စိတ်ရော ကိုယ်ပါ ကျန်းမာချမ်းသာ၍ ဘေးဘယာကင်းကွာ မေတ္တာတရားဖြင့် အေးချမ်းစွာ နေနိုင်ကြပါစေ....



Friday, January 14, 2011

သာသနာတော် အဆုံးအမနှင့် အညီ


မနေ့ညက ဗီဒီယိုဖိုင်လေးတခုကို ကြည့်လိုက်မိပါတယ်။ ဘုန်းကြီးတပါး (သင်္ကန်းဝတ်တပါး) လို့ ပြောရင် ပိုမှန် ပါလိမ့်မယ်။ စိတ်ဓါတ်မြှင့်တင်ရေးသင်တန်းဆိုပြိး ဘားအံမြို့(ဇွဲကပင်ခန်းမ) မှာ ပြုလုပ်ခဲ့ပါတယ်။ တက်ရောက်ခဲ့ တဲ့လူတွေမှာလဲ အမှတ် (၂၂) တပ်မမှူးအပါအဝင် တပ်မတော်အရာရှိကြီးများနဲ့ ဇနီးသည်များ ပါဝင်ပါတယ်။ စကြည့်လိုက်ရတဲ့ ဗီဒီယိုဖိုင်မှာတင် အင်မတန်မှ စိတ်ပျက်စရာကောင်းလွန်းတာက သင်္ကန်းကြီး ဝတ်ထားတဲ့ သင်္ကန်းဝတ်လို့ပဲ အမည်တပ်သင့်တဲ့ သူတဦးဟာ တရုတ်သီချင်းကို ဖွင့်ပြီး.. သင်တန်းလာတက်သူတွေကို ကခုန်ခိုင်းနေတာပါပဲ။ သင်္ကန်းကြီးကို မြင်နေရပြီး အဲလို ကခုန်နေတာကိုပါ တွဲမြင်ရတာဟာ ထေရဝါဒီ တဦး အနေနဲ့ မျက်စိထဲမှာ မသင့်တော်ပါဘူး။ ဘယ်နည်းနဲ့မှလဲ အမြင်မတော်တဲ့ကိစ္စ။ လူကြီးတွေ ဘယ်လိုတွေးပြီး ဘယ်လိုလုပ်လိုက်လဲတော့ မသိ.. မဖြစ်သင့်တာတော့ အမှန်ပင်။ နောက်ဆက်တွဲဗီဒီယိုတွေ မှာလဲ စိတ်ညှို့ သလိုလိုပုံစံမျိုးလဲ တွေ့လိုက်ရတော့ တကယ့်ကို စိတ်ပျက်စရာကောင်းတဲ့ မြင်ကွင်းတွေပါ။


လက်ရှိသာသနာတော်ဟာ ဂေါတမမြတ်စွာဘုရားရှင်တည်ထောင်ခဲ့တဲ့ သာသနာတော်ပါ။ သာသနာမှာ ရတနာ သုံးပါးလို့ ခေါ်တဲ့ ဘုရား၊တရား၊သံဃာ သုံးပါး။ ဘုရားဂုဏ်တော် ကိုးပါး၊ တရားဂုဏ်တော် ခြောက်ပါး။ သံဃာ့ ဂုဏ်တော် ကိုးပါး ရှိပါတယ်။ ဘုရားရှင် သက်တော်ထင်ရှားရှိစဉ်ကာလ မဟုတ်တဲ့အတွက် ဘုရားရှင် ကိုယ်တော် တိုင်ကို မြင်မတွေ့ရသည့်တိုင် ကျွန်မတို့ဗုဒ္ဓဘာသာဝင်တွေဟာ သဒ္ဓါအားနဲ့ မြတ်ဘုရား ဂုဏ်တော်တွေကို ကြည်ညိုမဆုံး ဖြစ်ရပါတယ်။ တရားဂုဏ်တော်ဟာလဲ ကိုယ်တိုင်ကျင့်ကြံအားထုတ်မှ ရတဲ့ တရားဖြစ်တဲ့အတွက် ကိုယ်တိုင်ကျင့်ကြံအားထုတ်သူတွေက ပညာအား၊ မကျင့်ကြံသေးသူတွေကလဲ သဒ္ဓါအား နဲ့ ကြည်ညို မဆုံး ဖြစ်ကြရပါတယ်။ ဟုတ်ပါပြီ.. ကျွန်မတို့ မျက်စိနဲ့ မြင်တွေ့လို့မရ၊ ထိတွေ့လို့မရတဲ့ ဘုရားရှင်ကိုယ်တော်မြတ် ကြီးနဲ့ တရားတော်ရဲ့ ဂုဏ်တို့ကို သဒ္ဓါအားလေးနဲ့ ကြည်ညိုကြရပါတယ်။ ဒီမှာ ကျွန်မတို့အတွက် ကံကောင်း တာက ဘုရားရှင်ကိုယ်တော်မြတ်ကြီး ဟောကြားတော်မူခဲ့တဲ့ တရားတွေကို ထေရ်အစဉ်အဆက် စောင့်ရှောက် ထိန်းသိမ်းတော်မူခဲ့တဲ့ သံဃာတွေဟာ မျက်မှောက်ခေတ်မှာ ရှိနေလို့ပါ။ သဒ္ဓါအားနည်းသူတွေအတွက် မမြင်ရ တဲ့ အရာတခုထက် မြင်တွေ့ရတဲ့ အရာတခုကို ပြသပြီး ဒီသာသနာ တန်ဖိုးမြင့် ကြောင်းကို သိရှိစေရပါမယ်။ အထူးသဖြင့် ဘာသာခြားတွေ ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံမှာ သံဃာတွေရဲ့ ဂုဏ်ဟာ အင်မတန်မှ အရေးကြီး လှပါတယ်။

သံဃာမဟုတ်ပါ

ဒီနေရာမှာ တခုတော့ ရှင်းလင်းစွာ ဖော်ပြချင်ပါတယ်။ သံဃာဆိုတာ မြတ်စွာဘုရားရှင် ပညတ်တော်မူခဲ့တဲ့ ဝိနည်းတွေကို လိုက်နာတဲ့၊ တရားနှင့်အညီ ကျင့်ကြံတဲ့ အဖွဲ့အစည်း၊ အပေါင်းအစည်းကို ခေါ်ဆိုခြင်းလို့ နားလည်ထားပါတယ်။ ဒါကြောင့် မြတ်စွာဘုရားရှင် ပညတ်တော်မူခဲ့တဲ့ ဝိနည်းတွေကို မလိုက်နာဘူး၊ တရားနဲ့ မညီဘူးဆိုရင် အဲဒီ့ပုဂ္ဂိုလ်ဟာ သံဃာမဟုတ်ဘူးလို့ ရဲရဲကြီး ပြောလိုက်လို့ ရပါတယ်။

မသိလို့လား သိလျက်သားလား

သံဃာတွေမှာ ၂၂၇ သွယ်သော ဝိနည်းသိက္ခာပုဒ်တွေရှိပါတယ်။ ငယ်ဖြူဆရာတော် အများကတော့ အဲဒီ့ဝိနည်း တွေကို သိလဲသိကြ၊ နားလဲ လည်ကြပြီး တောထွက်ဆရာတော်အချို့မှာတော့ ဝိနည်းတွေကို သေချာတောင် သိချင်မှ သိပါမယ်။ အရေးအကြီးဆုံးအချက်မှာ မြတ်စွာဘုရားရှင် ပညတ်တော်မူခဲ့တဲ့ အကျဉ်းအားဖြင့် ၂၂၇ သွယ်သော ဝိနည်းသိက္ခာပုဒ်တွေကို သံဃာများအနေနဲ့ မဖောက်မပြန် မကျိုးမစည်း စောင့်ထိန်းကြဖို့ပါပဲ။ သံဃာဖြစ်ပြီဆိုတဲ့အချိန်မှာ တောထွက် ဖြစ်စေ၊ ငယ်ဖြူဖြစ်စေ ဝိနည်းများကို သိရှိနားလည်အောင် ဖတ်ရှု လေ့လာရပါမယ်။ လေ့လာပြီးသည့်အတိုင်းလဲ ကျင့်ကြံ အားထုတ်ရပါမယ်။ သင်္ကန်းဝတ်ပုဂ္ဂိုလ်များအချို့မှာ ဝိနည်းများကို မသိလို့ ချိုးဖောက်နေတာလား၊ သိလို့ ချိုးဖောက် နေတာလားမသိ။ ဘေးအမြင်အရ သာသနာတော်၏ စည်းမျဉ်းများနှင့် မညီသည်ကို တွေ့ရပါတယ်။ မသိလို့ ချိုးဖောက်သည် ဆိုသူမှာ မလေ့လာ ဖူး၍သော်လည်းကောင်း၊ ဆိုလိုရင်းကို နားလည်နိုင်သောဉာဏ် မရှိ၍သော်လည်းကောင်း ဖြစ်နိုင်ပြီး၊ သိလို့ ချိုးဖောက်သူများမှာတော့ လေ့လာနားလည်ထားပြီးတဲ့နောက် မိမိလိုချင်သလို ဆွဲတွေးဆွဲပြောပြီး ဝိနည်းကို ကောင်းကောင်းကြီး ချိုးဖောက်တတ်ပါတယ်။ အကျင့်မပါ စာချည်းတတ်မယ်ဆိုရင်တော့ အဲဒီ့လို အပြစ်မျိုး ဖြစ်ကြရပါမယ်။

ဝိနည်းညီမှ သံဃာမည်ပါတယ်

အထက်မှာ ဆိုပြီးခဲ့သည့်အတိုင်းပင် သံဃာဟူသည်မှာ မြတ်စွာဘုရားရှင် ပညတ်တော်မူခဲ့သည့် ဝိနည်းများကို လိုက်နာ၍ တရားသဖြင့် ကျင့်ကြံနေသူများ အဖွဲ့အစည်းကို ဆိုလိုခြင်းဖြစ်တဲ့အလားတူ ဝိနည်းမညီဘူး လို့သိပြီဆိုရင် မိမိကိုယ်ကို သံဃာလို့ မဆိုသင့်ပါဘူး။ တောထွက်မို့လို့ ဝိနည်းကို မလေ့လာရသေးဘူး ဆိုရင်လဲ ကိုရင်ကြီးဘဝမှာတင် ကြိုးစား သင်ယူသင့်ပါတယ်။ ဒါမှ မဟုတ်ဘဲ ဝိနည်းကို မသိဘဲ ပဉ္ဇင်းခံလိုက်မယ် ဆိုရင်တော့ မိမိကြောင့် သာသနာညှိုးနွမ်းနိုင်တဲ့ အဖြစ်မျိုး ရှိလာမှာ ဖြစ်သလို မိမိဘာသာ သင်္ကန်းစီးလို့ အကုသိုလ်အရှာထွက်သလို ဖြစ်ပါမယ်။ ရဟန္တာဖြစ်တော်မူသွားတဲ့ စွန်းလွန်းဆရာတော်ဘုရားကြီးတောင် ဝိနည်းရဲ့ တန်ဖိုးကို ဘယ်လောက်အလေးပေးခဲ့လဲဆို ဝိနည်းကို မလေ့လာရသေးတာမို့ ကိုရင်ကြီးဘဝမှာတင် အတန်ကြာ နေခဲ့တာကို ထောက်ချင့်ကြည့်လို့ သိနိုင်ပါတယ်။ ဒါကြောင့် သံဃာတပါး ဖြစ်ချင်ပြီဆိုရင် ဝိနည်းကို ထိန်းသိမ်းနိုင်ဖို့ ကြိုးစားရပါမယ်။

မဖြစ်နိုင်ရင် မလုပ်ပါနဲ့ဦးလား

ဝိနည်းတွေကိုမှ မထိန်းသိမ်းနိုင်ဘူးဆိုရင် သာသနာ့ဘောင်တွင်း ရဟန်းမဖြစ်ချင်ပါနဲ့ဦး။ မိမိကိုယ်မိမိ ပြင်ဆင် စရာတွေ ရှိသေးတယ်ဆိုပြီး လူဝတ်နဲ့ပင် ဖြစ်စေ၊ ကိုရင်ကြီးအဖြစ်နှင့်ပင် ဖြစ်စေ.. နေသင့်ပါတယ်။


သာသနာ့ဝန်ကို ထမ်းမယ်ဆို

သာသနာ့ဝန်ကိုထမ်းမယ်ဆိုရင် ရဟန်းပြုတာဟာတော့ အမွန်မြတ်ဆုံး အဖိုးအထိုက်တန်ဆုံးပါ။ သို့ပေမဲ့ ရဟန်း ပြုရင် နေရမယ့် ဝိနည်းစည်းကမ်းတွေကို မလိုက်နာနိုင်သေးတဲ့ ပုဂ္ဂိုလ်တွေအနေနဲ့တော့ လူဝတ်ဖြင့်လဲ သာသနာပြုနိုင်ပါတယ်။ အင်မတန်မှ စည်းစောင့်ရတဲ့ ရဟန်းဘဝဟာ ကိုယ်နဲ့ ထိုက်ပြီလား မထိုက်သေးဘူးလား ဆင်ခြင်တဲ့ဉာဏ်ဟာတော့ အကုသိုလ်ကို ကြောက်မယ့် ဗုဒ္ဓဘာသာဝင်တိုင်းမှာ ရှိနေမှာပါ။ ဒါကြောင့် သာသနာ့ဝန်ကို ထမ်းမယ်ဆိုရင် ကိုယ်နိုင်တဲ့ အနေအထားကနေ စပြီး ထမ်းရွက်ဖို့ လိုအပ်ပါတယ်။

တကယ်ချစ်ရင် မုန်းချင်မုန်းကြပါစေ

တခါတရံမှာ ရှိတတ်ပါတယ်။ အန္ဓပုထုဇဉ်တို့ရဲ့ ထုံးစံအရ ဗေဒင်တွေ၊ ယတြာတွေနဲ့ မွေ့လျော်ချင်၊ မြေရှိုးမိုးပျံ တာတွေကို နှစ်မြို့ကြတတ်တာပါ။ တပည့်ဒါယကာ၊ဒါယကာမတို့ကို တကယ်ချစ်တဲ့ ရဟန်းဆိုလျှင်တော့ အဲဒီ့လို သာသနာနဲ့ မသက်ဆိုင်တဲ့အရာတွေကို ပစ်ပယ်ရပါလိမ့်မယ်။ မြတ်စွာဘုရားရှင်အလိုတော်ရှိတဲ့ သာသနာ တော်စစ်စစ်ဖြစ်အောင် ဆောင်ရွက်ကြရပါလိမ့်မယ်။ တပည့်ဒါယကာ ဒါယကာမတို့ကို တကယ်ကောင်းစေ ချင်တယ်ဆိုရင် သာသနာ့ အနှစ်သာရ စစ်စစ်တွေဖြစ်တဲ့ သာသနာတွင်း ဒါန၊ သာသနာတွင်း သီလ၊နဲ့ ဝိပဿနာဘာဝနာတရားတို့ကို သင်ကြားပြသပေးရပါမယ်။

ကိုးကွယ်ရာမှာ ရွေးချယ်ပါ

လူပုဂ္ဂိုလ်များမှလည်း ရဟန်းကို ကိုးကွယ်တယ်ဆိုရာမှာ ဒါနပြုရင်လဲ ဒါနမြောက်အောင် သီလ၊သမာဓိနဲ့ ပြည့်စုံတဲ့ ရဟန်းတွေကို ကိုးကွယ်ရပါလိမ့်မယ်။ ဘာမှန်းညာမှန်းသေချာမသိ… သင်္ကန်းကြီးမြင်လို့ ကိုးကွယ် တယ် ဆိုပြီး မလုပ်သင့်ပါဘူး။ သာသနာတော်ကို မကာကွယ်မစောင့်ရှောက်ချင်နေပါ။ သာသနာတော် ပျက်ပြား စေမယ့် ပုဂ္ဂိုလ်တို့ကို ထောက်ပံ့နေမှုကို ရပ်ဆိုင်းရပါမယ်။ ပညာမပါဘဲ သဒ္ဓါတခုတည်းနဲ့ဆိုရင် ဗုဒ္ဓဘာသာ ကောင်းတယောက် ဘယ်နည်းနဲ့မှ ဖြစ်မလာပါဘူး။ ဗုဒ္ဓသာသနာတော်ရဲ့ အနှစ်သာရကိုက စမ်းသပ်စစ်ဆေး ခံနိုင်မှုပါ။ စမ်းသပ်စစ်ဆေးတယ်ဆိုရာမှာ ဝေဖန်ပိုင်းခြားနိုင်မှုဉာဏ်ရှိမှ ဖြစ်မှာပါ။ သဒ္ဓါနဲ့ ပညာဉာဏ်ညီမျှမှသာ ဗုဒ္ဓဘာသာဝင်ကောင်းတယောက် ဖြစ်နိုင်တာမို့ ဗုဒ္ဓဘာသာစစ်စစ်လို့ မိမိကိုယ်ကို ပြောဆိုသူတွေ မပြောခင်မှာ မိမိကိုယ်မိမိ ပြန်လည်သုံးသပ်ရတော့ပါမယ်။

သာသနာတွင်းကာလမှာ သာသနာပတွေ ဖြစ်မယ်ဆို

အခုလက်ရှိကာလဟာ သာသနာတော် နှစ် ၂၅၀၀ ကျော်ကာလ၊ သာသနာတွင်းကာလပါ။ ဒီကာလမှာ လူဖြစ် ရတာ အင်မတန်မှ ကုသိုလ်ထူးပါတယ်။ လူဖြစ်တဲ့အလျောက်လဲ တရားတွေကို သိရ၊ဖတ်ရတာ ပိုလို့ ကုသိုလ် ထူးပါတယ်။ ဖတ်ရှုနာကြားလို့ တရားတွေကို နားလည်ရတာလဲ ပိုလို့ ကုသိုလ်ထူးပါတယ်။ အဲဒီ့ အဆင့် ၃ ဆင့်နဲ့ ရပ်မနေဘဲ ကိုယ်တိုင် လိုက်နာကျင့်သုံးတဲ့အဆင့်အထိ တက်လှမ်းမယ်ဆိုရင် ကုသိုလ်အထူးဆုံးသော အရူးရောဂါပျောက်ဆေးကို သုံးစွဲနေပြီဖြစ်တဲ့ ကလျာဏပုထုဇဉ်အဆင့်ကို ရောက်ရပါမယ်။ ဒါမှမဟုတ်ဘဲ လူဖြစ်ရတဲ့ အဆင့်မှာတင် ကျေနပ်မယ်ဆိုရင်၊ တရားစာအုပ် ဖတ်ရှုမှုအဆင့်မှာတင် ကျေနပ်မယ်ဆိုရင်၊ တရားစာတွေ နားလည်မှု အဆင့်မှာတင် ကျေနပ်မယ် ဆိုရင် နောက်ထပ် သံသရာတခွင် ဝဲဝဲလည်ပြေးရဦးမယ့် အရူးတွေပဲ ဖြစ်ဦးပါမယ်။ ဒါကြောင့် ဒါနပြုရာမှာလဲ ဘုရားရှင် အလိုတော်ကျ ဒါနပြုတတ်ဖို့၊ သီလဆောက်တည် ရာမှာလဲ ဘုရားရှင် အလိုတော်ကျ သီလဆောက်တည်တတ်ဖို့ လိုအပ်ပါပြီ။ မိမိကိုယ်မိမိ သာသနာတော် အတွင်းမှာလား၊ သာသနာပ မှာလားဆိုတာကို မိမိရဲ့ လုပ်ရပ်တွေသည် ဘုရားရှင် အလိုတော် ကျသည် မကျသည် ဟူသော စည်းမျဉ်းဖြင့် တိုင်းတာပါ။

ဆရာ့သိက္ခာလဲ မကျစေနဲ့

ဒီနေရာမှာ ထည့်သွင်းပြောချင်ပါတယ်။ အများစုဟာ ဘယ်တရားစခန်းကိုဖြင့် ဘယ်လိုဝင်တာ၊ ဘယ်ဆရာတော် များနဲ့ သိရှိခင်မင်ကြတာဆိုပြီး နှုတ်က တဖွဖွပြောလိုကြပါတယ်။ အဲဒီ့လို ဆရာ့အမည်ကို ထည့်သွင်းပြောကြ မယ်ဆိုရင်လဲ သတိထားပါ။ မိမိကြောင့် မိမိဆရာ၏ သိက္ခာလျော့ပါးသွားမည်လား။ မိမိကျင့်သည်ဟု တဖွဖွပြော နေသော တရားများ (အမှန်တကယ်အားဖြင့်ထိခိုက်မှုမရှိသော်လဲ) အများ၏ကြားတွင် ပြောတော့ တရားနဲ့ နေတယ်ဆို.. အခုတော့ တမျိုးပါလားဆိုပြီး တရားကို အထင်သေးမှု မရှိရလေအောင်၊ မိမိအားထုတ်ဖူးပါသည် ဟူသော တရားရိပ်သာရဲ့ ဂုဏ်ကိုလဲ မညှိုးနွမ်းစေရအောင် မိမိ၏ လုပ်ရပ်တွေဟာ မိမိဆရာသင်ပြတဲ့အတိုင်း ဟုတ်နေပြီလား မဟုတ်သေးဘူးလား သုံးသပ်ပြီး ဆရာ့စကားနားထောင်နိုင်ပြီဆိုမှ ဆရာ့တပည့်ဟု ပြောပါ လုပ်ပါ။ မဟုတ်ရင် ကြားရသူအဖို့ ဆရာ့ကို သိမထားလျှင် အလိုလိုနေရင်း ဆရာ့ ၏ ဂုဏ်သည် မိမိကြောင့် ညှိုးနွမ်းသွားနိုင်ပါသေးသည်။

သာသနာပြုပေးကြပါ

အထက်မှာ ဆိုခဲ့ပါတယ်။ သာသနာပြုတယ်ဆိုတာ လူဝတ်နဲ့လဲ သာသနာပြုနိုင်ပါတယ်။ ဒါကြောင့် ဘုရားရှင် အလိုတော်ကျ ဒါနပြုနည်း၊ သီလဆောက်တည်နည်း၊ ဘာဝနာပွားများနည်းတို့ကို သိရှိပြီဆိုရင် မိမိနဲ့ နီးစပ်ရာ ဆွေမျိုးသားချင်းမိဘမောင်ဘွားမိတ်ဆွေသူငယ်ချင်းတို့ကို ဆက်စပ်ပြောပြ နားလည်စေအောင် ဆောင်ရွက် ရပါမယ်။ မိမိတတ်နိုင်တဲ့အဆင့်အထိ သာသနာအကျိုးကို ဆောင်ရွက်ပေးကြပါ။ အဲဒီ့လိုမှ ဆောင်ရွက်မှု မပြုကြဘူး ဆိုရင် ဒီပို့စ်လေးကို ရေးဖြစ်တဲ့ အကြောင်းမူလဖြစ်သော သင်္ကန်းဝတ်ပုဂ္ဂိုလ်က သီချင်းတွေဖွင့် သင်တန်းပေး၊ လာတက်သူတွေကို ကိလေသာတိုးပွားစေအောင်၊ မာန်တိုးစေအောင် ပြုလုပ်လိုက်တဲ့ အဖြစ်မျိုး တွေ မြန်မာနိုင်ငံတဝှမ်းမှာ ပိုပြီး တိုးပွားစေပါမယ်။ အဲဒီ့လို တိုးပွားစေခြင်းအားဖြင့် မိမိရဲ့ မိတ်ဆွေသူငယ်ချင်း မောင်နှမသားချင်းမိဘ တဦးဦးမှ ထေရဝါဒီစစ်စစ်ကို နားမလည်နိုင်ဘူးဆိုခဲ့သော် အယူလွဲ အမှားတွေး တလွဲလုပ်မိပါတော့မယ်။ ဒါကြောင့် မိမိနဲ့ သက်ဆိုင် သူအားလုံးကို ကယ်တင်ဖို့ မိမိသိသမျှ ဘုရားအလိုတော် ကျနည်းလမ်းတွေကို ဖြန့်ဝေပေးခြင်းအားဖြင့် သာသနာပြုပေးကြပါ။

သာသနာတော်ရဲ့ အနှစ်ချုပ်ဟာ

သာသနာတော်ရဲ့ အနှစ်ချုပ်ဟာ အနိစ္စ၊ ဒုက္ခ၊ အနတ္တ သုံးပါးကို မြင်ဖို့ပါ။ ရည်ရွယ်ရင်းဟာ ကိလေသာတွေ ပါးပါးပြီးတော့ ကိလေသာ ကုန်ခမ်း အရဟန္တမဂ်ကို ရဖို့ပါ။ ဒါကြောင့် ဒီလမ်းတွေကနေ ဖယ်သွားပြီဆိုရင်၊ ဖယ်တဲ့အလုပ်ကို လုပ်မယ်ဆိုရင်တော့ ဝတ်ထားတဲ့ သင်္ကန်းကို ချွတ်ပေးကြပါ။

လူဝတ်ဆိုလျှင် သင့်ပါသည်

အဲဒီ့ ဗီဒီယိုဖိုင်လေးမှာ တွေ့လိုက်ရတဲ့ အနေအထားမျိုးဟာ လူဝတ်တွေ အနေနဲ့ လုပ်မယ်ဆိုရင် ကြိုဆိုပါမယ်။ အကြောင်းက သာမာန်ပုထုဇဉ်တွေအနေနဲ့ အသိအားနည်းတဲ့အခါမျိုးမှာ ပျော်ရွှင်စရာတခုခုကို စိတ်ဖြေဖျောက် ရာလို့ သတ်မှတ်တတ်ကြတာမို့ သာမာန်ပုထုဇဉ်တွေအတွက်တော့ အဲဒီ့လို လွတ်လပ်ပေါ့ပါးစေတာကို မကောင်းဘူးလို့ ပြောစရာ မရှိပါ။ အသိဉာဏ်အားနည်းလို့ ပူပန်စရာတွေ များလာတဲ့အခါ တရားနဲ့ မဖြေ တတ်ကြရင် ပျော်ရွှင်စရာတွေ နဲ့ ဖြေဖျောက်တတ်ကြတာကို ဒီလမ်းတွေပေါ်မှာ လျှောက်လှမ်းခဲ့ဖူးသူတိုင်း နားလည်ပြီးသားမို့ အထူးတလည် တားမြစ်နေစရာ မဟုတ်တော့ပါ။ တဖြေးဖြေးဉာဏ်ရင့်လာတာနဲ့အမျှ စိတ်ပူပန်စရာ၊ ဝမ်းနည်းစရာတွေ ပေါ်လာရင် တရားနဲ့ ဖြေဖျောက်နိုင်ကြပါလိမ့်မယ်။

ဝမ်းမြောက်မိပါသေးသည်

မည်သို့ပင်ဆိုစေကာမူ.. အသိဉာဏ်အားနည်းသည့် ဗုဒ္ဓဘာသာဝင်ပါဟု အမည်ခံသူများရှိသော်ငြား.. ဒီဗီဒီယိုဖိုင်လေးကို မြင်တွေ့လိုက်ရတဲ့နောက် သာသနာတော်ကို ညှိုးနွမ်းစေကြောင်း သိရှိနားလည်ပြီး ကန့်ကွက်ကြသူ အများကို တွေ့ကြရတာသည် ဝမ်းမြောက်စရာ ဖြစ်နေပါတယ်။ တဖက်မှာ သာသနာတော်ကို ညှိုးနွမ်းစေမှန်းတောင် နားမလည်တဲ့ လူကြီးသူမများကို မြင်တွေ့ရတယ်။ တဖက်မှာ သာသနာတော်ကို ညှိုးနွမ်း စေတဲ့လုပ်ရပ်တွေမှန်း နားလည်ကြတာဟာ လူငယ်အများစုဖြစ်နေတဲ့အတွက်ကြောင့်.. သာသနာတော်ဟာ နောက်တခေတ်ဆီအထိ သန့်ရှင်းအောင်အမှုထမ်းမယ့် သာသနာ့အမှုထမ်းလူငယ်တွေကို ရရှိထားပါသေး လားဆိုပြီး ဝမ်းမြောက်မှုဖြစ်ရပါတယ်။

လက်တွဲကြပါစို့လား

အဓမ္မကို ဓမ္မဖြင့် ချေမှုန်းပါမည်။ သာသနာတော်နဲ့မအပ်မစပ် ကိစ္စရပ်တွေ လုပ်နေတဲ့ သင်္ကန်းဝတ်တွေရော၊ သင်္ကန်းမဝတ် ဘိုးတော်၊ဘွားတော်၊မယ်တော်၊ကြီးတော်၊ဦးရီးတော်၊ (လက်လွန်သွားလို့နော် :P) အားလုံးကို မသိလို့ မှားသူတွေ ဆိုလျှင် သိရှိကြစေရန်၊ သိလျက်နဲ့ မှားနေကြသည်ဆိုလျှင်တော့ မသိတဲ့ တပည့် ပရိတ်သတ်များကို သိရှိစေရန် တာဝန်အရှိဆုံးမှာ ကျွန်မတို့အပါအဝင် ဒီစာကို လာရောက်ဖတ်သူများရော၊ မဖတ်သော်လဲ ထိုအသိရှိသောသူတိုင်း၏ တာဝန်ပင် ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မတို့ လူဝတ်ကို ချွတ်ပြီး သာသနာမပြုနိုင်သေးသော်လည်း…. ဆရာတော်ကြီးများ၏ သြဝါဒကို ခံယူကာ အတူတကွလက်တွဲကြလို့ သာသနာ့ဆူးငြှောင့်များကို ဖယ်ရှားကြပါစို့လား…။


မေတ္တာဖြင့်
ထိပ်ထား
(ဤပို့စ်ရေးဖြစ်ရန် အကြံပေးသော ဘုန်းဘုန်းဦးလောကနာထကို ကျေးဇူးတင်ပါတယ် ဘုရား)


Thursday, January 13, 2011

ချစ်သည်ဟု ဆိုကြရာဝယ်....

ကျွန်မတို့ လူ့ဘဝ အခိုက် ကျင်လည်ကြတဲ့အခါ မိဘဘိုးဘွား၊ ညီအစ်ကို မောင်နှမ ချစ်ခြင်းတွေ၊ သူငယ်ချင်း မိတ်ဆွေ ချစ်ခြင်းတွေ၊ ချစ်သူရည်းစားဆိုတဲ့ တဏှာပေမ ချစ်ခြင်းတွေ အားလုံးကို ကြုံတွေ့ကြရတယ်။ တဏှာပေမ အချစ်ကို ပုထုဇဉ်မှစ သောတာပန်အရိယာ၊ သကဒါဂါမ်တို့ အဆုံး တွေ့ကြရပါတယ်။ သောတာပန် ကလဲ သောတာပန်အလျောက်၊ သကဒါဂါမ်ကလဲ သကဒါဂါမ် အလျောက် ကိလေသာတွေကို ပယ်သတ် ထားကြတဲ့ အရိယာ သူတော်ကောင်းတွေ ဖြစ်တာမို့ ဒီနေရာမှာ ရေးသားချင်တဲ့ အကြောင်းအရာတွေဟာတော့ အရိယာ သူတော်ကောင်းတို့အဖို့ရော တကယ့် ကလျာဏ ပုထုဇဉ်များအတွက်ပါ အထူးတလည် မဟုတ်တဲ့ အရာပါ။

သို့ပေမဲ့ သာမာန်ပုထုဇဉ်များအတွက်ကတော့.........

ပထမဆုံးအနေနဲ့ ချစ်ခြင်းတွေ အကြောင်းကို အကြမ်းဖျဉ်း ဖော်ပြလိုပါတယ်။ အချစ်အမျိုးအစား (၃) မျိုးရှိ ပါတယ်။

တဏှာပေမ လို့ခေါ်တဲ့ ချစ်သူအချစ်၊တဏှာအချစ်
ဂေဟဿိတပေမ လို့ ခေါ်တဲ့ မိသားစုအချစ်
မေတ္တာပေမ လို့ ခေါ်တဲ့ မေတ္တာအချစ်၊ ပါရမီ အချစ်

အဲဒီ့ချစ်ခြင်း ၃ မျိုးမှာ အပူလောင်စေဆုံးကတော့ တဏှာအချစ်၊ ပြီးတဲ့နောက် မိသားစုအချစ်ဟာလဲ တဏှာနဲ့ ဆက်နွယ်နေလျက်ပါ။

အချစ်တွေ ဘယ်လိုကွာလဲ

အရိုးရှင်းဆုံးသော ဖြေရှင်းချက်ထုတ်ပါ့မယ်။ မေတ္တာပေမနဲ့ ချစ်သူတိုင်းဟာ မေတ္တာဆိုတဲ့ အအေးဓါတ်နဲ့ အတူ အေးမြနေပါတယ်။ တဏှာနဲ့ ချစ်ပြီဆိုရင်တော့ကွယ်…. သံသရာတွေရှည်ဖို့ရန် အပူဓါတ်နဲ့ အတူ ပူလောင်မှုတွေ ရှိရပါတော့တယ်။ ဂေဟဿိတ ကျပြန်တော့ရော… သူ့မှာ မေတ္တာဖက်သလို တဏှာနဲ့ စွက် နေပါသေးတယ်။ သမီးလေးအတွက် ပူပန်ရ၊ အဖေ့အတွက် စိတ်မောရ.. အဲဒီ့လို အဲဒီ့လို ပူပန်မှုတွေ ပေးတတ် ပါသေးတယ်။ ဒါတွေဟာတော့ အချစ်အကြောင်း အကြမ်းဖျဉ်းပေါ့လေ..။

ကျွန်မတို့ဟာ ကာမဘုံဖြစ်တဲ့ လူ့လောကမှာ ကျင်လည်ရင်း အရွယ်ရောက်သူအားလုံး ကြုံကြ တွေ့ကြရမှာ တဏှာပေမ အချစ်ပါ။ ရှောင်ချင်သူတွေတောင် ရှောင်မရဘူးဆိုတဲ့စကားတွေ ကြားရတာ အများကြီးရယ်ပါ။ ဒါကြောင့် အားလုံး တွေ့ကြကြုံကြရမယ့် တဏှာပေမချစ်ခြင်းအတွက် ကြိုတင်ပြင်ဆင်ရအောင်။ တဏှာပေမ အချစ်ဆိုတဲ့အတွက်ပူပန်မှုတွေအပြည့်နဲ့ ဖြစ်နေမယ်ဆိုတာ သတိပြုမိကောင်းပါရဲ့။ ကိုယ်ချစ်တဲ့လူ နေထိုင်မကောင်းဖြစ်တယ်ဆိုရင် စိတ်ပူရမယ်။ ကိုယ်ချစ်တဲ့လူ ကွယ်ရာမှာ ဘာတွေ လုပ်နေမလဲဆိုပြီး ပူပန်ရမယ်။ ကိုယ်ချစ်တဲ့လူ ကိုယ့်ကို ချစ်မှ ချစ်ရဲ့လားဆိုပြီး ပူလောင်ကြမယ်။ (အမယ်လေးလေး.. ရေးရင်းနဲ့ကို ကြောက်လာပြီ…. “ပူ” ဆိုတဲ့ စကားလုံးက မလွတ်ဘူးနော်) ဒီအပူတွေ ကိုယ့်ကို လောင်မြိုက်မှာကို ကြိုသိနေတယ်ဆိုရင် ကြိုတင်ကာကွယ်မှုတွေလဲ လုပ်နိုင်ရမှာပေါ့။

အချစ်ကြီး၍ အမုန်းကြီးသည်လား

ဆဒ္ဒန္တဇာတ်တော်ဆိုရင် ငယ်စဉ်တည်းက ကြားဖူးသိဖူးကြပါတယ်။ ဆဒ္ဒန်ဆင်မင်း၊ မဟာသုဘဒ္ဒါ၊ စူဠသုဘဒ္ဒါ ဆိုတာတွေဟာ ရင်းနှီးပြီးသားတွေပါ။ စူဠသုဘဒ္ဒါဟာ အချစ်ကြီးခဲ့လို့ ကိုယ်ချစ်တဲ့သူ ပျက်စီးလောက်တဲ့အထိ မုန်းတီးခဲ့တယ်။ ဒါတွေရဲ့ အရင်းခံဇစ်မြစ် တရားခံဟာ စူဠသုဘဒ္ဒါ မဟုတ်ပါဘူး။ စူဠသုဘဒ္ဒါရဲ့ စိတ်မှာ ဖြစ်ပေါ် နေတဲ့ ဆဒ္ဒန်အပေါ် ထားရှိခဲ့တဲ့ တဏှာပေမ အချစ်ကြောင့်ပါ။ စူဠသုဘဒ္ဒါကို အညှိုးကြီးတဲ့ မိန်းမရိုင်းကြီးရယ်လို့ သတ်မှတ်ကြသူတွေလဲ ရှိသလို သနားစရာအဖြစ် ယူဆကြတာလဲ ရှိပါတယ်။ ဘယ်လိုပဲ ထင်ကြ ထင်ကြ.. အနှစ်ချုပ်ကြည့်မယ်ဆိုရင်တော့ စူဠသုဘဒ္ဒါရဲ့ မချစ်တတ်မှုကိုသာ အဆိုးပြောရတော့မှာပါပဲ။

တော်ဝင်စံထား မိန်းမသား

လောကမှာ တဏှာပေမလဲ ပါတယ်… မေတ္တာစစ်လဲ ဖြစ်တဲ့ အချစ်မျိုးကို မြင်ဖူးကြ၊ ကြားဖူးကြမလား။ အခြားအကြောင်းအရာတွေ မသိရ၊ မကြားဖူးရသေးရင်တောင် ဗုဒ္ဓဘာသာဝင်တိုင်း သိနေကြမှာက ယသော်ဓရာ ဒေဝီကိုပါ။ သိဒ္ဓတ္ထမင်းသား ရဲ့ ကြင်ယာတော် မိဖုရားကြီး ယသော်ဓရာ။ သားဦးလေးမွေးဖွားတဲ့ နေ့မှာပဲ ခင်ပွန်းသည်က လောကီကို စွန့်ခွာလို့ သူမကိုပါ စွန့်ခွာသွားတာခံခဲ့ရတဲ့ ယသော်ဓရာ။ အင်မတန်မှ မြင့်မြတ်တဲ့ ချစ်ခြင်းမေတ္တာကို ပိုင်တဲ့ ယသော်ဓရာ။ နုစဉ်ဘဝ ပါရမီတွေ ဖြည့်ချိန်မှာ သူမရဲ့ မေတ္တာမှာ တဏှာပေမ မပါဘူးလို့လဲ ငြင်းလို့ မရသလို တဏှာပေမ အချစ်ကြီးပါလို့ ပြောလို့ မရနိုင်တဲ့ မေတ္တာမျိုးပါ။ ပါရမီဖြည့်ဘက်တယောက် ပီသစွာ ဘုရားအလောင်းတော် အပေါ်မှာ ချစ်မြတ်နိုးခဲ့ပါတယ်။ ဘုရားအလောင်း တော်ရဲ့ ပါရမီဖြည့်ဆည်းမှုတွေအတွက် မငြီးမငြူ ပါရမီဖြည့်ဘက်အဖြစ် ရှိခဲ့တဲ့ ယသော်ဓရာဟာ မိန်းမသား အားလုံး စံထားစရာ မိန်းမတယောက် ဖြစ်ပါတယ်။ ဒီနေရာမှာ ငြင်းချင်ဦးမလား မြင်မိပါတယ်။ ပါရမီရင့်ကျက်တဲ့ ယသော်ဓရာမို့ ဒီလို ပါရမီတွေ ဖြည့်ဆည်းနိုင်ခဲ့တယ်လို့ ပြောကြမယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ သုမိတ္တာဘဝမှာ စတင်ခဲ့တုန်းက ယသော်ဓရာဟာ ပါရမီ နုငယ်ပါသေးတယ်။ ပုထုဇဉ်ပဲ ဖြစ်ပါတယ်။ အားလုံးဟာ ဟိုးအရင် ဘဝအစတည်းက ပါရမီအနုအရင့်ဆိုပြီး မွေးလာတာ မဟုတ်ပါဘူး။ မိမိကိုယ်တိုင် ဖြည့်ကျင့်မှုသည်သာ အဓိကပါ။ တဘဝပြီး တဘဝ ပါရမီတွေ ဖြည့်ဆည်းခဲ့လို့သာ နောက်ဘဝ နောက်ဘဝတွေမှာ ပါရမီ ရင့်တယ်ဆိုပြီး ဖြစ်လာတာပါ။ ဒါကြောင့် ယသော်ဓရာကို စံထားလို့ ပါရမီဖြည့်လိုကြတဲ့ အမျိုးသမီးတွေ ငါ ပါရမီနုသေးတယ်လို့ ဆိုတာထက် ငါအခုကစပြီး ပါရမီဖြည့်မယ်ဆိုတဲ့ စိတ်ထားလေးတွေ ထားရှိသင့်ပါပြီ။ (မိမိကိုယ်တိုင်လဲ သတိ အတန်တန် ပေးရပါမည်)

ယောက်ျားသားများ အလေးထားစရာ

တော်ဝင်စံထား မိန်းမသားတွေ ရှိရုံမျှနဲ့လဲ မေတ္တာစစ်စစ်ကြီးတွေ အရှည်တည်တံ့နိုင်မှာ မဟုတ်ပါဘူး။ ယသော်ဓရာကတော့ တကယ့်ကို အမြင့်မြတ်ဆုံး၊ အသာလွန်ဆုံးသော မဟာလူသား ဖြစ်လာမယ့် ဗုဒ္ဓမြတ်စွာ လောင်းလျာကို ပါရမီဖြည့်ခဲ့ရတာမို့ စံထားစရာ မိန်းမသားဖြစ်ခဲ့ရတာပါ။ မိန်းမတွေသာ မြင့်မြတ်ပြီး ယောက်ျား တွေကတော့ နေချင်သလို နေ၊ ရှုပ်ပွေနေမယ်ဆိုရင် အဲဒီ့မိန်းမတွေ ဘယ်လောက်တော်တော် ပါရမီဖြည့်တယ် ဆိုတဲ့အရာကို ရောက်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ယောက်ျားတွေအနေနဲ့လဲ အလေးအနက်ပြုစရာတွေ ရှိနေ ပြန်ပါတယ်။ အပျော်အပါးတွေကို တတ်အားသရွေ့ လျှော့ရပါမယ်။ သစ္စာရှိရပါမယ်။ လက်ရှိကာလဟာ သာသနာတွင်းဖြစ်တဲ့အတွက် သာသနာတွင်းမှာ ရှိတဲ့ ဒါန၊ သီလ နဲ့ ဘာဝနာတရားကို စွဲမြဲရပါမယ်။ ဗုဒ္ဓအဆုံးအမအတိုင်း လိုက်နာနေထိုင်တဲ့ အမျိုးသားတွေ ဖြစ်ရပါမယ်။

မိန်းမသားတို့ တာဝန်သိဖို့

လူအမျိုးမျိုး စိတ်အထွေထွေတဲ့။ လူတွေ အများကြီးဆီကို လိုက်မပြောလိုပါဘူး။ မိမိကိုယ်ကို မိမိစိတ်ကိုပင် ပြန်ဆန်းစစ်မယ်ဆိုရင် စိတ်ကလေးတွေဟာ စက္ကန့်ပိုင်းလေးအတွင်းမှာ ဖြစ်ပြီးပျက်ပျက်သွားတဲ့ စိတ်ကလေး တွေ၊ ဝင်လာတတ်တဲ့ လောဘတွေ၊ ဒေါသတွေ၊ အဲဒီ့လောဘ၊ဒေါသတွေကို သတိပြုလိုက်တဲ့စိတ်၊ သတိမပြု လိုက်မိတဲ့စိတ်.. ကိုယ့်စိတ်တောင် အမျိုးမျိုးဖြစ်နေတဲ့ ကျွန်မတို့ ကာမဘုံသားတွေအတွက် အားကိုးအားထား ရာဟာ “သတိ” တခုပါပဲ။ သတိရှိရင် ရှိသလောက် ဆင်ခြင်နိုင်မှာဖြစ်ပြီး သတိမရှိရင် မရှိသလောက် အမှားများပါလိမ့်မယ်။

တဏှာပေမနဲ့ ယှဉ်တဲ့ ချစ်ခြင်းတွေ ဖြစ်တဲ့အတွက် အိမ်ထောင်မှုဆိုတာ ရှိလာမှာပါ။ အိမ်ထောင်မှုမတိုင် ခင်မှာလဲ တဦးနဲ့တဦး ချစ်မြတ်နိုးမှုနဲ့ ချစ်သူတွေ ဖြစ်ကြဦးမယ်။ ယောက်ျားသားတွေဟာ တရားမှာ မွေ့လျော်နိုင်တဲ့ ယောက်ျားသားများ တနည်း တရားကို သိနားလည်သော ယောက်ျားသားများ ရှိမှာ ဖြစ်သလို အခြားအရာတွေမှာ မွေ့လျော်တဲ့ ယောက်ျားတွေလဲ ရှိမှာပါ။ တရားမှာ မွေ့လျော်နေတဲ့ ယောက်ျားသားများ အတွက်တော့ ချစ်သူ သို့မဟုတ် ဇနီးသည်များဟာ သူတို့ပြုတဲ့ ကုသိုလ်ကောင်းမှုတွေမှာ ပါရမီဖြည့် ဆောင်ရွက်ပေးရမှာ ဖြစ်သလို အကယ်၍များ ချစ်သူ သို့မဟုတ် ခင်ပွန်းဟာ ကိလေသာ များဖွယ် အရာတွေမှာ ပျော်မွေ့နေမယ်ဆိုရင် မိန်းမသားတယောက်အနေနဲ့ အသိပေးဖို့ လိုအပ်ပါတယ်။ ဒီနေရာမှာ အများ အငြင်းပွားဖွယ် ဖြစ်လာနိုင်ပါတယ်။ ဘာလဲဆိုတော့ မိတ်ဆွေ အပေါင်းအသင်းတွေနဲ့ လူမှုရေးအရ ဆက်ဆံ ရတာမျိုး (ဥပမာ အသောက်အစားကိစ္စအများစု) ဖြစ်လာမယ်ဆိုရင်ရော.. ဆိုပြီး ရှိလာနိုင်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြောရမယ် ဆိုရင်တော့ အကုသိုလ်ဖြစ်နိုင်တဲ့ကိစ္စဆို တားရမယ်။ ကုသိုလ်ဖြစ်နိုင်တဲ့ကိစ္စကို အားပေးရပါမယ်။ ဥပမာ ဆိုရရင်.. အလှူအတန်းကိစ္စ ကိုယ့်ချစ်သူ ကိုယ့်ခင်ပွန်းက လုပ်ဆောင်နေမယ်ဆိုရင်… ယောက်ျားအချင်းချင်း ပြောဆိုနေကြသည် ဖြစ်စေ၊ မိန်းမများနှင့် ပြောဆိုနေကြသည်ဖြစ်စေ… မိန်းမသားများက နားလည်ပေးရပါလိမ့်မယ်။ အားပေးမှု ပြုရပါလိမ့်မယ်။ မုဒိတာပွားရပါလိမ့်မယ်။ ဒါမှ မဟုတ်ဘဲ.. အဲဒီ့ ကုသိုလ်ပြုမှုတွေကို သဝန်တိုမှု ဆိုတဲ့ စိတ်နဲ့ တားဆီးမယ်ဆိုရင် မိမိဟာ တာဝန်မကျေတဲ့၊ ပါရမီဖြည့်ရာ မရောက်တဲ့ မိန်းမသား တဦးဖြစ်သွားပါလိမ့်မယ်။ နောက်တမျိုးအနေနဲ့ကတော့ အပျော်အပါးအတွက်၊ အသောက်အစားအတွက် အချိန်ပေးတဲ့ခင်ပွန်း သို့မဟုတ် ချစ်သူကိုတော့ မိန်းမသားများမှာ ဆုံးမရန်၊ သတိပေးရန် တာဝန်အပြည့်ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီ့ အပျော်အပါး အသောက်အစားဟာ စိတ်ကို ညစ်နွမ်းစေမှုလို့ ခေါ်တဲ့ ကိလေသာတိုးပွားစေမှုကို အားပေးနေလို့ပါပဲ။ အကျဉ်းချုပ်ပြောရမယ်ဆိုရင်တော့ မိန်းမသားများ ရဲ့ တာဝန်ဟာ ကုသိုလ်ပြုမှုတွေကို နားလည်ပေးရမယ်၊ အားပေးရမယ်၊ ဖြည့်ဆည်းပေးရမယ်။ အကုသိုလ်ပြုမှုတွေကို တားဆီးရမယ်၊ ဟန့်တားရမယ်။ ဒါ အဓိက တာဝန်ပါ။ အယူမှားနေတဲ့ သူကို အယူမှန် သည်အထိ ပြုပြင်ပေးခဲ့တဲ့ ဝိသာခါလို စူဠသုဘဒ္ဒါလို (အနာတပိဏ်သမီး) အမျိုးသမီးမျိုးတွေကို အတုယူ စံပြထားရပါမယ်။

အထက်ပါတာဝန်တွေအတွက် မိန်းမသားများဟာ တဏှာပေမ တခုတည်းနဲ့ ချစ်ကြမယ်ဆိုရင် မလွယ်ပါဘူး။ မလွယ်ဘူးဆိုတာထက် မဖြစ်နိုင်ပါဘူး။ တဏှာပေမရဲ့ အချုပ်ဟာ ပိုင်ဆိုင်လိုစိတ်၊ ရယူလိုစိတ်၊ လွှမ်းမိုး လိုစိတ်ပါ။ အဲဒီ့ရှိနေတဲ့တဏှာကို မပါယ်သတ်နိုင်တဲ့အနေအထားမျိုးမှာ မြင့်မြတ်တဲ့ မေတ္တာတရားကို ပေါင်းထည့် ပေးနိုင်မျှသာလျှင် အဲဒီ့လို တာဝန်ကျေတဲ့ အမျိုးကောင်းသမီးဖြစ်လာမှာပါ။ မိမိရဲ့ ချစ်ခြင်းမေတ္တာဟာ မိမိအတွက်ရော မိမိချစ်သူ မိမိခင်ပွန်းအတွက်ရော ကောင်းကျိုးကို ဖြစ်စေမလား၊ ဆိုးကျိုးကို ဖြစ်စေမလား ဆိုတာဟာ မိမိရဲ့ စိတ်ပေါ်မှာ အင်မတန်မှ မူတည်နေပါတယ်။ မိမိစိတ် မြင့်မြတ်ရင် မြင့်မြတ်သလောက် မိမိရဲ့ ချစ်ခြင်းမေတ္တာဟာ မြင့်မြတ်လာမှာပါ။

ကျွန်မအပါအဝင် မမုန်းတတ်ဘူးလို့ အာမခံနိုင်တဲ့လူတွေ ရှိကြပါတယ်။ ကိုယ့်အပေါ် ဘယ်လောက် အညှိုးကြီးကြီးနဲ့ ရန်ရှာလာပါစေ.. ခေတ္တခဏသာ စိတ်ဆိုးမိပြီး သတိဝင်လာတာနဲ့ တပြိုင်နက် အဲဒါတွေကို မေ့ပျောက်ပစ်နိုင်တဲ့ လူတွေလဲ ရှိကြပါတယ်။ ဒါပေမဲ့ ကျွန်မကိုယ်ကျွန်မ အာမ မခံနိုင်တာဟာ မချစ်ဘဲ နေနိုင်မှာလား။ သောတာပန် အရိယာတွေတောင် ကြုံရရင် မရှောင်နိုင်မယ့် ချစ်ခြင်းမေတ္တာကို ကျွန်မ ရှောင်လွှဲ နိုင်ပါမယ်လို့ အာမ မခံနိုင်ပါဘူး။ ဒါကြောင့် ဘယ်လိုလေး ချစ်တတ်ရင် ကောင်းမလဲဆိုတာကို တရားအသိလေး တွေနဲ့ ဆင်ခြင်မိတဲ့အခါ ကျွန်မ ရှာဖွေတွေ့ရှိခဲ့တဲ့ ချစ်ခြင်းမေတ္တာ ဟာ ချစ်တော့ချစ်.. တဏှာမပါနဲ့လို့လဲ မတားမြစ်သလို.. ချစ်သာချစ် ကြိုက်သလိုချစ်လို့လဲ အားမပေးတဲ့ ရိုးရှင်းလှတဲ့ တဏှာစွက်သော်လဲ စစ်မှန်သော မေတ္တာပါ။ ဒီနေရာမှာ ပိုလေးနက်အောင် ကျွန်မ သိပ်သဘောကျဖူးတဲ့ ဖွင့်ဆိုချက်လေးကိုလဲ ထည့်သွင်း ပြောကြား ချင်ပါတယ်။

“ဘာလုပ်ပေးမှ၊ ဘယ်လိုနေမှ၊ ဘာဖြစ်ရမှ ဆိုတဲ့ အတ္တကို စေခိုင်းတာမျိုးကျတော့လည်း အချစ်လို့ မခေါ်နိုင်တော့ဘူး။ အမှန်တော့ အချစ်စစ်ဆိုတာ ရယူလိုခြင်းမဟုတ်၊ ပေးဆပ်ခြင်းသာ၊ ပိုင်ဆိုင်လိုခြင်း မဟုတ်၊ ပိုင်ဆိုင်စေလိုခြင်းသာ၊ သိမ်းပိုက်လိုခြင်းမဟုတ်၊ စွန့်လွှတ်ခြင်းသာ၊ အသာစံခြင်း မဟုတ်၊ အနာခံခြင်းသာ ဖြစ်ပါတယ်။ ”

ဒါလေးက ကျွန်မရဲ့ အသိဉာဏ်ကို တရားလမ်းကြောင်းပေါ် တင်ရာမှာ အကူအညီတခုအဖြစ် ပါဝင်ခဲ့တဲ့ ဓမ္မရသဆိုဒ်မှာ ကိုအောင်ဦး ရေးသားထားတဲ့ “ယသော်ပမာ ချစ်တတ်ပါစေ” ဆိုတဲ့ ပို့စ်က ကောက်နှုတ် ချက်လေးပါ။ အခုကျွန်မရဲ့ ချစ်သည်ဟု ဆိုကြရာဝယ် ပို့စ်လေးကို ရေးသားရာမှာ အဖြူရောင်မေတ္တာက ကိုဖိုးသားရဲ့ “အချစ်အကြောင်းသိချင်သူများအတွက်” ဆိုတဲ့ ပို့စ်နဲ့ ဓမ္မရသက ကိုအောင်ဦးရေးသားထားတဲ့ “ယသော်ပမာ ချစ်တတ်ပါစေ” ဆိုတဲ့ ပို့စ် နှစ်ပုဒ်ကို ဖတ်ရှုပြီးတဲ့နောက်မှာ ဆင်ခြင်မိတဲ့ အတွေးတွေနဲ့ အဲဒီ့ ပို့စ်နှစ်ပုဒ်က အသိလေးတွေကို ထည့်သွင်းဖော်ပြထားပါတယ်။ အစ်ကိုနှစ်ယောက်ကို မောင်နှမချင်းမို့ ခွင့်မတောင်းဖြစ်လိုက်ဘူးဆိုတဲ့အကြောင်း ဒီမှာပဲ ထည့်သွင်းတောင်းပန်ချင်ပါတယ်ရှင်။ အဓိက အမျိုးသမီးတွေရဲ့ မေတ္တာကို ပိုဦးစားပေးပြီး ရေးသားရခြင်းအကြောင်းဟာ အမျိုးသမီးများဟာ သဝန်တိုရာမှာ အားကြီးကြသလို တကယ့်မေတ္တာစစ်ကို ဖန်တီးရာမှာလဲ အရေးပါတဲ့ နေရာမှာ ရှိနေတဲ့အတွက်ကြောင့်ပါ။ အမျိုးသားများလဲ မိမိတို့ အလေးထားရမယ့် ဝတ္တရားတို့ကို ကျေပွန်ကြဖို့ လိုအပ်ကြောင်း ထပ်လောင်း ပြောကြားလိုပါတယ်။ ဒီပို့စ်လေးကို လက်တန်း ကဗျာလေးတပုဒ်နဲ့ နိဂုံးချုပ်ပါမယ်။



အချစ်တဲ့လား……
သံသရာစက်ကွင်း ဝဲဝဲလည်စေမယ့်
သံသရာလက်မှတ်ဖြတ်ပိုင်း
ခရီးရှည်ကြီးတော့ မဝယ်မိစေနဲ့။

ခရီးရှည်သလောက်
စရိတ်ကလဲ ကြီးလှတာ
အသွားမတော်ရင်
အပါယ်ဘေးကြီးကလဲ ရှိသေးရဲ့။

အနိမ့်ဆုံးအားဖြင့်ပေါ့….
တဏှာကို နည်းနိုင်သမျှနည်း
မေတ္တာတွေ ထပ်ပေါင်းထားလို့
ပါရမီမြောက်တဲ့ ချစ်ခြင်းတွေအဖြစ်သာ
ရာသက်ပန် တည်စေသတည်း…။


(ဤပို့စ်လေးကို ရေးသားနေချိန်အတွင်း သိလိုသည်များကို ရှာဖွေပြောပြပေးသော ဘုန်းဘုန်း ဦးလောကနာထ နှင့် ဘုန်းဘုန်း ဦးကောဝိဒ (မြိတ်)၊ "အချစ်အကြောင်း သိချင်သူများအတွက်" ပို့စ်ရေးသားသူ ကိုဖိုးသား၊ "ယသော်ပမာ ချစ်တတ်ပါစေ" ပို့စ်ရေးသားသူ ကိုအောင်ဦး တို့ကို ကျေးဇူးတင်ရှိပါတယ်ရှင်။ ပြောဖူးတဲ့ စကားလေးကိုလဲ ထည့်သွင်းပြောကြားချင်ပါတယ်။ ကျွန်မနဲ့ သိရှိခင်မင်ပတ်သက်သူတိုင်း ကျေးဇူးရှိသူတွေမို့ အားလုံးကိုလဲ ကျေးဇူးတင်ပါတယ်။)

မေတ္တာဖြင့်
ထိပ်ထား





Tuesday, January 11, 2011

အို.. သမုဒယ

အို ဖေဖေ...
ချစ်ခင်မြတ်နိုး လေးစားသမှု ဆိုတဲ့
ဖခင်အပေါ်ထားတဲ့ မေတ္တာဟာ
မြင့်မြတ်နေပေမဲ့
အဲဒါလဲ သမုဒယ။

အို မေမေ...
ယုယပိုက်ထွေး ကြင်နာမှု ပေးတဲ့
မိခင်ကို ချစ်တဲ့ မေတ္တာဟာ
ဖြူစင်နေပေမဲ့
အဲဒါလဲ သမုဒယ။

အို ချစ်သူ...
စိတ်တူကိုယ်တူ ယုံကြည်မှု ရှိတဲ့
ချစ်သူ့အပေါ် ထားရှိတဲ့ မေတ္တာဟာ
မြင့်မားပေမဲ့
အဲဒါဟာ သမုဒယ။

အို သားသမီး...
ထွေးပိုက်ကြင်နာ လမ်းညွှန်မှု များနဲ့
သားသမီးအပေါ် ထားရှိတဲ့ မေတ္တာဟာ
အတုမရှိပေမဲ့
အဲဒါဟာ သမုဒယ။

အို.....
လောကတခွင် လှည့်ပတ်တွေးတော့
အရာရာဟာ သမုဒယ...
အဲဒီ့ကြိုးနဲ့ ချည်နှောင်ခံဖို့
ငါတို့အားလုံး အတူတကွ
ငြိမ်သက်စွာ လဲလျောင်းပေးနေကြပါလား။

ရုန်းထွက်ဖို့မှ ငါတို့မတွေးတော့
သမုဒယ အလုပ် သမုဒယ လုပ်မပေါ့။
သူ့တာဝန် သူကျေပေမပေါ့။
ဆက်ပြီးတော့ ချည်နှောင်ပေဦးမပေါ့။

သင်ဟာ ကျွန်ုပ်ရဲ့ စိတ်ကို ပူပန်စေတယ်။
သင်ဟာ ကျွန်ုပ်ရဲ့ နှလုံးသားကို မီးလောင်စေတယ်။
သင်ဟာ ကျွန်ုပ်ရဲ့ အတ္တကို အားပေးတယ်။
နောက်ဆုံး ကုန်ကုန်....
သင်ဟာ ကျွန်ုပ်ရဲ့ သံသရာလမ်းကို ပိုရှည်စေတယ်။

အို... သမုဒယ
သင့်ကို ကျွန်ပ် ကျွန်မခံနိုင်တော့
သင့်ကို ကျွန်ုပ် မခစားနိုင်တော့
သင့်ကို ကျွန်ုပ် လည်စင်းမပေးနိုင်တော့...

သင့်ကို ကျွန်ုပ် တော်လှန်မယ်။

သင့်ရဲ့ တာဝန်ကို သင်ကျေသလို
ကျွန်ုပ်ကလဲ သင်မချည်နှောင်နိုင်တော့အောင်
မဂ္ဂလက်နက်နဲ့ တိုက်ဖျက်မယ်။

အို.. သမုဒယ
သင့်ကို အနိုင်တိုက်ဖို့
မဂ္ဂလက်နက်ကို ကျွန်ုပ် ရဲရဲကြီး ကိုင်စွဲမယ်။


မေတ္တာဖြင့်
ထိပ်ထား

(၁၁.၁.၂၀၁၁ ၁၀နာရီ ၃၀ မိနစ်တွင် ဖခင်ဖြစ်သူ နေထိုင်မကောင်းသည့်အကြောင်းကြောင့် မနေ့ညနေတည်းက စားမရ ကောင်းကောင်းအိပ်မပျော် မိုးလင်းတော့လဲ အစားမဝင် ဖြစ်နေသည့် မိမိကိုယ်ကို ဆုံးမရင်း ရေးသားသည်။)

Saturday, January 8, 2011

သုဿာန်

- သုဿာန်တံခါးနှစ်ချက်ကို
အားယူလို့ ဖွင့်လိုက်တဲ့အခါ
လမ်းကြောင်းတခုက
အသေကောင်တွေကို
ဆီးကြိုနေသည့်အလား.....။

- အဲဒီ့သုဿာန်ဟာ
အသေကောင်တွေကို အမြဲလိုလားတယ်
အဲဒီ့သုဿာန်ဟာ
အသေကောင်တွေနဲ့ အမြဲသာယာတယ်
အဲဒီ့သုဿာန်ဟာ
အသေကောင်ရှိသမျှ အမြဲပျော်ရွှင်တယ်။

- အချို့အသေကောင်တွေကျ
တပိုင်းတစစီ
အချို့ အသေကောင်တွေကျ
ခန္ဓာတခုလုံး
အချို့အသေကောင်တွေကျ
အပုပ်နံ့လှိုင်လို့
အချို့အသေကောင်တွေကျ
သွေးနံ့ ကြိုင်လို့....။

- အဲဒီ့သုဿာန်တခုအတွက်
အပင်ပန်းတွေ ခံကြတယ်။
အဲဒီ့သုဿာန်တခုအတွက်
အချိန်တွေကို သုံးရတယ်။
အဲဒီ့သုဿာန်တခုအတွက်
အကုသိုလ်တွေ တိုးရတယ်။

- ကဲ.... သုဿာန်ဆိုတာနိမိတ်မကောင်းဘူးတဲ့
အဲဒီ့လို အများက ပြောကြတယ်...
ခန္ဓာသုဿာန်ကြီးကိုကျ
မပစ်နိုင် မပယ်ရက်
ဘာကြောင့် တွယ်မက်နေသလဲ။


( ၇.၁.၂၀၁၁၊ သောကြာနေ့ နေ့လည် ထမင်းစားချိန်တွင် မှတ်ရင်း ဖြစ်ခဲ့သော သံဝေဂပေါ် အခြေတည်၍ ရေးဖွဲ့သည်။)


မေတ္တာဖြင့်
ထိပ်ထား

Sunday, January 2, 2011

ကိုယ်စောင့်တရား ထိုလေးပါး


ဗုဒ္ဓဘာသာဝင်တိုင်းရဲ့ ပန်းတိုင်ဟာ နိဗ္ဗာန်ချမ်းသာလို့ ငယ်စဉ်တည်းက ကြားခဲ့၊ သိရ၊ သင်ခဲ့ရဖူးပါတယ်။ ဒါပေမဲ့ အဲဒီ့အချိန်တုန်းက နိဗ္ဗာန်ဆိုတဲ့ သဘောကို စင်စစ် နားမလည် မသိတတ်ခဲ့သေးပါ။ နိဗ္ဗာန်ဆိုတာ ချမ်းသာခြင်း ဆိုတဲ့ သဘောမျှ သက်သက်နဲ့ ကျွန်မ အရွယ်ရောက်လာခဲ့တယ်။ ဒီလိုနဲ့.. ကျွန်မ မရင့်မကျက် တရားအကြောင်း သိတယ်ဆိုရုံလေး ဖြစ်လာချိန်ကျ အရင်က အချိန်တွေကို နှမြောတတ်ခဲ့တယ်။ ဒီလိုနဲ့ သိတာထက် နားလည်မှုဆီကို ကြိုးစားတဲ့လမ်းတလျှောက်မှာ လျှောက်နေလေတော့မှ ကျွန်မ ပိုပြီး သိရှိလာခဲ့ ရတာက ကုန်သွားတဲ့အချိန်တွေဟာလဲ ဘာမှ မဟုတ်ဘူး။ အနာဂတ်ဖြစ်လာမယ်ဆိုတာတွေကလဲ ဘာမှ မဟုတ် ဘူး။ တကယ့်အာရုံစိုက်လို့ နေရမယ့်အလုပ်ဟာ ကျွန်မရဲ့ လက်ရှိ အချိန်ဆိုတာ သိရှိခဲ့ပါတယ်။ ဒါနဲ့ပဲ ကျွန်မတို့ တရားအလုပ်လုပ်.. တရားအားထုတ်ကြမယ်ဆိုတဲ့လမ်းပေါ်ကို ရောက်ရှိခဲ့ပြီ။ ဘာလုပ်ကြမလဲ။ ဘယ်လို လုပ်ကြမလဲ။ စတာနဲ့ ဘာမှ တရားနာကြားမှု မရှိဘဲ ဝိပဿနာ လုပ် ဆိုပြီး စလုပ်လို့ မရတဲ့ အတွက် တရားတွေ နာကြားရပါတယ်။ ဘုရားက တရားမထိုင်လို့ တရားမရဘူးလို့ မဟောခဲ့ပေမဲ့ တရားမနာလို့တော့ ဘယ်နည်း နဲ့မှ တရားရနိုင်မယ်မဟုတ်ကြောင်း ဟောကြားခဲ့တဲ့အတွက် တရားတွေ နာကြားကြရမယ်။

အများစုဟာတော့ အထင်တခုရှိတတ်ကြတယ်။ ဒါကတော့ မထိုင်ဘဲ တရားမရဘူးဆိုတဲ့ အထင်ပါ။ ဒီအထင်ဟာ တရားရလိုသူတွေအတွက် စစချင်းမှာ အနှောင့်အယှက်ပေးနိုင်ပါတယ်။ တရားလဲ သေသေချာချာ မနာယူဘဲ အာနာပါန… အာနာပါန နဲ့ချည်း စခန်းသွားမယ်ဆိုရင် တရားရဖို့လမ်းကြောင်းဆီ ဦးမတည်သေးပါဘူး။ အဓိက နံပါတ်တစ်ကတော့ ဘုရားကို ကြည်ညို၊ တရားကို ကြည်ညို၊ သံဃာကို ကြည်ညိုဖို့ ဖြစ်ပါတယ်။ နောက်တချက် ကတော့ မိမိရဲ့ လောဘ၊ဒေါသ၊တွေကို ကင်းစင်အောင် ကြိုးစားရပါမယ်။ ထိုင်နေရင်း လောဘဖြစ်၊ ဒါတရား မဟုတ်သေးပါဘူး… ထိုင်နေရင်း ဒေါသဖြစ်၊ ဒါတရားမဟုတ်သေးပါဘူး။ မတရားဖြစ်နေပါတယ်။ ဒီလိုဆို တရား ရရမယ့်အစား အပါယ်လားဖို့ကံ မြောက်သွားပါလိမ့်မယ်။ ဒါကြောင့် တရားအားမထုတ်မီမှာ တရားအားထုတ် တယ်ဆိုတာ ဘာလဲဆိုတာကို သိထားကြဖို့ လိုအပ်ပါတယ်။ တရားအားထုတ်တယ် ဆိုတာဟာ မိမိစိတ်ကလေး ဒေါသတွေကင်းအောင်၊ မိမိစိတ်ကလေး လောဘတွေကင်းအောင်.. ချုံ့ပြောလိုက်ရရင် အစဉ်အေးချမ်း နေအောင် ပြုလုပ်တာပါ။ တရားရတယ်ဆိုတာလဲ လောဘ၊ဒေါသ၊မောဟတွေ ကင်းပြီး စိတ်ကလေး ကြည်လင် နေရင်ပဲ တရားရှိနေပါပြီ။ တကယ်တော့ တရားအားထုတ်တယ်ဆိုတာ မိမိကိုယ်မိမိ အေးချမ်းနေစေဖို့ပါ။ အရိယာဖြစ်မဖြစ်ဆိုတာကတော့ တရားရဲ့အလုပ်ပါ။ ကိုယ့်ဘက်က လုပ်ရမှာက တရားစောင့်ဖို့ပါပဲ။ ဘယ် တရားမျိုးတွေ စောင့်ကြမလဲ။ ကျွန်မတို့ ထေရဝါဒဗုဒ္ဓဘာသာဝင်တွေ ဖြစ်ပြီ ဆိုတည်းက ရတနာသုံးပါးနဲ့ ငါးပါးသီလကို မကျိုးမပျက် ဆောက်တည်ကြရမယ်ဆိုတဲ့ အသိ ရှိပြီးပါပြီ။ ဒီတော့ ကျွန်မ ရှေ့ဆက်ပြီး ကိုယ်စောင့်တရား ၄ ပါးနဲ့ တရားစောင့်ပုံကို မျှဝေပေးချင်ပါတယ်။ ကိုယ်စောင့်တရားလေးပါး ဆိုတာသည် မေတ္တာကမ္မဌာန်း၊ ဗုဒ္ဓနုဿတိ ကမ္မဌာန်း၊ အသုဘကမ္မဌာန်းနဲ့ မရဏနုဿတိကမ္မဌာန်းတို့ပဲ ဖြစ်ပါတယ်။ အဲဒီ့ ကိုယ်စောင့်တရားလေးပါးကို ပါဋ္ဌိလိုမှာတော့ စတုရာရက္ခလို့ ခေါ်ပါတယ်။

မေတ္တာ ကမ္မဌာန်း

မေတ္တာတရားဆိုတာကို အနက်အဓိပ္ပါယ်တွေ ဖွင့်နေဖို့ မလိုအပ်ဘူးလို့လဲ ပြောလို့ရသလို လိုအပ်တယ်လို့လဲ ပြောလို့ရပါတယ်။ တကယ့်မေတ္တာစစ်ဟာ ပြောနေကျနှုတ်က ထွက်လာတဲ့ မေတ္တာဆိုတဲ့ အရာတွေထက် ပိုပြီး လေးနက်ကျယ်ဝန်းပါတယ်။ မေတ္တာစစ်ဆိုတာ ကိုယ့်အပေါ်မှာ ကောင်းသည်ဆိုးသည်မဟူ.. မပျက်သုဉ်းနိုင်တဲ့ သဘောရယ်ပါ။ ထို့အတူပဲ ကိုယ့်သွေးသားဖြစ်ဖြစ် သူစိမ်းအပေါ်မှာဖြစ်ဖြစ် အနည်းအများကွာဟမသွားနိုင်တဲ့ မေတ္တာပါ။ ဒါပေမဲ့ ဒါကို ကျွန်မတို့ ပုထုဇဉ်တွေ ထားနိုင်ပါတယ်လို့ ပြောရင် ဒါဟာ လိမ်တာပါပဲ။ ကျွန်မတို့ မလိမ်မညာ မဖုံးကွယ်ဘဲ ဝန်ခံကြည့်ကြရအောင်။ ကျွန်မတို့နဲ့ စိတ်သဘောတူသူတွေ၊ ကျွန်မတို့အပေါ် အလိုလိုက်အကြိုက်ဆောင်သူတွေ၊ ကျွန်မတို့နဲ့ သွေးသားတော်စပ်သူတွေ၊ ကျွန်မတို့အပေါ် ကြင်နာယုယ သူတွေအပေါ်ကိုမှ မေတ္တာပိုရှိတတ်ကြတယ်ဆိုတာ ငြင်းလို့မရပါဘူး။ ဒါပေမဲ့လဲ သူတို့ကိုယ့်အပေါ် မကောင်းတဲ့ စိတ်ထားကြပြီဆိုရင် မုန်းတီးသွားတတ်ကြတယ် မဟုတ်ပါလား။ ဒီတော့ကာ.. ကျွန်မတို့ အကုသိုလ်တွေပဲ ဖြစ်ရမယ်။ ဒီတော့ ပထမဆုံးအဆင့်အနေနဲ့ ကိုယ့်ကိုကိုယ် မေတ္တာထားရမယ်။ ကိုယ်အကုသိုလ် မဖြစ်ဖို့ သူများအပေါ် မကောင်းမကြံနဲ့။ ကိုယ်အကုသိုလ်မဖြစ်ဖို့ အမုန်းတရား မပွားနဲ့။ ကိုယ်အကုသိုလ် မဖြစ်ဖို့ စိတ်ထားကောင်းမွေး..။ ဒီလိုမျိုးနည်းနဲ့ ကျင့်ယူမယ်ဆိုရင်တော့ ပိုပြီးလွယ်ကူ လာပါလိမ့်မယ်။ ကိုယ့်ကိုကိုယ်မှ မေတ္တာမထားနိုင်သေးဘဲ သူများကို မေတ္တာထားတယ် ဆိုတာသည်လဲ လောကွတ်တွေပါ။ လောကွတ်တွေ လုပ်မနေဘဲ ကိုယ့်ကိုကိုယ် မေတ္တာထားပြီး အကုသိုလ် မများအောင် နေနိုင်ဖို့ ကြိုးစားရမှာပါ။ ဘယ်သူ့အတွက်လုပ်နေတာမှမဟုတ်… ကိုယ့်အတွက်လုပ်နေတာဆိုတဲ့ အသိစိတ်လေးနဲ့ နေလိုက်ရင် အကုသိုလ်ဖြစ်မယ့် မေတ္တာပျက်ခြင်းမျိုး ရှိလာမှာ မဟုတ်တော့ပါဘူး။

ဗုဒ္ဓနုဿတိ ကမ္မဌာန်း

ဗုဒ္ဓနုဿတိပွားများတာကတော့ အမြဲလိုလိုလုပ်သင့်တဲ့အရာပါ။ ဒီအတိုင်း နေကြတဲ့အခါမှာ မကောင်းမှုတွေ လုပ်တတ်ကြပါတယ်။ အရဟံအစ.. ဘဂဝါ အဆုံးရှိတဲ့ ဗုဒ္ဓနုဿတိရယ်မှ မဟုတ်ပါဘူး။ အစပြုတဲ့အနေနဲ့ အမြဲတမ်းမှာ မြတ်စွာဘုရား သို့တည်းမဟုတ် ဗုဒ္ဓ သို့တည်းမဟုတ် ဘဂဝါ ဘယ်ဟာကိုပဲ အာရုံပြုနေပါစေ.. အဓိက အရာမှာ မြတ်စွာဘုရားရှင်ကို သတိတရ ရှိနေဖို့ ဖြစ်ပါတယ်။ အဲလို မြတ်စွာဘုရားရှင်ကို အမြဲတမ်း သတိတရနဲ့ အာရုံပြုနေရင်းနဲ့ အနားမှာ ဘုရားရှိတယ်ဆိုတဲ့ အသိလေးဖြစ်လာပြီး မကောင်းမှု ဒုစရိုက်တွေ ကို ဝေးဝေးကနေ ရှောင်သွားပါလိမ့်မယ်။ ဘုရားကို ယုံကြည်မှု သဒ္ဓါတရား ထက်သန်ရင် ထက်သန်သလောက် ဘုရားရှင်သက်တော်ထင်ရှားအနားမှာ စံနေတော်မူသည်ကို ဉာဏ်အစွမ်းဖြင့် သိရှိနိုင်မှာ ဖြစ်ပါတယ်။ ဘုရား အနားမှာ ရှိနေမှတော့ မကောင်းမှုတွေကို လုပ်ဝံ့တဲ့ လူမိုက် ရှိတော့မည် မထင်ပါ။ အကုသိုလ်ကို ရှောင်ပြီး ကုသိုလ်တရားတွေနဲ့ ထုံမွမ်းထားနိုင်ဖို့အတွက် အကောင်းဆုံးသော နည်းလမ်းပါ။

မရဏ နုဿတိ ကမ္မဌာန်း

မရဏနုဿတိဆိုတာ ပြုလုပ်နိုင်ဖို့ရန် အနည်းငယ်တော့ ခက်ခဲပါတယ်။ တနေ့သေရမှာ ဆိုရုံလောက်မျှ ကတော့ အားလုံးသိပြီးသားပါ။ မရဏနုဿတိမှာတော့ ဖြစ်လိုက်၊ ပျက်လိုက်၊ သေလိုက်၊ နေလိုက်.. ဖြစ်ဖြစ် သွားတဲ့ အသေတွေကို ဉာဏ်နဲ့ သိဖို့ပါ။ တနေ့သေရမယ်ဆိုတဲ့ သဘောထက်..အခုချက်ချင်း သေတော့မယ့် သဘောကို သိနိုင်ဖို့ လိုအပ်ပါတယ်။ မရဏနုဿတိပွားပါများ အားကောင်းလာပြီဆိုတဲ့အခါ အခုခြေလှမ်းမှာ တင် သေတော့မယ်။ အခု လက်အကမ်းမှာတင် သေတော့မယ်။ အခု အသက်ရှုတချက်မှာတင် သေတော့မယ်.. ငါ အခုပဲ သေတော့မယ် ဆိုတဲ့ … သေခြင်းကို လက်ခံနိုင်တဲ့အသိ၊ အမှန်တရားကို လက်ခံနိုင်တဲ့အသိ ရှိပြီး တကယ်တမ်း သေတဲ့အခါမှာလဲ ခြေမကိုင်မိ လက်မကိုင်မိ မဖြစ်တော့ပါဘူး။ သေမယ့် အကြောင်းကို မှတ်ရင်း သေရမှာ ကြောက်လာတယ်ဆိုရင် အဲဒါဟာ မရဏနုဿတိ မဟုတ်ပါဘူး။ တရားလဲ မဟုတ်ပါဘူး။ သေခြင်းကို မှတ်ရင်း သေမှာကို ကြောက်လာတယ်ဆိုရင် မတရားဖြစ်သွားပါလိမ့်မယ်။ မရဏ နုဿတိကို အစဉ်ပွားများ နေသူအဖို့မှာတော့ ငါ့ကိုယ်ကြီး ငါ့ခန္ဓာကြီးဆိုပြီး တငါငါနဲ့ အစွဲကို ပယ်စေပါတယ်။ သေတော့မယ့် ငါ့အကျိုးအတွက် အခြားသတ္တဝါတွေ လူတွေကို နှိပ်စက်ဖို့စိတ်ထားလဲ ကင်းသွားပါမယ်။ ဒါကြောင့် ဒါဟာလဲ အကုသိုလ်ပယ်ပြီး ကုသိုလ်တိုးစေမှာပါ။

အသုဘ ကမ္မဌာန်း

အသုဘ ကမ္မဌာန်းရှုပွားရာမှာတော့ လူသေကောင်ကြီးကိုမှ ပုပ်ပွနေတာကြီးကိုမှ ရှုရမယ်လို့ မဟုတ်ပါဘူး။ အသုဘ ကမ္မဌာန်းဆိုတာ သုဘလို့ ထင်နေသမျှအားလုံးအပေါ်မှာ ရှုပွားနေလို့ ရပါတယ်။ ကိုယ့်ကိုကိုယ် တင့်တယ် တယ်မှတ်၊ အဟုတ်ကြီးထင်နေတယ်။ ကိုယ့်ရဲ့ မတင့်တယ်မှု ဆံပင်၊ ချေး၊ မျက်ချေး၊ မျက်ရည်၊ သွားရည်၊ ချွေး၊ မစင်အညစ်အကြေး.. အဲဒါတွေကို သိပြီး ရှုမှတ်နေရပါတယ်။ ကိုယ့်ရဲ့ ခန္ဓာကိုယ် ဒွါရ ၉ ပေါက်လုံးက မတင့်တယ်တဲ့ အညစ်အကြေးတွေ အရည်တွေ ထွက်နေတယ်ဆိုတာကို သတိလေးနဲ့ ရှိနေရပါမယ်။ အိပ်ရာနိုးစ ထပြီး မှန်ကြည့်… အိပ်ချင်မူးတူး မျက်နှာ.. ဘယ်မလဲ တင့်တယ်နှစ်သက်စရာ… သွားမတိုက်ခင် ကိုယ့်ပါးစပ်လေး ကိုယ်ပြန်အုပ်.. အနံ့ခံကြည့်.. ဘယ်မလဲ တင့်တယ်နှစ်သက်စရာ…. အဲဒီ့လိုလေး အမြဲသတိလေးနဲ့ သိနေရပါမယ်။ ဒါမှ မိမိကိုယ်ကို အဟုတ်ကြီးထင်… မာန်တက်ရင်း ကိုယ်တိုင် ကိုယ်ကျ ပြုနေတဲ့ အကုသိုလ်တွေကနေ ကင်းဝေးနိုင်မယ် မဟုတ်ပါလား။ ငါ့ကိုယ်ကြီး တင့်တယ်စရာ မဟုတ်ဘူး ဆိုတဲ့ သဘောကို သိရှိနေသူအဖို့ ငါ့ကိုယ်ကောင်ကြီးကောင်းစားဖို့ဆိုတဲ့ အတွေးနဲ့ အကုသိုလ်ဒုစရိုက်တွေကို ပြုကြမှာ မဟုတ်တော့ပါဘူး။

အဲဒီ့ ကိုယ်စောင့်တရားလေးပါးကို မူလကမ္မဌာန်းလို့လဲ ခေါ်ပါတယ်။ တရားအားထုတ်တော့မယ်ဆိုရင် မူလကမ္မဌာန်းကို ပစ်ပယ်ထားလို့ မရပါဘူး။ မူလကမ္မဌာန်းဟာ တရားထိုင်တာနဲ့ တူပါတယ်။ တရားထိုင်တယ်ဆိုရာမှာ လူခန္ဓာကိုယ်ကြီး ထိုင်နေတာကို မဆိုလိုပါဘူး။ စိတ်ထိုင်နေတာပါ။ တရားအားထုတ်တယ်ဆိုတဲ့အလုပ်ဟာ စိတ်ရဲ့ အလုပ်ဖြစ်ပါတယ်။ လူက လှုပ်နေနေ ငြိမ်နေနေ အဓိက စိတ်ကလေးထိုင်နေဖို့ပဲ ဖြစ်ပါတယ်။ အဲဒီ့စိတ်ကလေးတွေကို မူလကမ္မဌာန်းဆိုတဲ့ ကိုယ်စောင့်တရား ၄ပါးမှာ အမြဲပေးထိုင်နေရပါမယ်။ တရားအားထုတ်တယ်ဆိုတာ စိတ်ကလေးငြိမ်ပြီး တည်ကြည်ကာ ကုသိုလ်တရားတွေ ပွားများဖို့ ဖြစ်ပါတယ်။ အရာရာကို ဆိုင်ချင်ကြတဲ့ ကျွန်မအပါအဝင် ပုထုဇဉ်လူသားတို့အတွက် တရားအားထုတ်ရာမှာ အခြားအရာတွေလို ကိုယ်နဲ့ဆိုင်တယ်လို့ မှတ်ယူရင်း အကုသိုလ်တိုးစေတာမျိုး မဟုတ်တဲ့ ကိုယ်နဲ့ဆိုင်တယ်ဆိုတဲ့ စိတ်ထားကြောင့် ကုသိုလ်တွေသာ ထပ်ခါထပ်ခါ တိုးပွားစေမယ့် ကိုယ်စောင့် တရားလေးပါး အကြောင်းကို မျှဝေလိုက်ပါတယ်။ ဓမ္မမိတ်ဆွေ သူတော်စင်များအားလုံး ကိုယ်စောင့်တရား လေးပါး ဆိုတဲ့ မူလကမ္မဌာန်း တွေမှာ စိတ်ကလေးတွေ ထိုင်နိုင်ကြပါစေ။


(ကျေးဇူးတော်ရှင် ဓမ္မဒူတဆရာတော် အရှင်ဆေကိန္ဒ၏ နေစဉ်အလုပ် နေ့စဉ်လုပ် တရားတော်မှ အနှစ်သာရများကို ယူ၍ ထပ်ဆင့်အကျယ်ဖွင့်ရေးသားပါသည်။)


မေတ္တာဖြင့်

ထိပ်ထား