင်သိတဲ့အတိုင်းပဲ.. ငါတို့  ဆယ်တန်းစာမေးပွဲဆို တာ တော်ရုံနဲ့ အောင်ဖို့ ဆိုတာ မလွယ်ဘူး... စိတ်ထဲ မထားပါနဲ့ ဟာ"

" နင်တို့ ကလည်း အဲဆရာမ ဘက်ကပဲ လိုက်နေ..."

သူမရင်ထဲမှာတော့ ဆရာမကို တကယ် စိတ်ဆိုးခဲ့တာပါ... ဆရာမ မသိလောက်ဘူးထင်ပြီး သူငယ်ချင်းတွေကို ပြန်ပြောခဲ့ပေမဲ့....

" ဆရာမ... ဆရာမ တပည့်နီလာကို မဆုံးမပါနဲ့ လား.. သူဟာသူ ကျချင်ကျ.. အောင်ချင်အောင်... ထားလိုက်ပေါ့. ဆရာမကွယ်ရာရောက်မှ ဆရာမ အတင်းတွေ လိုက်ပြောနေတာတော့ မကောင်းဘူး ဆရာမ..."

" သမီးရယ်.. အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန် ဆီးကာ၊ သင့်ရာ အပ်ပို့ ၊ ဆရာတို့  ကျင့်ဖို့ ဝတ်ငါးဖြာတဲ့... ဆရာတွေ ကျင့်သုံးရမယ့် ကျင့်ဝတ်အတိုင်း ဆရာမ လုပ်တာလေ သမီးရယ်... ဒီ့အတွက် သမီး နီလာက အပြစ်မြင်ရင်လည်း မြင်ပါစေ... ဆရာမ ကျေကျေနပ်နပ်ခံယူတယ်... ဆရာဟာ ဆရာအလုပ်ကို လုပ်ရမှာပေါ့"

" ဆရာမရယ်.. သမီးလေ.. အခု ဒီဘ၀ ရောက်ရတာ ဆရာမရဲ့ ကျေးဇူးတွေပါ..... အဲအချိန်တုန်းကသာ သမီး အကျင့်အတိုင်း နီးမှထလုပ်မယ်ဆိုရင် သမီး ဒီလို ပညာတတ်အမျိုးသမီး တဦးအနေနဲ့  မိသားစုရဲ့ဂုဏ်၊ ကျောင်း ရဲ့ဂုဏ်၊ လူမျိုးရဲ့ဂုဏ်၊ နိုင်ငံရဲ့ဂုဏ်ကို ဆောင်နိုင်တဲ့ နိုင်ငံခြား တက္ကသိုလ်တခုရဲ့ ပါမောက္ခဆိုတဲ့ ရာထူးကို ရတာ ပေါ့... သမီး သူငယ်ချင်း မူမူနဲ့ ပြန်တွေ့ တုန်းက ဆရာမဟာ သမီး ဆရာအပေါ် အမျက်ထားခဲ့တာကို သိသိနဲ့  အပြစ်မယူခဲ့ဘူးဆိုတာ သိရတဲ့အချိန်မှာ သမီးလေ.. မျက်ရည်တောင် ကျမိပါတယ်.... တကယ်တော့ တချိန်က သမီး သိပ်ကို မိုက်မဲခဲ့တာပါ.. ဒါပေမဲ့ သမီး ဆရာဆိုတဲ့ နေရာကို ရောက်ခဲ့တဲ့အချိန်မှာတော့ ဆရာဆိုတဲ့  ဂုဏ်နဲ့  ဆရာတယောက်ရဲ့ တပည့်တွေအပေါ်ထားရမယ့် မေတ္တာတရားကို သိလာတယ်.. ဒီအချိန်မှာတော့.. သမီး လေ.. ဟိုးအဝေးက ပျဉ်ထောင်အိမ်အိုလေးရဲ့ ပက်လက်ကုလားထိုင်လေးပေါ်မှာ ထိုင်နေပြီး မြေးမလေး စာဖတ် ပြတာကို နားစိုက်ထောင်နေမယ့် အသက် ၇၀ကျော်နေတဲ့ သမီး ဆရာမရဲ့ မျက်နှာကို မြင်ယောင်နေမိရင်း ကန်တော့လိုက်ပါတယ် ဆရာမရယ်.... "

သူမရဲ့ လက်အစုံဟာ နှဖူးနဲ့  ထိသွားပြီး သူမရဲ့ မျက်ဝန်းမှာလည်း မျက်ရည်စတွေနဲ့ ... လောကမှာ ဘာနဲ့ မှ နှိုင်း မရနိုင်တဲ့ ဆရာဆိုတဲ့ ကျေးဇူးရှင်ရဲ့ ကျေးဇူးတရားကို သူမနားလည်သွားပြီလေ... ဟုတ်ပါရဲ့.. ဆရာဆိုတာ တုနှိုင်း မရနိုင်သော ကျေးဇူးရှင်ပါပေတကား.........

(ဖြစ်ရပ်မှန်လေး တခုအား နောက်ခံထား၍ ရေးသားထားပါသည်။ စာအရေးအသား သိပ်မညက်ညောဘဲ ဖတ်ရတာ စာကြမ်းနေပါက သည်းခံကြပါရှင်.. နောက်များမှာ ပိုမိုကောင်းအောင် ကြိုးစားရေးသားသွားပါမယ်)

ထိပ်ထား

မေတ္တာနဲ့ သာ

ကမ္ဘာလောကကြီးရဲ့ အဓိက အကျဆုံး မရှိမဖြစ် လိုအပ်တဲ့ အရာတခုကို ပြရမယ်ဆိုရင် "မေတ္တာတရား" ကိုပဲ ပြရပါလိမ့်မယ်။ မေတ္တာတရားသာ မရှိဘူးဆိုရင် ကျမတို့  လောကကြီးမှာ စစ်ပွဲတွေ၊ အမုန်းတွေ၊ အာဃာတ တွေနဲ့  ပြည့်နှက်သွားမှာပါ။ ကျမတို့ အားလုံးရဲ့ ရင်ထဲမှာ မေတ္တာတရားလေးတွေ ကိုယ်စီ ကိန်းအောင်း နေ ကြပါတယ်။ ကျမ တို့ လို လူသားတွေ မပြောနဲ့ ။ ခွေးလေး ကြောင်လေးတွေတောင်မှ သူတို့ သားသမီးတွေ အပေါ်မှာ မေတ္တာ ထား တတ်ကြတယ် မဟုတ်ပါလားရှင်။ ဒီနေရာမှာ ချစ်တာနဲ့  မေတ္တာကို တူညီတယ်လို့  ထင် ကြတယ်။ ချစ်တာဟာ မေတ္တာဖြစ်နိုင်ပေမဲ့ ကျမတို့ တွေ ပြောပြောနေတဲ့ ချစ်တယ် ဆိုတာကတော့ မေတ္တာ မဟုတ်ပါဘူး။ ကျမတို့  ပြောပြော နေကြတဲ့ အချစ်ဟာ တဏှာ ရမ္မက်သက်သက်သာလို့  ပြောရင် ကျမ မမှားဘူး လို့ ယုံကြည်ပါတယ်။ လူတယောက်ကို ချစ်တယ်လို့ ပြောလိုက်တဲ့နောက်မှာ အဲဒီ့လူကို လိုချင်တာတွေ၊ ပိုင်ဆိုင် ချင်တာတွေ ပါလာတယ်။ မိတ်ဆွေ အပေါင်းအသင်းတွေကို ချစ်တယ်ဆိုတာတောင် သူတို့ ရဲ့ ဂရုစိုက်မှုကို ခံချင်ကြတယ်။ ပြီးတဲ့နောက် ကိုယ့်အပေါ် မကောင်း၊ ကိုယ့်ကို ဂရုမစိုက်တော့တဲ့ အခါကျရင် မုန်းသွားတယ်ဆို ပြီး ဖြစ်ပါရောလား။ မုန်းတတ်တယ်ဆိုရင်တော့ မေတ္တာမထားတတ်သေးတာလို့ ပဲ ပြောရပါတော့မယ်။
မေတ္တာစစ်ဟာ ဘယ်သောအခါမှ မပျက်သုဉ်းပါဘူး။ မေတ္တာပျက်ချင်တယ်ဆိုရင် ကျမတို့ ရဲ့ မေတ္တာဟာ မစစ်မှန်သေးပါဘူး။ မစစ်မှန်တဲ့ မေတ္တာနဲ့ စစ်မှန်တဲ့ မေတ္တာဘာကွာပါသလဲ။ တခုတည်းပါပဲ။ စစ်မှန်တဲ့ မေတ္တာ ဟာ အတ္တမပါ၊ ချူပ်ချယ်မှုကင်းပြီး မစစ်မှန်တဲ့ မေတ္တာဟာ အတ္တတွေ လွှမ်းခြုံထားတာပါ။ တနည်းဆိုရရင် စစ်မှန် တဲ့မေတ္တာဟာ တဖက်လူက ကိုယ့်အပေါ်မှာ ဘယ်လိုသဘောထားပါစေ.. ကိုယ့်ဘက်က မေတ္တာထားနိုင်တဲ့ သဘော၊ မပြောင်းလဲတဲ့ သဘောပါ။ မစစ်မှန်တဲ့ မေတ္တာကတော့ သူကတောင် ဒီလို လုပ်သေးတာ ငါက ဘာလို့  မလုပ်နိုင်ရမှာလဲ.. သူမကောင်းရင် ကိုယ်ကောင်းနေစရာ မလိုဘူးဆိုတဲ့ သဘောလေးပါပဲ။ မစစ်မှန်တဲ့ မေတ္တာနဲ့  စစ်မှန်တဲ့ မေတ္တာဟာ ကျမတို့ ကို ဘယ်လို အကျိုးသက်ရောက်မှုတွေ ပေးသလဲ။
ကျမတို့ လှုပ်ရှားရုန်းကန်သွားလာနေရတဲ့ လောကကြီးမှာ ပုံစံမျိုးစုံသော လူသားတွေနဲ့ ဆုံတွေ့ ကြရတယ်၊ စိတ်ဓါတ်ပေါင်းစုံ၊ ပြုမူမှုပေါင်းစုံနဲ့ ကြုံကြရတယ်။ ကိုယ်ကောင်းပေမဲ့ ကိုယ့်အပေါ်မကောင်းသူတွေနဲ့ ကြုံကြရ တယ်။ ကိုယ့်ဘက်က ဘယ်လို စိတ်ရင်းပဲ ထားပါစေ.. ကိုယ့်အပေါ် မလိုသူတွေနဲ့ ကြုံကြရတယ်။ ဒီအရာတွေ အားလုံးကို မတုန်မလှုပ်ရင်ဆိုင်နိုင်တာ မေတ္တာပါ။ ခွင့်လွှတ်သည်းခံတယ်ဆိုတဲ့ နေရာမှာ ပြဿနာ မဖြစ်ချင်လို့  သည်းခံလိုက်တာဟာ ရင်ထဲမှာ အစိုင်အခဲ ဖြစ်နိုင်ပါတယ်။ ရင်တွင်းမှာ မေတ္တာတရားကိန်းအောင်းနေလို့  ခွင့်လွှတ်နိုင်တာကမှ အနှစ်သာရ ပြည့်ဝစွာနဲ့ အနိုင်ရလိုက်ခြင်းပါ။ သူမကောင်းလို့ ကိုယ်လိုက်မကောင်း သူဆဲလို့  ကိုယ်ဆဲ သူရန်တွေ့ လို့ ကိုယ်ရန်တွေ့ မယ်ဆို၇င် ကျမတို့ လှလှပပကြီး ရှုံးနိမ့်တာပါပဲ။ ကိုယ့်ရဲ့ ဂုဏ် သိက္ခာနဲ့ ပညာကို ဆုံးရှုံးလိုက်ရသလိုပါပဲ။ ပညာဆိုရာမှာ ဥာဏ်ပညာကို ဆိုလိုတာပါ။ မေတ္တာထားပြီး နေမယ်ဆို ရင်တော့ အနှိုင်းမဲ့တဲ့ စိတ်ဧ။် ချမ်းသာခြင်းနဲ့ ပြည့်စုံနေမှာပါ။ ဒီတော့ ကျမတို့ ရဲ့ ဂုဏ်သိက္ခာနဲ့  ပညာကို အဆုံးရှုံး ခံမလား။ စိတ်ချမ်းသာစွာ နေကြမှာလား...... ဘာလုပ်ကြမလဲ။
ကျမတို့ ဟာ ကိုယ့်သွေးကိုယ့်သား ကိုယ့်ဆွေမျိုးမှ ချစ်စရာလို့ ထင်ကြမှာလား.. တကယ်တော့ ကျမတို့ ရဲ့ မြတ်စွာဘုရားရှင် ဟောကြားခဲ့သလိုပဲ.. ကျမတို့ ဟာ အတိတ်ဘ၀ရဲ့ တနေရာရာမှာ ဆွေမျိုးတွေ ဖြစ်ဖူးခဲ့ကြ တယ်။ ဆွေမျိုးမတော်ခဲ့သူ မရှိဘူးရယ်တဲ့... ဒါဆို ကျမတို့ အားလုံးဟာ ဆွေမျိုးတွေပါနော်.. သတ္တ၀ါတွေ အားလုံး အပေါ်မှာ မိခင်ပမာ မေတ္တာစိတ်ထားရှိမယ်ဆိုရင် ကမ္ဘာလောကကြီးဟာ မေတ္တာဓါတ်တွေ လွှမ်းခြုံသွား တော့မှာပါ။ လောဘ၊ဒေါသ၊မောဟ အားတွေ ကြီးပြီး ကပ်တွေ အမျိုးမျိုး ဆိုက်ကပ်နေတဲ့ ကမ္ဘာလောကကြီးကို ကျမတို့  မေတ္တာဓါတ်နဲ့  လွှမ်းခြုံလိုက်ရအောင်လား... အပြုံးတုတွေနဲ့  ဟန်ဆောင် ပြုံးပြနေမယ့်အစား နှလုံးသား ထဲမှာ မေတ္တာစိတ်လေးတွေ မွေးကြရအောင်လား... ပြောတာလွယ်တယ်.. လက်တွေ့ ခက်တယ်လို့  မထင်ပါနဲ့  နော်.. ဘယ်သူ့ ကိုမှ အမုန်းမပွားဘဲ ငါ့သားသမီးသာဆိုရင် .. ဆိုတဲ့ စိတ်ကလေးနဲ့ ဆက်ဆံလိုက်မယ်ဆိုရင်လေ.. လောကကြီးဟာ မေတ္တာတရားရဲ့ အစွမ်းနဲ့  တကယ့်ကို လှပ လာမှာပါ။ မေတ္တာစစ်ကို မွေးမြူလိုက်ကြပြီဆိုရင် အရာအားလုံးဟာ ကြည်နူးချမ်းမြေ့စရာတွေရယ်ပါ.. မှန်ပါတယ်.. ကျမလည်း အပြည့်အ၀ မေတ္တာ မထားနိုင်သေး ပါဘူး.. သို့ ပေမဲ့. ကျမတို့  စိတ်လေးတွေကို ဖြေးဖြေးချင်းပြုပြင်ကြတာပေါ့.... အစဉ်သတိလေး ကပ်နေပြီးတော့ နေမယ်ဆိုရင် ကျမတို့ စိတ်အစဉ်မှာ မေတ္တာစိတ်လေးတွေ ဖြစ်တည်ကြတော့မှာ အသေအချာပါ.... မေတ္တာလို့  ထင်နေတဲ့ အတုအယောင် တဏှာရမ္မက်တွေကို ချန်ထားရစ်ခဲ့ပြီး စစ်မှန်သော မေတ္တာတရားနဲ့  ချစ်လိုက်ကြ ရအောင်လား.... ဟုတ်ပါတယ်.. ဒီလိုသာဆို ကျမတို့ ကမ္ဘာလောကကြီးဟာ သာယာအေးချမ်းသွားမှာပါ..


ထိပ်ထား

Monday, November 30, 2009

စတင်ခြင်း

ဤဆိုက်ဒ်လေးကို စတင်ဖွင့်လှစ်လိုက်ပြီနော်...... ရည်မွန်ထိပ်ထားဘလော့ဂ်က မိတ်ဆွေများရော၊ မိတ်ဆွေ သစ်များကိုပါ ကြိုဆိုပါတယ်ရှင်....