စိတ်ရော ကိုယ်ပါ ကျန်းမာချမ်းသာ၍ ဘေးဘယာကင်းကွာ မေတ္တာတရားဖြင့် အေးချမ်းစွာ နေနိုင်ကြပါစေ....



Sunday, July 11, 2010

ကျေးဇူးတင်မှတ်တမ်း


ကျွန်မရဲ့ မွေးနေ့ မှာ ကျွန်မနဲ့ပတ်သက်ခဲ့သမျှကျေးဇူးရှိသူများအားလုံးကို ကျေးဇူးအထူးတင်ချင်တဲ့စိတ် ကျွန်မမှာ ဖြစ်လာပါတယ်။ ကျွန်မနဲ့ ပတ်သက်ဖူးသူတိုင်းဟာလည်း ကျွန်မအပေါ်ကျေးဇူးရှိသူချည်းပါပဲ။ အနည်းဆုံး ကျွန်မ ပြောချင်တာလေး ရှိချိန်မှာ နားထောင်ပေးခဲ့ကြပါတယ်။ စကားတိုတိုလေးပဲဖြစ်ဖြစ် နားထောင်ပေးခဲ့သူတွေ အပါ အ၀င်ပေါ့။ သံသရာရေစက်ကြောင့် ဒီဘ၀မှာ ပတ်သက်ဆက်စပ်ရပြီး ကောင်းသော ဆက်ဆံခြင်းရှိသလို မကောင်း သော ဆက်ဆံခြင်းများလည်း ရှိခဲ့မှာပါ။ ဒါပေမဲ့ အားလုံးဟာ ဘယ်လိုပဲ ဆက်ဆံခဲ့ဆက်ဆံခဲ့ အားလုံးဟာ ကျွန်မ အပေါ်မှာ အထူးတလည် ကျေးဇူးပြုခဲ့သူချည်းပါပဲ။

ကျွန်မရဲ့ အသိမိတ်ဆွေများကို စတင် မပြောမီမှာ...... ကျေးဇူးရှင်ကြီးများ ဖြစ်ကြတဲ့ ဘုရား၊ တရား၊ သံဃာ ရတနာမြတ်သုံးပါး၊ မိဘများ၊ ကြားဆရာ မြင်ဆရာ သင်ဆရာများအားလုံးနှင့် ဆရာတော် ဦးတိလောက ဘိဝံသ (အင်းစိန်ရွာမပရိယတ္တိစာသင်တိုက်)၊ ၉ နှစ်အရွယ်မှစ၍ လိမ္မာယဉ်ကျေးစေရန် သားသမီးနှင့်မခြား ဆုံးမဟောပြသွန်သင်ပေးသော ဘုန်းဘုန်းဦးကောသလ္လ(မင်းကွန်းစာသင်တိုက်-တိုက်ခွဲ) တို့အား ဦးစွာပထမ ဦးချကန်တော့ပါ၏။

ဦးစွာပထမ ကျွန်မမေးသမျှကို ဖြေကြားပေးသော ဆရာတော် ဦးကောဝိဒ (မြိတ်) www.venkawwida.net ကို ကျေးဇူးအထူးတင်ရှိပါတယ်။ တရားနှင့် ပတ်သက်၍ အမြင်မရှင်းမကြည်လင်ခဲ့သည်များအား ပြောပြပေးတော် မူတဲ့အတွက် အရှင်ဘုရားရဲ့ ကျေးဇူးဟာ တပည့်တော်မအပေါ်မှာ ကြီးမားလှပါတယ်ဘုရား။ အရှင်ဘုရား သက်ရှည်ကျန်းမာ အနာရောဂါကင်းကင်းဖြင့် သာသနာ့အကျိုးကို များစွာ သယ်ပိုးနိုင်ပါစေ အရှင်ဘုရား။ တရား နဲ့ ပတ်သက်တဲ့ အသိများကို ပေးခဲ့တဲ့အတွက်လည်း နိဗ္ဗာန်သို့သွားရာခရီး လျှင်မြန်ပြီးမြောက်ပါစေ အရှင်ဘုရား (သို့တည်းမဟုတ်) ဆုထူးပန်ပါက ပန်ဆင်ထားသော တောင်းဆုအတိုင်းပြည့်မြောက်ပါစေဘုရား။ ထို့နောက် ကျွန်မ ပြုလုပ်ချင်သော ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်း စာအုပ်ငယ်ကလေးကို ကိုယ်တိုင် အားတက်သရော လိုအပ်တာများ အကြံပေးခြင်း၊ ဖြည့်စွက်ပေးခြင်း၊ ရေးသားပေးခြင်း၊ ရှာဖွေ ပေးခြင်းများ ပြုလုပ်ပေးခဲ့ပါသော ပန်းကမ္ဘာဆရာတော် ဦးသုနန္ဒာလင်္ကာရ www.dhammayaungchi.com ကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။ ကလေးငယ်များအား သင်ကြားပေးရန်နှင့် တပည့်တော်မအားလည်း တရားအသိတိုးစေရန် များစွာသော အထောက်အပံ့များကို ပေးတော်မူခဲ့သည့် အရှင်ဘုရား…. ပညာရှာမှီးရာ ကာလ၌လည်း အများထက်သာလွန်စွာ ဖြစ်ပါစေဘုရား။ တရားရှာမှီးရာ၌လည်း များစွာသော အထောက် အကူ ဖြစ်ပါစေ ဘုရား။ သာသနာအကျိုးသယ်ပိုးရာ၌လည်း များစွာ ထမ်းဆောင်နိုင်ပါစေဘုရား။ မဝေးတော့သော ကာလ၌ နိဗ္ဗာန်သို့မျက်မှောက်ပြုရပါစေအရှင်ဘုရား (သို့တည်းမဟုတ်) ဆုထူးပန်ပါက ပန်ဆင်ထားသော ဆုအတိုင်း ပြည့်မြောက်ပါစေဘုရား။

ထို့နောက် ကျွန်မအား တရားနှင့် ပတ်သက်၍ အကြီးများဆုံးသော အထောက်အပံ့အကူအညီအဆုံးအမကို ပေးအပ်ခဲ့သော သူမှာ ကိုဝင်းမြင့် www.thitsartayar.com ဖြစ်ပါတယ်။ ရှေ့စိတ်လေးကို နောက်သတိလေး ရှိနေဖို့ ဆုံးမခဲ့ပြီး၊ ကိုယ့်တရားကို ပြီးမြောက်အောင်ကျင့်ကြံဖို့လည်း ဆုံးမသွန်သင်ပေးခဲ့သလို ကျွန်မရဲ့ ကလေးများအတွက် ဗုဒ္ဓဘာသာယဉ်ကျေးမှု စာအုပ်ငယ်ကလေးမှာလည်း ပါဝင်ကူညီပေးခဲ့တဲ့ ဓမ္မနဲ့ပတ်သက် ၍ ဓမ္မမောင်နှမထဲမှ အကိုကြီးဖြစ်သူ အကိုဝင်းမြင့်လည်း ကျွန်မအား ဆုံးမသွန်သင်ပေးခဲ့သည့်အတွက် ကျေးဇူး အထူးတင်ရှိပါတယ်ရှင်။ အကိုလည်းပဲ နိဗ္ဗာန်သို့သွားလေရာလမ်းခရီးဖြောင့်ဖြူး၍ ကျွန်မကို သွန်သင်ပေးခဲ့ သကဲ့သို့ နောက်များစွာ သောသူများအားလည်း ဆုံးမသွန်သင်ပေးနိုင်ပါစေရှင်။ ထို့နောက် ကျွန်မအား ဆုံးမ ပေးခဲ့သည့် ကျွန်မ၏ အကိုဟု ပြောလျှင် မမှားနိုင်သော ကိုအောင်ဦး www.dhammaratha.com အား ကျေးဇူး တင်ရပါဦးမည်။ ကျွန်မ ဘယ်လောက်ဆိုးခဲ့ဆိုးခဲ့ ဘယ်လောက်လွဲခဲ့လွဲခဲ့ အကိုတယောက်က ညီမငယ်လေး တယောက်ကို ဆုံးမသကဲ့သို့ တခါတရံ အေးဆေးစွာနှင် လိုအပ်လာလျှင် လေသံပြတ်ပြတ်ဖြင့် ဆုံးမသော အကို့ကို ညီမလေး ကျေးဇူးတင်ပါတယ်ရှင်။ အငယ်တယောက်အနေနဲ့ မသိတတ်စွာ ပြောမိဆိုမိသော အမှားအား ခွင့်လွှတ်ပေးတတ်သော ညီမလေးရဲ့ အကိုကြီး၊ မွေးနေ့ ငွေရတုကို ပုလဲရတုလို့ မှားတဲ့အထိ လွဲသွားသော ညီမငယ်အား ဘာမျှ မပြောခဲ့သော အကိုကြီးအားလည်း ကျေးဇူးတင်ရှိပါတယ်ရှင်။ ညီမလေးအပေါ်တွင် ဆုံးမခဲ့သော ကျေးဇူးနှင့် ဗွေမယူတတ်သော ကျေးဇူးများကြောင့် အကိုအောင်ဦး သွားလေရာ လာလေရာ၌ အများ၏ ချစ်ခင်ခြင်းကိုသာရ၍ နိဗ္ဗာန်သို့ခရီးနှင်ရန် ပါရမီများ ဖြည့်ဆည်းရာတွင် ဘေးမရှိပါစေသား။ နောက်တဦးအနေဖြင့် ကျွန်မ မေ့မေ့လျော့လျော့ စလိုက်နောက်လိုက် အွန်လိုင်းတွင် အချိန်ကုန်နေစဉ်ကာလတွင် ကျွန်မအား တရားအားထုတ်ခြင်းဘက်သို့ စိတ်ပါဝင်စားလာစေရန် မိမိသိသလောက်ကို မခြွင်းမချန်ဖြင့် ပြောပြ ၍ တရားကို စိတ်ပါဝင်စားစေခဲ့သော ကျွန်မဘ၀၏ ကျေးဇူးရှင်တဦး ကျန်ပါသေးသည်။ ကျွန်မကတော့ ကျွန်မ ကျေးဇူးရှင်ကို ကျေးဇူးရှင်ဟုသာ ရေးမှတ်ထားပါတယ်။ သူကတော့ www.mindfulness.moethout.com မှ ကိုမိုးသောက်ခေါ် ကိုဥက္ကာဇော် ဖြစ်ပါတယ်ရှင်။ ကိုမိုးသောက်၏ ကျေးဇူး တရားများကြောင့် ကျွန်မ ဒီနေ့မှာ ဒီလိုတရားနဲ့အညီ နေထိုင်ကျင့်ကြံလာနိုင်ခဲ့တာပါ။ ကိုမိုးသောက်ရဲ့ ကျေးဇူးတွေကို ကျွန်မ အထူးတလည် ပြန်ဆပ်ရပါဦးမည်။ ကျွန်မအား အေးငြိမ်းရာလမ်းကို ပြသပေးနိုင်ခဲ့သလို ကိုမိုးသောက် လည်း ဒုက္ခဆင်းရဲခပ်သိမ်းကုန်ဆုံးချုပ်ငြိမ်းရာ နိဗ္ဗာန်သို့ သွားရာခရီး ဖြောင့်ဖြူးသာယာပါစေသား။

ထို့နောက် ကျွန်မအား တရားနှင့်ပတ်သက်၍ရော၊ အခြားလူမှုရေးကိစ္စများ၌ပါ ပြောဆိုဆုံးမ သွန်သင် ကူညီပေး သော အမကြီးတယောက်ကိုကျေးဇူးတင်ရပါဦးမယ်။ထိုသူမှာ ဘလော့ဂ်ပိုင်ရှင် မမထက်စုနှင်းဆီပဲ ဖြစ်ပါတယ်။ မမထက်စုဟာ ကျွန်မကို ညီမငယ်တယောက်ကဲ့သို့ ဆုံးမခြင်း၊ စိတ်ဓါတ်အားပေးခြင်း၊ နှင့် အသိတရားများပေးခြင်းတို့ ကြောင့် မမထက်စုလည်းပဲ ပင်ပန်းချိန်များမှာ တရားနဲ့အညီ နှလုံးသွင်းနိုင်ပါစေ။ သီလအား အထူးတန်ဖိုးထား တတ်သော မမထက်စု… သီလအကျိုးများနှင့် ပြုသမျှ ဒါနအကျိုး၊ ၀ိပဿနာအကျိုးများကြောင့် လျှင်မြန်စွာပင် နိဗ္ဗာန်သို့ မျက်မှောက်ပြုနိုင်ပါစေ (သို့တည်းမဟုတ်) ဆုထူးပန်ပါက ပန်ဆင်ထားသော တောင်းဆုအတိုင်း ပြည့်မြောက်ပါစေသား။ ကျွန်မအကောင့်ထဲတွင် ရှိနေသော်လည်း စကားပြောဖြစ်လေ့မရှိဘဲ ကျွန်မ လွန်စွာ ပင်ပန်း၍ မေတ္တာတရားအားပျော့သွားချိန်တွင် ကျွန်မအား ၀ဋ်ဆိုတာ လည်တတ်တယ်ဆိုသော အသိအား သတိပေးခဲ့သော မမေသက် www.maythetwin.multiply.com အား ကျေးဇူးတင်ရှိပါတယ်။ ပြုသူအသစ် ဖြစ်သူအဟောင်းနော်ဆိုတဲ့ အမရဲ့ စကားကြောင့် အသစ်ဖြစ်ရမည့်ဘေးမှာ ဝေးခဲ့ရပါတယ် အမ။ အမရဲ့ ဤကဲ့သို့ ကျေးဇူးရှိမှုကြောင့် အမသည်လည်း ၀ဋ်ကြွေးများကို တုံ့ဆပ်ရာ၌ မွန်မြတ်သောစိတ်ထားကို အစဉ်အမြဲထားလျက် နာကျင်မှုဝေးရပြီးအဆုံး၌ ကိလေသာများမှ ကင်းဝေးရာ နိဗ္ဗာန်သို့ ရောက်ရှိနိုင်ပါစေ အမ။

ကျွန်မနှင့်လွန်စွာမရင်းနှီးသေးသော်လည်း အကြောင်းကိစ္စကြုံလာ၍ တခွန်းလှမ်းပြောတိုင်း စာနာစွာဖြင့် သည်းခံ နားထောင်ပေးတတ်တဲ့ ကိုမောင်ကောင်း www.dhammamittar.com ကိုလည်း ကျေးဇူး အထူး တင်ရှိပါတယ်။ ကျွန်မရင်ထဲ ဒီရက်ပိုင်းကြုံရသမျှ ကိစ္စရပ်များကို တရားနှင့် ကုစားနိုင်ခဲ့ခြင်းမှာ ကိုမောင်ကောင်း ၏ ဓမ္မမေတ္တာဆိုက်ဒ်ကလေးကြောင့်ပင် ဖြစ်ပါတယ်ရှင်။ မေတ္တာတရားတို့ ထုံလွှမ်းနေသည့် ကိုမောင်ကောင်း၏ ဆိုက်ဒ်ကလေးနှင့်အတူ ကိုမောင်ကောင်းသည်လည်း မေတ္တာဓါတ်များထုံလွှမ်းကာဖြင့် ယနေ့ဤဘ၀၌လည်း သာသနာပြုလူတော်လူကောင်းတယောက်ဖြစ်ရပြီး နောင်နောင်မှာလည်း ဗုဒ္ဓသာသနာတော်နှင့် တွေ့ဆုံရကာ ပါရမီများဖြည့်ရ၍ ပန်ဆင်ထားသော တောင်းဆုရှိပါက တောင်းဆုအတိုင်း သို့တည်းမဟုတ် နိဗ္ဗာန်သို့ ဘ၀တိုတိုဖြင့် မျက်မှောက်ပြုရပါစေ။

ကျွန်မနှင့် မခင်မင်မရင်းနှီးသေးသော်လည်း ကျွန်မရဲ့ gtalk မှာ အဲမိတ်ဆွေရဲ့ custom message ကို မြင်ရတိုင်း ငြိမ်းချမ်း သွားရတာကတော့ www.apymt.com ပိုင်ရှင် ကိုဖိုးသားခေါ် ကိုပြည့်စုံအောင်ပဲ ဖြစ်ပါတယ်ရှင်။ ကျွန်မစိတ်ထဲ မရှင်းလင်း နိုင်တဲ့အရာတခုကို စွန်းလွန်းဆရာတော်ရဲ့ စကားလေးကို custom message မှာတင်ထားပေးတဲ့ ကိုဖိုးသားကြောင့် ကျွန်မ ရှင်းလင်းခဲ့ရပါတယ်။ "တရားတွေ နားလည်လာတဲ့အခါ.. သူတော်ကောင်း ဖြစ်လာတဲ့အခါ.. အားလုံးကို အရှုံးပေး ရတော့တယ်.. *စွန်းလွန်း*" ဆိုတဲ့ စာသားလေးပါပဲ။ သူတော်ကောင်းစိတ်မွေးနိုင်မှ သူတော်ကောင်း ဖြစ်မှာပါလား ဆိုတဲ့ အသိနဲ့ပဲ ကျွန်မစိတ်ကို အေးမြစေခဲ့ပါတယ်။

ကျွန်မရဲ့မွေးနေ့တွင် အထူးလက်ဆောင်အဖြစ် ကတိလက်ဆောင်ပေးခဲ့သော ကျွန်မရဲ့ တဦးတည်းသော အကိုကြီးဖြစ် သူ Dr.မြတ်ကိုကိုအား ကျေးဇူးအထူးတင်ရှိပါတယ်။ ၆ နှစ်တိုင်တိုင် စွဲစွဲလန်းလန်းသောက်ခဲ့တဲ့ ဆေးလိပ်ကို ညီမလေး အတွက် မွေးနေ့လက်ဆောင်အဖြစ် ထာဝရစွန့်လွှတ်ပေးခဲ့တဲ့အတွက်ရော၊ မွေးနေ့မှာ ဗိုလ်တထောင်ဘုရားမှာ ရေသပ္ပါယ်ပေးခဲ့တယ်ဆိုတဲ့ အတွက်ရော ကျေးဇူးအထူးတင်ရှိပါတယ်။ ညီမလေးကို ဆုံးမတဲ့အလှည့်တွေမှာလည်း တရား သဘောနဲ့ ဆုံးမတတ်သလို၊ ညီမလေးက တရားသဘောနဲ့ ဆုံးမတဲ့အခါမှာလည်း အငယ်က အကြီးကို ဆုံးမတယ် ဆိုတဲ့ စိတ်မရှိဘဲ ဒါပဲနော်... ညီမလေးစကားနားထောင် ဆိုတာတောင် အင်းပါ နားထောင်ပါမယ်ဆိုတဲ့ အကိုကြီး ဘ၀တလျှောက် လုံး ခံစားနေရသော ဝေဒနာများမှ ကင်းဝေးပါစေတော့။ စိတ်ချမ်းသာပါစေတော့။ တရားစစ်တရားမှန်နဲ့ တွေ့ရပြီး မေတ္တာတရားအစစ် လက်ကိုင်ထားကာ အေးချမ်းပါစေတော့ အကို။ တပြိုင်နက်တည်းမှာပဲ ကျွန်မအပေါ် သည်းခံခဲ့၊ အလို လိုက်ခဲ့တဲ့ ၊ကျွန်မ အကိုနဲ့လဲ သူငယ်ချင်းတွေ ဖြစ်ကြတဲ့ Dr.ထက်အောင် ကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။
ညီမလေးကို အကိုတယောက်နှယ် ဂရုတစိုက်နဲ့ အလိုလိုက်တဲ့ Dr.ထက်အောင်လည်း ဘ၀တလျှောက် အေးချမ်းပါစေ။ ပျော်ရွှင်ပါစေ။ သံဝေဂတရားမရမချင်းတော့ ပါရမီတွေ ဖြည့်ရဦးမယ်ဆိုတဲ့ Dr.ထက်အောင် တယောက်လည်း သံဝေဂ တရားနဲ့အတူ ငြိမ်းအေးခြင်းအမှန်သို့ ရောက်ရှိပါစေ (သို့တည်းမဟုတ်) ဆုထူးပန်ပါက ပန်ဆင်ထားသည့် ဆုအတိုင်း ပြည့်မြောက်ပါစေသား။ ထို့အတူ ဓမ္မမိတ်ဆွေမဟုတ်သော်လည်း အရေးကြီးသော ခေတ္တခဏ၌ ဘယ်သူတွေ ကဲ့ရဲ့နေပါစေ.. ဘုရားမကဲ့ရဲ့အောင် နေရမယ်ဆိုတဲ့ သတိလေးကို ရှိစေခဲ့တဲ့ လေးဇော်ကိုလည်း ကျေးဇူးတင်ပါတယ်ရှင်။ တရားကိုအထူးပြုမအားထုတ်သေးပေမဲ့ လေးဇော်လည်း အမြန်ဆုံးတရားနဲ့အညီ နေထိုင်ကျင့်ကြံအားထုတ်၍ အေးချမ်း ပါစေသား။ ကျွန်မနှင့်ခင်မင်ခဲ့သည်မှာ ၃နှစ်ကာလမျှရှိ၍ လွန်စွာရင်းနှီးကာ ကျွန်မပြောသမျှ နောက်သမျှ စသမျှကို သည်းခံ နားထောင်ပေးပါသော ကိုမောင်နိုင် www.lovercreator.com သည်လည်း အေးချမ်းပါစေရှင်။ ကြုံတွေ့နေရသော စိတ်ဒုက္ခတို့မှ ကင်းဝေးကာ နေနိုင်ပါစေ။ ကျွန်မ ပြောချင်တာရှိသည်များ စိတ်ထဲရှိသည်များကို ပြောသမျှ မငြီးမငြူ နားထောင်ပေးသော စိုးထွန်း (MSMU) ကိုလည်း အထူးကျေးဇူးတင်ရှိပြီး ဘ၀တလျှောက် အေးချမ်းစွာဖြင့် လိုအင်မှန်သမျှ တို့ ပြီးမြောက်အောင်မြင်ပါစေလို့ အမ ဆုတောင်းပေးပါတယ်။ မြန်မာနိုင်ငံသို့ ပြန်ခဲ့စဉ်ကာလတလျှောက်၌ သူငယ်ချင်း ၏ မိဘများဖြစ်သော်လည်း ကျွန်မအား သမီးလေးကဲ့သို့ စောင့်ရှောက်ခဲ့သော ဦးအေးထွန်းနှင့် အန်တီမာလာ၊ ညီမလေး ကဲ့သို့ စောင့်ရှောက်ခဲ့သော ကို အောင်ကိုကိုသက်ပိုင်ထွန်း၊ ကိုညီညီသက်ခိုင်ထွန်းနှင့် ပြောမနာဆိုမနာ သူငယ်ချင်း ထက်ပိုင်အာကာသူရိန်နောင်နောင်ထွန်းတို့နှင့်အတူ အမများအားလည်း ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။ အားလုံးပဲ စိတ်ရောကိုယ်ပါ ကျန်းမာချမ်းသာကြပါစေလို့ အဝေးကနေ ဆုတောင်းပေးပါတယ်။ အွန်လိုင်းမှာ ခင်မင်ရင်းနှီးခဲ့ပေမဲ့ အပြင်မှာ ဆုံမိပြန်တော့လည်း ညီမအရင်းလေးလို ဂရုတစိုက် ရှိခဲ့ဖူးတဲ့ ကိုနေလွမ်းသူကိုလည်း သတိတရ ကျေးဇူးတင်ရှိ ပါတယ်ရှင်။ ရောက်လေရာနေရာကနေ ညီမရေးတဲ့ပို့စ်ကို မြင်ရပြီး ၀မ်းမြောက်နိုင်ပါစေ။ ကိုနေလည်းပဲ ကျန်းမာချမ်းသာ ၍ ဘေးဘယာကင်းဝေးရာ တာဝန်ကိစ္စရပ်အားလုံးကို အောင်မြင်စွာ ဆောင်ရွက်နိုင်ပါစေ။ နောက်တဦးမှာ ကျွန်မမှ အကိုတော်ဟု ခေါ်သော အရာတော်သားပါ။ ကျွန်မဆိုက်ဒ်တခု ပြုလုပ်မည်ဆိုစဉ်က အချိန်ပေး၍ ပြင်ဆင်ပေးခဲ့၊ စိတ်ညစ်ချိန်တွင်လည်း အားပေးခဲ့သော အရာတော်သား www.ayadaw.com မှ ကိုနေမင်း ... ဘ၀တလျှောက် အကူ အညီလိုအပ်ချိန်တိုင်း ကူညီပေးသူများပေါ်ပေါက်၍ မဝေးတော့သောကာလ၌ တရားကို နှလုံးသွင်း၍ မြင့်မြတ်သော လူတော်လူကောင်းတယောက်ဖြစ်ပြီး ရည်ရွယ်ချက် မှန်သမျှ ပြည့်ဝပါစေ။

ကျရောက်ခဲ့ပြီးသော မွေးနေ့တွင် မွေးနေ့ဆုတောင်းများပေးကြပါသော ဘုန်းဘုန်းဦးကောဝိဒ၊ ကိုအောင်ဦး၊ မမေသက်၊ ကိုမောင်နိုင်၊ကိုမိုးသောက်၊ ကောင်းစည်သူ၊ ကိုမိုးတိမ်ယံ(MZA)၊ ကြည်စင်ရွှေ (စင်ကာပူ)၊ မျိုးသန့်ခေါ် ဇင်ယောင်(ချင်းမိုင်)၊ စိုးထွန်း (MSMU)၊ လေးဉာဏ်၊ မထက်စု၊ Dr.မြတ်ကိုကို၊ Dr.ထက်အောင်၊ သူငယ်ချင်းသီဟအောင် (စင်ကာပူ)၊ကိုကျော်ဇောလင်း၊ ကိုဝေဖြိုးအောင်(ချင်းမိုင်)၊ လေးဇော်၊ကိုနေမင်း၊Ng Hong Sar၊ ကိုထွန်းလင်းအောင်၊ မမျိုးစုလှိုင်၊ ထွန်းဝင်း၊ Azin Dwin, ကြို၍ ဆုတောင်း ပေးခဲ့သော Teacher Jannifer Jones၊ သူငယ်ချင်း မြတ်အိသဉ္ဇာ၊ ပထမဆုံး အင်္ဂလိပ်စာကို သေသေ ချာချာ သင်ပေးခဲ့သည် ကိုအောင်ကောင်းမြတ်၊ ဦးဦးဥပသကာ တို့နှင့်အတူ World Education - Thailand မှ ၀န်ထမ်းများအားလုံး၊ Intern ညီမလေးများနှင့် မောင်လေး၊ သွားရောက်စာသင်ကြားပေးသည့် ကျောင်းမှ ဆရာ၊ဆရာမ များနှင့် သားသမီးကဲ့သို့ ချစ်ရပါသော ကလေးငယ်များ၊ အမည်များ မဖော်ပြထားသော အခြားမွေးနေ့ဆုတောင်း ပေးသူများ၊ facebook မှ ဆုတောင်းပေးသူများအား အထူးကျေးဇူးတင်ရှိပါတယ်ရှင်။ အားလုံးပဲ စိတ်ထားလေးများ ကြည်လင်သန့်ကာ တည်ငြိမ်စွာဖြင့် စစ်မှန်သောငြိမ်းချမ်းရာသို့ ရောက်ရှိကြပါစေ။

ဆက်လက်၍ ဖော်ပြလိုသည်မှာ -

ကျွန်မတွင် ပါရမီဖြည့်ဘက်များစွာ ရှိခဲ့ပါသည်။ ပါရမီဖြည့်ဘက်ဟု ကျွန်မခေါ်ဆိုရခြင်းမှာ ကျွန်မအပေါ်ကောင်းကောင်း ဆိုးဆိုး ကျွန်မ ပါရမီများဖြည့်ဆည်းရာ၌ အခွင့်အရေးများပေးခဲ့သူများကို ဆိုလိုပါတယ်ရှင်။ ထိုအထဲမှာ ကျွန်မ အတွက် တန်ဖိုးအရှိဆုံးပါရမီဖြည့်ခြင်းနှင့် တရားရှိမရှိ စမ်းသပ်နိုင်စေရန် အခွင့်ပေးခဲ့သည့် အားလုံးသော သက်ဆိုင်သူတို့အား လွန်စွာ ကျေးဇူးတင်မိပါသည်။ ကျွန်မ ခန္တီပါရမီနှင့် မေတ္တာပါရမီတို့ကို ထူးကဲစွာ ဖြည့်ဆည်းခွင့် ရသဖြင့် ကျွန်မအတွက် လွန်စွာကျေးဇူးကြီးသော မိတ်ဆွေများအဖြစ် မှတ်တမ်းတင်ထားပါမယ်ရှင်။ ကျွန်မပြုသမျှ ကုသိုလ်ကောင်းမှုတို့၏ အဖို့အစုတို့သည် ကျွန်မအား သီလပါရမီဖြည့်ကျင့်ခွင့်ရစေရန် ဤခန္ဓာအား မွေးဖွားပေးသော မေမေ၊ ကျွန်မအား ဒါနပါရမီ ဖြည့်ဆည်းရန် ပါရမီဖြည့်ပေးခဲ့သော အလှူခံပုဂ္ဂိုလ်များ၊ ခန္တီပါရမီနှင့် မေတ္တာပါရမီကို ဖြည့်ဆည်းနိုင်ရန်အတွက် ထူးကဲစွာ ကူညီပေးခဲ့သော ပါရမီဖြည့်ဘက်များအား အမျှပြန်၍ ပေးဝေပါ၏။

(ကျေးဇူးများရှိကြပါသည်။ ထိုကျေးဇူးများအား အခွင့်ရပါက ကျွန်မပေးဆပ်ပါဦးမည်။ ဤကျေးဇူးတင်မှတ်တမ်းတွင် မပါဝင်သော်လည်း ကျွန်မနှင့်သိရှိပတ်သက်သူတိုင်းသည် ကျွန်မအပေါ် ကျေးဇူးရှိသည်သာဖြစ်သည်။ ထို့ကြောင့် ကျွန်မ တုံ့ပြန်ပေးဆပ်နိုင်သော အတိုင်းအတာအရ လိုအပ်သည့်အကူအညီများ တောင်းနိုင်ကြပါတယ်ရှင်။ ကောင်းခဲ့သည် ဖြစ်စေ ဆိုးခဲ့သည်ဖြစ်စေ ကျွန်မအားလုံးကို ထာဝရ ခွင့်လွှတ်လျက်ပါ။ အကယ်၍ ကျွန်မဘက်က ဆိုးခဲ့ မကောင်းခဲ့သည် များ ရှိခဲ့ပါကလည်း ခွင့်လွှတ်ပေးကြပါရှင်။)

မေတ္တာများဖြင့်

ထိပ်ထား

(၁၂.၀၇.၂၀၁၀)


Saturday, July 10, 2010

ကျေးဇူးပါ မေမေ

ဟိုးအတိတ်ကာလတခုဆီမှာ စနေနေ့ရဲ့ နံနက် ၇ နာရီကျော်အချိန်.. အသက် ၂၀ အရွယ်အမျိုးသမီးတယောက် ကြီးစွာသော ဝေဒနာကို ခံစားရင်း မမြင်မတွေ့ရသေးတဲ့ ရင်သွေးငယ်လေး လူ့လောကကို ရောက်ရှိလာဖို့ အသက်ကို စတေးပြီး ကြိုးပမ်းခဲ့တယ်.. ဒီလိုနဲ့ နံနက် ၁၀နာရီ ၃၉ မိနစ်မှာ ကျွန်မ လူ့လောကကို ရောက်ရှိ ခဲ့ပါတယ်. မွေးခါစမှာ ဒေ၀စ္ဆရာဆိုတဲ့ အမည်မှဲ့မယ်လို့ ဆုံးဖြတ်ပြီးခါမှ .... ဗေဒင် အယုံအကြည်ရှိတဲ့ မိဘနဲ့အတူ ဘိုးဘွားတွေက ပဉ္စပွတ် ဆပွတ်ဆိုတဲ့ နည်းနဲ့ အမည်မှဲ့ခဲ့တာက ရည်မွန်ဦး တဲ့.... ဒါ ဗေဒင်ကြောင့်ဆိုတာ ငယ်စဉ် တည်းက သိခဲ့ပြီး နောင် ဗေဒင်ဆိုတာကို ဆန့်ကျင်ချင်လာတဲ့အချိန်မှာ ကိုယ့်စိတ်နဲ့ကိုယ် အမည်ပြောင်းလိုက်တာ က ထက်ရည်မွန်အိ ...... အချို့ကတော့ ရည်မွန်ထိပ်ထား၊ အချို့ကတော့ ထိုက်ထိုက်လို့ သိကြတဲ့ ကျွန်မ ဒီနေ့ ဒီအချိန်မှာ လူ့လောကထဲကို ရောက်ရှိလာတာ တစ်နှစ်ထပ်လို့ လည်တဲ့နေ့ပေါ့...

သန္ဓေသားလေးကို ၀မ်းမှာလွယ်ထားတဲ့ကာလ... စားချင်တဲ့ အစားအစာ မစားရ၊ နေချင်သလို မနေရနဲ့ ခက်ခဲ ပင်ပန်းလွန်းတဲ့ ကာလကို မေမေကျော်ဖြတ်ပေးခဲ့တယ်.... မွေးဖွားချိန်ကာလ.... ကိုယ့်အသက်ကိုတောင် စတေး ရရင် စတေးရနိုင်တဲ့အချိန်မှာ ... မျက်နှာတွေ ပြာနှမ်းလို့ .... အဲဒီ့အချိန်မှာ အူဝဲဆိုတဲ့ အသံဟာ မေမေ့ရဲ့ ရင်ကို အေးမြစေခဲ့တယ်တဲ့.......။ ကြီးပြင်းချိန်ကာလ ... ငါသမီးလေး နေမှ ကောင်းရဲ့လား.. နို့မစို့လို့လည်း ပူပန်ရ။ ထမင်းမစားလို့လည်း ပူပန်ရ။ အရွယ်ရောက်ချိန်ကာလ... ငါ့သမီးလေး မတော်တရော်တွေနဲ့များ ဆုံရင် ဒုက္ခ၊ မတော်တရော်များလုပ်ရင်ဒုက္ခ.. စသဖြင့် မိခင်များဟာ သမီးလေးတွေကို ပူပန်တတ်ကြပါရဲ့။

မေမေ... အချို့ကတော့ ပြောတယ်.... သမီးဦး စနေမို့... ဆိုးမယ်တဲ့... အတန်အသင့်ထက် ပိုလို့ ဆိုးခဲ့ပါတယ် မေမေ..... မီးလိုတော့ မမွှေခဲ့ပါဘူး..... အများပြောတဲ့ ဖြစ်ခဲ့သမျှ ပြဿနာတွေကို သမီးဦးစနေကြောင့် ဖြစ်တယ်ဆိုတာတွေကို မေမေ သတ္တိရှိရှိ တုံ့ပြန်စကားပြောခဲ့တယ်။ သတိတရအနေနဲ့ ဖေဖေလည်း သမီးဘက် ကနေ အစဉ်တစိုက် ရှိပေးခဲ့တယ်။ သမီးဆိုးတယ်ဆိုတာ သမီးဒီဘ၀ မှားခဲ့သမျှဆိုတာကို မေမေနဲ့ဖေဖေ လက်ခံကြပါတယ်....။ အတိတ်ဝဋ်ကြွေးကိုတော့ သမီးကြေအောင် ဆပ်ရမှာပေါ့ မေမေ.....။

မေမေ.... ဘ၀မှာ သမီးအတောင့်တဆုံးအရာဟာလေ... အသက်နဲ့ရင်းပြီး မွေးဖွားပေးခဲ့တဲ့ မေမေ့ကျေးဇူးကို ဆပ်ဖို့ရန်ပါ....။ မေမေပေးတဲ့ ဒီခန္ဓာကြောင့် ဥပုသ်သီလလည်း ဆောက်တည်ခွင့်ရခဲ့တယ်။ မေမေပေးတဲ့ အသိ ပညာကြောင့် လူတကာအလယ်မှာ တည်ငြိမ်စွာနေခွင့်ရတယ်။ မေမေပေးတဲ့ ဥပမာတွေကြောင့် ဘ၀အတွက် ဆုံးဖြတ်ရမှာတွေကို လေးနက်စွာ တွေးတောတတ်လာတယ်။ ဒီလောက်မှ ကျေးဇူးကြီးတဲ့ မေမေ့ကို သမီး ဘယ်လို ကျေးဇူးဆပ်ရပါ့......။

မေမေ... ဒီနေ့ဟာလေ သမီးမွေးနေ့ပေမဲ့ မွေးနေ့ရှင် အစစ်က မေမေမို့ မေမေ့အတွက် မွေးနေ့လက်ဆောင် အဖြစ် သမီးကိုယ်တိုင် ထိုးထားတဲ့ သိုးမွှေးယောဂီသဘက်လေးနဲ့အတူ ဘ၀တသက်တာမှာ မေမေ့အတွက် မွေးရကျိုးနပ်တဲ့ သမီး...... ဂုဏ်ယူလောက်တဲ့သမီး... ဒီလိုသမီးဖြစ်ရမယ်လို့ သမီး ရဲရဲကြီးပြောဝံ့ပါတယ် မေမေ။

တဖန်ထပ်လို့.... သမီးတောင်းဆုလည်း ပြုပါမည်။

မေမေ... ဘုရားရှင်ရဲ့သာသနာပွင့်တော်မူတဲ့ဒီချိန်ကာလမှာ သမီးတို့တွေ လူဖြစ်ပြီး မိသားစုအဖြစ် ကြုံရတယ်။ ဘ၀သံသရာတလျှောက် ပတ်သက်မှုမျိုးစုံနဲ့ ပတ်သက်ခဲ့ကောင်းပေမဲ့ ဒီဘ၀မှာ မေမေဟာ သမီးရဲ့ ကျေးဇူးရှင် မြင့်မိုရ်တောင်မက ကျေးဇူးကြီးတဲ့ မွေးသမိခင်... ဘုရားနဲ့တဂိုဏ်းတည်းကိုးကွယ်အပ်တဲ့မိခင်... ဤမိခင်သည် ကျွန်မခန္ဓာကို အရင်းတည်၍ ကျွန်မ ပြုသမျှ ကုသိုလ်ကောင်းမှုတို့ကို ရ၍ လောဘ၊ဒေါသ၊မောဟ များ ကင်းဝေး ကာ စစ်မှန်သော ဗုဒ္ဓသာသနာတော်၏ အဓိက ထားရာ မြတ်နိဗ္ဗာန်သို့ ရောက်ရပါစေ။ ကျွန်မသည်လည်း အမြတ်ဆုံးကျေးဇူးဆပ်နည်းဖြင့် မိခင်ကျေးဇူး၊ ဖခင်ကျေးဇူးအား ဆပ်ခွင့်ရပါစေသား။

ဤနေ့ဤရက် ၁၁၊၇၊၂၀၁၀ တွင် ကျရောက်သော မွေးနေ့အမှတ်တရ....

ထိပ်ထား