စိတ်ရော ကိုယ်ပါ ကျန်းမာချမ်းသာ၍ ဘေးဘယာကင်းကွာ မေတ္တာတရားဖြင့် အေးချမ်းစွာ နေနိုင်ကြပါစေ....



Saturday, September 25, 2010

ဘေးဆိုးကြီးများမှ ကင်းပါစေ...

ကျွန်မတို့ ပုထုဇဉ်ဖြစ်တဲ့ သတ္တဝါအားလုံးဟာ ဘေးအန္တရာယ်တွေဆို အင်မတန်မှ ကြောက်တတ်ကြပါတယ်။ များသောအားဖြင့် အငတ်ဘေး၊ သဘာဝဘေး၊ ဆင်းရဲဒုက္ခဘေး၊ အသက်ဘေး စတာတွေကို အလွန်အမင်း ကြောက်ရွံ့ကြပါတယ်။ ဒါတွေကိုပဲ တကယ့်ဆင်းရဲတွေ၊ တကယ့်ဘေးဆိုးကြီးတွေလို့ မှတ်ယူနေကြတယ်။ ကျွန်မတို့ မသိလိုက် မသိဘာသာ နေတဲ့ တကယ့်ဘေးဆိုးကြီးတွေ ရှိပါသေးတယ်...။

အဲဒီ့ဘေးဆိုးကြီးတွေဟာ.... ကျွန်မတို့ ကြောက်လန့်နေတဲ့ ဘေးအန္တရာယ်တွေထက် အဆပေါင်းများစွာ ဆိုးရွား ပါတယ်။ အဲဒီ့ဘေးတွေနဲ့ ကြုံလာပြီဆိုရင်လဲ ဘယ်လိုမှ ရုန်းမထွက်နိုင်တော့ဘူး။ အဲဒီ့ထဲက ဘေးတခုခုကို ကြုံရပြီ ဆိုရင်လဲ အခြားဘေးဆိုးတွေကိုပါ ကြုံလာရနိုင်ပါတယ်...။ ဒီဘေးတွေဟာ ဘာတွေလဲဆိုတော့
က) ဝိနိပါတဘေး ဆိုတဲ့ သေသွားတဲ့အခါ ရောက်ချင်ရာဘုံကို ရောက်ရတဲ့ဘေး။
ခ) နာနာသတ္တဥလောက္ကနဘေး ဆိုတဲ့ ဆရာမှား၊ ဘုရားမှားတဲ့ဘေး။
ဂ) ဒုစ္စရိတဘေး ဆိုတဲ့ မကောင်းမှုပြုတဲ့ဘေး။
ဃ) အပါယဘေးဆိုတဲ့ အပါယ်ကျရတဲ့ ဘေး။ စတာတွေပါပဲ။

ကျွန်မတို့တွေ လူသားတွေအဖြစ် မွေးလာကြတယ်။ မွေးထဲက ဗုဒ္ဓဘာသာဝင်တွေအဖြစ် မွေးဖွားလာကြတယ်။ ဗုဒ္ဓဘုရားရှင်ကို ကန်တော့ကြရမယ်ဆိုတာ သိတယ်။ တရားတွေကို နာယူရမယ်ဆိုတာ သိတယ်။ သံဃာတွေကို ကိုးကွယ်ရမယ် ဆိုတာ သိတယ်။ ဒါ့ကြောင့် တရားတော်တွေကို နာယူရာမှာ အရင်းခံ သဒ္ဓါတရားကြောင့် ပိုမိုသိရှိ လိုက်နာမှု ပြုကြပါတယ်။ ဒီလိုမှ မဟုတ်ဘဲ ပထမဆုံး တိရိစ္ဆာန်အနေနဲ့ မွေးလာမယ်ဆိုရင် အပါယ်ကျတဲ့ ဘေး တန်းဆိုက်တာ ဖြစ်နေပါပြီ။ လူသားအဖြစ်မွေးဖွားလာပြီး မွေးတည်းက ဘာသာခြားအနေနဲ့ မွေးဖွားခဲ့ရင်လဲ ဘုရားမှားတဲ့ဘေး ဆိုက်ပြီး ကောင်းမှုမကောင်းမှု မခွဲခြားနိုင်ဘဲ အပါယ်ကို ကျရပါဦးမယ်။

အဲဒီ့ ဘေးဆိုးကြီးလေးခုအပြင် နောက်ထပ် ဘေး (၂) ခုလဲ ရှိပါသေးတယ်။အဲဒီ့ဘေးတွေကတော့ မိမိကိုယ်ကို မကြည်ညိုခြင်းနဲ့ မိမိကို အများက မကြည်ညိုခြင်းတို့ပါပဲ။ အများက မကြည်ညိုလို့ အပါယ်မကျနိုင်ပေမဲ့ ကိုယ့်ကိုကိုယ် မကြည်ညိုဘဲ မလေးစားဘဲ ဖြစ်နေတယ်ဆိုရင်တော့ အပါယ်ကျဖို့ရာ သေချာနေပါပြီ။ ကိုယ့်ကို ကိုယ် မကြည်ညိုဘူးဆိုတည်းက မကောင်းမှုတွေကို ကာယကံမြောက် မကျူးလွန်းဖူးဘူး ဆိုရင်တောင် မနောကံ နဲ့ မကောင်းမှုတွေ ရှိထားတာ သေချာနေပါပြီ။ ဒါကြောင့် မိမိကိုကိုယ် မကြည်ညိုမဖြစ်ရလေအောင် သီလကို တော့ အထူးလုံခြုံဖို့ လိုအပ်ပါ တယ်။ကျွန်မတို့တွေတော်တော်များများဟာ ဒါန၊ သီလနဲ့ပဲ တင့်တိမ်ရောင့်ရဲကြ တယ်။ ဒါန၊သီလ ပြည့်ဝရင်ပဲ ကောင်းမွန်ရာဘုံကို ရောက်မယ်လို့ ထင်မြင်ကြတယ်။ ဒါနနဲ့ သီလဟာ အကျိုး ပေးကောင်းတော့ ရှိပါတယ်။ ဒါပေမဲ့ အရာအားလုံးကို အကောင်းတိုင်း ဖြစ်စေမှာတော့ မဟုတ်ပါဘူး။ နတ်ပြည် ရောက်အောင် ပို့ပေးနိုင်ပေမဲ့ အပါယ်မကျအောင် တားဆီးပေးဖို့ တသံသရာစာတော့ မလုံလောက်ပါဘူး။ ဘာဝနာတရားပွားများအားထုတ်ထားတဲ့လူတွေမှသာ အဲဒီ့ဘေးဆိုးကြီးတွေကနေ ရှောင်လွဲနိုင်မှာ ဖြစ်တဲ့ အတွက် အားလုံးသော မိတ်ဆွေများ ဘေးဆိုးကြီးများက ကင်းဝေးရအောင်.. ဒါန၊ သီလ တို့ကို ဖြည့်ကျင့်တဲ့ အပြင် ဘာဝနာတရားကိုလဲ မမေ့မလျော့ပွားများအားထုတ်နိုင်ကြပါစေရှင်...။

မေတ္တာဖြင့်
ထိပ်ထား

မေတ္တာရှင် (ရွှေပြည်သာ) ရဲ့ မဂ်တားဖိုလ်တား အန္တရာယ်များစာအုပ်မှ ကောက်နှုတ်၍ သင့်လျော်သလို ပြန်လည် ရေးသားသည်။

Sunday, July 11, 2010

ကျေးဇူးတင်မှတ်တမ်း


ကျွန်မရဲ့ မွေးနေ့ မှာ ကျွန်မနဲ့ပတ်သက်ခဲ့သမျှကျေးဇူးရှိသူများအားလုံးကို ကျေးဇူးအထူးတင်ချင်တဲ့စိတ် ကျွန်မမှာ ဖြစ်လာပါတယ်။ ကျွန်မနဲ့ ပတ်သက်ဖူးသူတိုင်းဟာလည်း ကျွန်မအပေါ်ကျေးဇူးရှိသူချည်းပါပဲ။ အနည်းဆုံး ကျွန်မ ပြောချင်တာလေး ရှိချိန်မှာ နားထောင်ပေးခဲ့ကြပါတယ်။ စကားတိုတိုလေးပဲဖြစ်ဖြစ် နားထောင်ပေးခဲ့သူတွေ အပါ အ၀င်ပေါ့။ သံသရာရေစက်ကြောင့် ဒီဘ၀မှာ ပတ်သက်ဆက်စပ်ရပြီး ကောင်းသော ဆက်ဆံခြင်းရှိသလို မကောင်း သော ဆက်ဆံခြင်းများလည်း ရှိခဲ့မှာပါ။ ဒါပေမဲ့ အားလုံးဟာ ဘယ်လိုပဲ ဆက်ဆံခဲ့ဆက်ဆံခဲ့ အားလုံးဟာ ကျွန်မ အပေါ်မှာ အထူးတလည် ကျေးဇူးပြုခဲ့သူချည်းပါပဲ။

ကျွန်မရဲ့ အသိမိတ်ဆွေများကို စတင် မပြောမီမှာ...... ကျေးဇူးရှင်ကြီးများ ဖြစ်ကြတဲ့ ဘုရား၊ တရား၊ သံဃာ ရတနာမြတ်သုံးပါး၊ မိဘများ၊ ကြားဆရာ မြင်ဆရာ သင်ဆရာများအားလုံးနှင့် ဆရာတော် ဦးတိလောက ဘိဝံသ (အင်းစိန်ရွာမပရိယတ္တိစာသင်တိုက်)၊ ၉ နှစ်အရွယ်မှစ၍ လိမ္မာယဉ်ကျေးစေရန် သားသမီးနှင့်မခြား ဆုံးမဟောပြသွန်သင်ပေးသော ဘုန်းဘုန်းဦးကောသလ္လ(မင်းကွန်းစာသင်တိုက်-တိုက်ခွဲ) တို့အား ဦးစွာပထမ ဦးချကန်တော့ပါ၏။

ဦးစွာပထမ ကျွန်မမေးသမျှကို ဖြေကြားပေးသော ဆရာတော် ဦးကောဝိဒ (မြိတ်) www.venkawwida.net ကို ကျေးဇူးအထူးတင်ရှိပါတယ်။ တရားနှင့် ပတ်သက်၍ အမြင်မရှင်းမကြည်လင်ခဲ့သည်များအား ပြောပြပေးတော် မူတဲ့အတွက် အရှင်ဘုရားရဲ့ ကျေးဇူးဟာ တပည့်တော်မအပေါ်မှာ ကြီးမားလှပါတယ်ဘုရား။ အရှင်ဘုရား သက်ရှည်ကျန်းမာ အနာရောဂါကင်းကင်းဖြင့် သာသနာ့အကျိုးကို များစွာ သယ်ပိုးနိုင်ပါစေ အရှင်ဘုရား။ တရား နဲ့ ပတ်သက်တဲ့ အသိများကို ပေးခဲ့တဲ့အတွက်လည်း နိဗ္ဗာန်သို့သွားရာခရီး လျှင်မြန်ပြီးမြောက်ပါစေ အရှင်ဘုရား (သို့တည်းမဟုတ်) ဆုထူးပန်ပါက ပန်ဆင်ထားသော တောင်းဆုအတိုင်းပြည့်မြောက်ပါစေဘုရား။ ထို့နောက် ကျွန်မ ပြုလုပ်ချင်သော ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်း စာအုပ်ငယ်ကလေးကို ကိုယ်တိုင် အားတက်သရော လိုအပ်တာများ အကြံပေးခြင်း၊ ဖြည့်စွက်ပေးခြင်း၊ ရေးသားပေးခြင်း၊ ရှာဖွေ ပေးခြင်းများ ပြုလုပ်ပေးခဲ့ပါသော ပန်းကမ္ဘာဆရာတော် ဦးသုနန္ဒာလင်္ကာရ www.dhammayaungchi.com ကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။ ကလေးငယ်များအား သင်ကြားပေးရန်နှင့် တပည့်တော်မအားလည်း တရားအသိတိုးစေရန် များစွာသော အထောက်အပံ့များကို ပေးတော်မူခဲ့သည့် အရှင်ဘုရား…. ပညာရှာမှီးရာ ကာလ၌လည်း အများထက်သာလွန်စွာ ဖြစ်ပါစေဘုရား။ တရားရှာမှီးရာ၌လည်း များစွာသော အထောက် အကူ ဖြစ်ပါစေ ဘုရား။ သာသနာအကျိုးသယ်ပိုးရာ၌လည်း များစွာ ထမ်းဆောင်နိုင်ပါစေဘုရား။ မဝေးတော့သော ကာလ၌ နိဗ္ဗာန်သို့မျက်မှောက်ပြုရပါစေအရှင်ဘုရား (သို့တည်းမဟုတ်) ဆုထူးပန်ပါက ပန်ဆင်ထားသော ဆုအတိုင်း ပြည့်မြောက်ပါစေဘုရား။

ထို့နောက် ကျွန်မအား တရားနှင့် ပတ်သက်၍ အကြီးများဆုံးသော အထောက်အပံ့အကူအညီအဆုံးအမကို ပေးအပ်ခဲ့သော သူမှာ ကိုဝင်းမြင့် www.thitsartayar.com ဖြစ်ပါတယ်။ ရှေ့စိတ်လေးကို နောက်သတိလေး ရှိနေဖို့ ဆုံးမခဲ့ပြီး၊ ကိုယ့်တရားကို ပြီးမြောက်အောင်ကျင့်ကြံဖို့လည်း ဆုံးမသွန်သင်ပေးခဲ့သလို ကျွန်မရဲ့ ကလေးများအတွက် ဗုဒ္ဓဘာသာယဉ်ကျေးမှု စာအုပ်ငယ်ကလေးမှာလည်း ပါဝင်ကူညီပေးခဲ့တဲ့ ဓမ္မနဲ့ပတ်သက် ၍ ဓမ္မမောင်နှမထဲမှ အကိုကြီးဖြစ်သူ အကိုဝင်းမြင့်လည်း ကျွန်မအား ဆုံးမသွန်သင်ပေးခဲ့သည့်အတွက် ကျေးဇူး အထူးတင်ရှိပါတယ်ရှင်။ အကိုလည်းပဲ နိဗ္ဗာန်သို့သွားလေရာလမ်းခရီးဖြောင့်ဖြူး၍ ကျွန်မကို သွန်သင်ပေးခဲ့ သကဲ့သို့ နောက်များစွာ သောသူများအားလည်း ဆုံးမသွန်သင်ပေးနိုင်ပါစေရှင်။ ထို့နောက် ကျွန်မအား ဆုံးမ ပေးခဲ့သည့် ကျွန်မ၏ အကိုဟု ပြောလျှင် မမှားနိုင်သော ကိုအောင်ဦး www.dhammaratha.com အား ကျေးဇူး တင်ရပါဦးမည်။ ကျွန်မ ဘယ်လောက်ဆိုးခဲ့ဆိုးခဲ့ ဘယ်လောက်လွဲခဲ့လွဲခဲ့ အကိုတယောက်က ညီမငယ်လေး တယောက်ကို ဆုံးမသကဲ့သို့ တခါတရံ အေးဆေးစွာနှင် လိုအပ်လာလျှင် လေသံပြတ်ပြတ်ဖြင့် ဆုံးမသော အကို့ကို ညီမလေး ကျေးဇူးတင်ပါတယ်ရှင်။ အငယ်တယောက်အနေနဲ့ မသိတတ်စွာ ပြောမိဆိုမိသော အမှားအား ခွင့်လွှတ်ပေးတတ်သော ညီမလေးရဲ့ အကိုကြီး၊ မွေးနေ့ ငွေရတုကို ပုလဲရတုလို့ မှားတဲ့အထိ လွဲသွားသော ညီမငယ်အား ဘာမျှ မပြောခဲ့သော အကိုကြီးအားလည်း ကျေးဇူးတင်ရှိပါတယ်ရှင်။ ညီမလေးအပေါ်တွင် ဆုံးမခဲ့သော ကျေးဇူးနှင့် ဗွေမယူတတ်သော ကျေးဇူးများကြောင့် အကိုအောင်ဦး သွားလေရာ လာလေရာ၌ အများ၏ ချစ်ခင်ခြင်းကိုသာရ၍ နိဗ္ဗာန်သို့ခရီးနှင်ရန် ပါရမီများ ဖြည့်ဆည်းရာတွင် ဘေးမရှိပါစေသား။ နောက်တဦးအနေဖြင့် ကျွန်မ မေ့မေ့လျော့လျော့ စလိုက်နောက်လိုက် အွန်လိုင်းတွင် အချိန်ကုန်နေစဉ်ကာလတွင် ကျွန်မအား တရားအားထုတ်ခြင်းဘက်သို့ စိတ်ပါဝင်စားလာစေရန် မိမိသိသလောက်ကို မခြွင်းမချန်ဖြင့် ပြောပြ ၍ တရားကို စိတ်ပါဝင်စားစေခဲ့သော ကျွန်မဘ၀၏ ကျေးဇူးရှင်တဦး ကျန်ပါသေးသည်။ ကျွန်မကတော့ ကျွန်မ ကျေးဇူးရှင်ကို ကျေးဇူးရှင်ဟုသာ ရေးမှတ်ထားပါတယ်။ သူကတော့ www.mindfulness.moethout.com မှ ကိုမိုးသောက်ခေါ် ကိုဥက္ကာဇော် ဖြစ်ပါတယ်ရှင်။ ကိုမိုးသောက်၏ ကျေးဇူး တရားများကြောင့် ကျွန်မ ဒီနေ့မှာ ဒီလိုတရားနဲ့အညီ နေထိုင်ကျင့်ကြံလာနိုင်ခဲ့တာပါ။ ကိုမိုးသောက်ရဲ့ ကျေးဇူးတွေကို ကျွန်မ အထူးတလည် ပြန်ဆပ်ရပါဦးမည်။ ကျွန်မအား အေးငြိမ်းရာလမ်းကို ပြသပေးနိုင်ခဲ့သလို ကိုမိုးသောက် လည်း ဒုက္ခဆင်းရဲခပ်သိမ်းကုန်ဆုံးချုပ်ငြိမ်းရာ နိဗ္ဗာန်သို့ သွားရာခရီး ဖြောင့်ဖြူးသာယာပါစေသား။

ထို့နောက် ကျွန်မအား တရားနှင့်ပတ်သက်၍ရော၊ အခြားလူမှုရေးကိစ္စများ၌ပါ ပြောဆိုဆုံးမ သွန်သင် ကူညီပေး သော အမကြီးတယောက်ကိုကျေးဇူးတင်ရပါဦးမယ်။ထိုသူမှာ ဘလော့ဂ်ပိုင်ရှင် မမထက်စုနှင်းဆီပဲ ဖြစ်ပါတယ်။ မမထက်စုဟာ ကျွန်မကို ညီမငယ်တယောက်ကဲ့သို့ ဆုံးမခြင်း၊ စိတ်ဓါတ်အားပေးခြင်း၊ နှင့် အသိတရားများပေးခြင်းတို့ ကြောင့် မမထက်စုလည်းပဲ ပင်ပန်းချိန်များမှာ တရားနဲ့အညီ နှလုံးသွင်းနိုင်ပါစေ။ သီလအား အထူးတန်ဖိုးထား တတ်သော မမထက်စု… သီလအကျိုးများနှင့် ပြုသမျှ ဒါနအကျိုး၊ ၀ိပဿနာအကျိုးများကြောင့် လျှင်မြန်စွာပင် နိဗ္ဗာန်သို့ မျက်မှောက်ပြုနိုင်ပါစေ (သို့တည်းမဟုတ်) ဆုထူးပန်ပါက ပန်ဆင်ထားသော တောင်းဆုအတိုင်း ပြည့်မြောက်ပါစေသား။ ကျွန်မအကောင့်ထဲတွင် ရှိနေသော်လည်း စကားပြောဖြစ်လေ့မရှိဘဲ ကျွန်မ လွန်စွာ ပင်ပန်း၍ မေတ္တာတရားအားပျော့သွားချိန်တွင် ကျွန်မအား ၀ဋ်ဆိုတာ လည်တတ်တယ်ဆိုသော အသိအား သတိပေးခဲ့သော မမေသက် www.maythetwin.multiply.com အား ကျေးဇူးတင်ရှိပါတယ်။ ပြုသူအသစ် ဖြစ်သူအဟောင်းနော်ဆိုတဲ့ အမရဲ့ စကားကြောင့် အသစ်ဖြစ်ရမည့်ဘေးမှာ ဝေးခဲ့ရပါတယ် အမ။ အမရဲ့ ဤကဲ့သို့ ကျေးဇူးရှိမှုကြောင့် အမသည်လည်း ၀ဋ်ကြွေးများကို တုံ့ဆပ်ရာ၌ မွန်မြတ်သောစိတ်ထားကို အစဉ်အမြဲထားလျက် နာကျင်မှုဝေးရပြီးအဆုံး၌ ကိလေသာများမှ ကင်းဝေးရာ နိဗ္ဗာန်သို့ ရောက်ရှိနိုင်ပါစေ အမ။

ကျွန်မနှင့်လွန်စွာမရင်းနှီးသေးသော်လည်း အကြောင်းကိစ္စကြုံလာ၍ တခွန်းလှမ်းပြောတိုင်း စာနာစွာဖြင့် သည်းခံ နားထောင်ပေးတတ်တဲ့ ကိုမောင်ကောင်း www.dhammamittar.com ကိုလည်း ကျေးဇူး အထူး တင်ရှိပါတယ်။ ကျွန်မရင်ထဲ ဒီရက်ပိုင်းကြုံရသမျှ ကိစ္စရပ်များကို တရားနှင့် ကုစားနိုင်ခဲ့ခြင်းမှာ ကိုမောင်ကောင်း ၏ ဓမ္မမေတ္တာဆိုက်ဒ်ကလေးကြောင့်ပင် ဖြစ်ပါတယ်ရှင်။ မေတ္တာတရားတို့ ထုံလွှမ်းနေသည့် ကိုမောင်ကောင်း၏ ဆိုက်ဒ်ကလေးနှင့်အတူ ကိုမောင်ကောင်းသည်လည်း မေတ္တာဓါတ်များထုံလွှမ်းကာဖြင့် ယနေ့ဤဘ၀၌လည်း သာသနာပြုလူတော်လူကောင်းတယောက်ဖြစ်ရပြီး နောင်နောင်မှာလည်း ဗုဒ္ဓသာသနာတော်နှင့် တွေ့ဆုံရကာ ပါရမီများဖြည့်ရ၍ ပန်ဆင်ထားသော တောင်းဆုရှိပါက တောင်းဆုအတိုင်း သို့တည်းမဟုတ် နိဗ္ဗာန်သို့ ဘ၀တိုတိုဖြင့် မျက်မှောက်ပြုရပါစေ။

ကျွန်မနှင့် မခင်မင်မရင်းနှီးသေးသော်လည်း ကျွန်မရဲ့ gtalk မှာ အဲမိတ်ဆွေရဲ့ custom message ကို မြင်ရတိုင်း ငြိမ်းချမ်း သွားရတာကတော့ www.apymt.com ပိုင်ရှင် ကိုဖိုးသားခေါ် ကိုပြည့်စုံအောင်ပဲ ဖြစ်ပါတယ်ရှင်။ ကျွန်မစိတ်ထဲ မရှင်းလင်း နိုင်တဲ့အရာတခုကို စွန်းလွန်းဆရာတော်ရဲ့ စကားလေးကို custom message မှာတင်ထားပေးတဲ့ ကိုဖိုးသားကြောင့် ကျွန်မ ရှင်းလင်းခဲ့ရပါတယ်။ "တရားတွေ နားလည်လာတဲ့အခါ.. သူတော်ကောင်း ဖြစ်လာတဲ့အခါ.. အားလုံးကို အရှုံးပေး ရတော့တယ်.. *စွန်းလွန်း*" ဆိုတဲ့ စာသားလေးပါပဲ။ သူတော်ကောင်းစိတ်မွေးနိုင်မှ သူတော်ကောင်း ဖြစ်မှာပါလား ဆိုတဲ့ အသိနဲ့ပဲ ကျွန်မစိတ်ကို အေးမြစေခဲ့ပါတယ်။

ကျွန်မရဲ့မွေးနေ့တွင် အထူးလက်ဆောင်အဖြစ် ကတိလက်ဆောင်ပေးခဲ့သော ကျွန်မရဲ့ တဦးတည်းသော အကိုကြီးဖြစ် သူ Dr.မြတ်ကိုကိုအား ကျေးဇူးအထူးတင်ရှိပါတယ်။ ၆ နှစ်တိုင်တိုင် စွဲစွဲလန်းလန်းသောက်ခဲ့တဲ့ ဆေးလိပ်ကို ညီမလေး အတွက် မွေးနေ့လက်ဆောင်အဖြစ် ထာဝရစွန့်လွှတ်ပေးခဲ့တဲ့အတွက်ရော၊ မွေးနေ့မှာ ဗိုလ်တထောင်ဘုရားမှာ ရေသပ္ပါယ်ပေးခဲ့တယ်ဆိုတဲ့ အတွက်ရော ကျေးဇူးအထူးတင်ရှိပါတယ်။ ညီမလေးကို ဆုံးမတဲ့အလှည့်တွေမှာလည်း တရား သဘောနဲ့ ဆုံးမတတ်သလို၊ ညီမလေးက တရားသဘောနဲ့ ဆုံးမတဲ့အခါမှာလည်း အငယ်က အကြီးကို ဆုံးမတယ် ဆိုတဲ့ စိတ်မရှိဘဲ ဒါပဲနော်... ညီမလေးစကားနားထောင် ဆိုတာတောင် အင်းပါ နားထောင်ပါမယ်ဆိုတဲ့ အကိုကြီး ဘ၀တလျှောက် လုံး ခံစားနေရသော ဝေဒနာများမှ ကင်းဝေးပါစေတော့။ စိတ်ချမ်းသာပါစေတော့။ တရားစစ်တရားမှန်နဲ့ တွေ့ရပြီး မေတ္တာတရားအစစ် လက်ကိုင်ထားကာ အေးချမ်းပါစေတော့ အကို။ တပြိုင်နက်တည်းမှာပဲ ကျွန်မအပေါ် သည်းခံခဲ့၊ အလို လိုက်ခဲ့တဲ့ ၊ကျွန်မ အကိုနဲ့လဲ သူငယ်ချင်းတွေ ဖြစ်ကြတဲ့ Dr.ထက်အောင် ကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။
ညီမလေးကို အကိုတယောက်နှယ် ဂရုတစိုက်နဲ့ အလိုလိုက်တဲ့ Dr.ထက်အောင်လည်း ဘ၀တလျှောက် အေးချမ်းပါစေ။ ပျော်ရွှင်ပါစေ။ သံဝေဂတရားမရမချင်းတော့ ပါရမီတွေ ဖြည့်ရဦးမယ်ဆိုတဲ့ Dr.ထက်အောင် တယောက်လည်း သံဝေဂ တရားနဲ့အတူ ငြိမ်းအေးခြင်းအမှန်သို့ ရောက်ရှိပါစေ (သို့တည်းမဟုတ်) ဆုထူးပန်ပါက ပန်ဆင်ထားသည့် ဆုအတိုင်း ပြည့်မြောက်ပါစေသား။ ထို့အတူ ဓမ္မမိတ်ဆွေမဟုတ်သော်လည်း အရေးကြီးသော ခေတ္တခဏ၌ ဘယ်သူတွေ ကဲ့ရဲ့နေပါစေ.. ဘုရားမကဲ့ရဲ့အောင် နေရမယ်ဆိုတဲ့ သတိလေးကို ရှိစေခဲ့တဲ့ လေးဇော်ကိုလည်း ကျေးဇူးတင်ပါတယ်ရှင်။ တရားကိုအထူးပြုမအားထုတ်သေးပေမဲ့ လေးဇော်လည်း အမြန်ဆုံးတရားနဲ့အညီ နေထိုင်ကျင့်ကြံအားထုတ်၍ အေးချမ်း ပါစေသား။ ကျွန်မနှင့်ခင်မင်ခဲ့သည်မှာ ၃နှစ်ကာလမျှရှိ၍ လွန်စွာရင်းနှီးကာ ကျွန်မပြောသမျှ နောက်သမျှ စသမျှကို သည်းခံ နားထောင်ပေးပါသော ကိုမောင်နိုင် www.lovercreator.com သည်လည်း အေးချမ်းပါစေရှင်။ ကြုံတွေ့နေရသော စိတ်ဒုက္ခတို့မှ ကင်းဝေးကာ နေနိုင်ပါစေ။ ကျွန်မ ပြောချင်တာရှိသည်များ စိတ်ထဲရှိသည်များကို ပြောသမျှ မငြီးမငြူ နားထောင်ပေးသော စိုးထွန်း (MSMU) ကိုလည်း အထူးကျေးဇူးတင်ရှိပြီး ဘ၀တလျှောက် အေးချမ်းစွာဖြင့် လိုအင်မှန်သမျှ တို့ ပြီးမြောက်အောင်မြင်ပါစေလို့ အမ ဆုတောင်းပေးပါတယ်။ မြန်မာနိုင်ငံသို့ ပြန်ခဲ့စဉ်ကာလတလျှောက်၌ သူငယ်ချင်း ၏ မိဘများဖြစ်သော်လည်း ကျွန်မအား သမီးလေးကဲ့သို့ စောင့်ရှောက်ခဲ့သော ဦးအေးထွန်းနှင့် အန်တီမာလာ၊ ညီမလေး ကဲ့သို့ စောင့်ရှောက်ခဲ့သော ကို အောင်ကိုကိုသက်ပိုင်ထွန်း၊ ကိုညီညီသက်ခိုင်ထွန်းနှင့် ပြောမနာဆိုမနာ သူငယ်ချင်း ထက်ပိုင်အာကာသူရိန်နောင်နောင်ထွန်းတို့နှင့်အတူ အမများအားလည်း ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။ အားလုံးပဲ စိတ်ရောကိုယ်ပါ ကျန်းမာချမ်းသာကြပါစေလို့ အဝေးကနေ ဆုတောင်းပေးပါတယ်။ အွန်လိုင်းမှာ ခင်မင်ရင်းနှီးခဲ့ပေမဲ့ အပြင်မှာ ဆုံမိပြန်တော့လည်း ညီမအရင်းလေးလို ဂရုတစိုက် ရှိခဲ့ဖူးတဲ့ ကိုနေလွမ်းသူကိုလည်း သတိတရ ကျေးဇူးတင်ရှိ ပါတယ်ရှင်။ ရောက်လေရာနေရာကနေ ညီမရေးတဲ့ပို့စ်ကို မြင်ရပြီး ၀မ်းမြောက်နိုင်ပါစေ။ ကိုနေလည်းပဲ ကျန်းမာချမ်းသာ ၍ ဘေးဘယာကင်းဝေးရာ တာဝန်ကိစ္စရပ်အားလုံးကို အောင်မြင်စွာ ဆောင်ရွက်နိုင်ပါစေ။ နောက်တဦးမှာ ကျွန်မမှ အကိုတော်ဟု ခေါ်သော အရာတော်သားပါ။ ကျွန်မဆိုက်ဒ်တခု ပြုလုပ်မည်ဆိုစဉ်က အချိန်ပေး၍ ပြင်ဆင်ပေးခဲ့၊ စိတ်ညစ်ချိန်တွင်လည်း အားပေးခဲ့သော အရာတော်သား www.ayadaw.com မှ ကိုနေမင်း ... ဘ၀တလျှောက် အကူ အညီလိုအပ်ချိန်တိုင်း ကူညီပေးသူများပေါ်ပေါက်၍ မဝေးတော့သောကာလ၌ တရားကို နှလုံးသွင်း၍ မြင့်မြတ်သော လူတော်လူကောင်းတယောက်ဖြစ်ပြီး ရည်ရွယ်ချက် မှန်သမျှ ပြည့်ဝပါစေ။

ကျရောက်ခဲ့ပြီးသော မွေးနေ့တွင် မွေးနေ့ဆုတောင်းများပေးကြပါသော ဘုန်းဘုန်းဦးကောဝိဒ၊ ကိုအောင်ဦး၊ မမေသက်၊ ကိုမောင်နိုင်၊ကိုမိုးသောက်၊ ကောင်းစည်သူ၊ ကိုမိုးတိမ်ယံ(MZA)၊ ကြည်စင်ရွှေ (စင်ကာပူ)၊ မျိုးသန့်ခေါ် ဇင်ယောင်(ချင်းမိုင်)၊ စိုးထွန်း (MSMU)၊ လေးဉာဏ်၊ မထက်စု၊ Dr.မြတ်ကိုကို၊ Dr.ထက်အောင်၊ သူငယ်ချင်းသီဟအောင် (စင်ကာပူ)၊ကိုကျော်ဇောလင်း၊ ကိုဝေဖြိုးအောင်(ချင်းမိုင်)၊ လေးဇော်၊ကိုနေမင်း၊Ng Hong Sar၊ ကိုထွန်းလင်းအောင်၊ မမျိုးစုလှိုင်၊ ထွန်းဝင်း၊ Azin Dwin, ကြို၍ ဆုတောင်း ပေးခဲ့သော Teacher Jannifer Jones၊ သူငယ်ချင်း မြတ်အိသဉ္ဇာ၊ ပထမဆုံး အင်္ဂလိပ်စာကို သေသေ ချာချာ သင်ပေးခဲ့သည် ကိုအောင်ကောင်းမြတ်၊ ဦးဦးဥပသကာ တို့နှင့်အတူ World Education - Thailand မှ ၀န်ထမ်းများအားလုံး၊ Intern ညီမလေးများနှင့် မောင်လေး၊ သွားရောက်စာသင်ကြားပေးသည့် ကျောင်းမှ ဆရာ၊ဆရာမ များနှင့် သားသမီးကဲ့သို့ ချစ်ရပါသော ကလေးငယ်များ၊ အမည်များ မဖော်ပြထားသော အခြားမွေးနေ့ဆုတောင်း ပေးသူများ၊ facebook မှ ဆုတောင်းပေးသူများအား အထူးကျေးဇူးတင်ရှိပါတယ်ရှင်။ အားလုံးပဲ စိတ်ထားလေးများ ကြည်လင်သန့်ကာ တည်ငြိမ်စွာဖြင့် စစ်မှန်သောငြိမ်းချမ်းရာသို့ ရောက်ရှိကြပါစေ။

ဆက်လက်၍ ဖော်ပြလိုသည်မှာ -

ကျွန်မတွင် ပါရမီဖြည့်ဘက်များစွာ ရှိခဲ့ပါသည်။ ပါရမီဖြည့်ဘက်ဟု ကျွန်မခေါ်ဆိုရခြင်းမှာ ကျွန်မအပေါ်ကောင်းကောင်း ဆိုးဆိုး ကျွန်မ ပါရမီများဖြည့်ဆည်းရာ၌ အခွင့်အရေးများပေးခဲ့သူများကို ဆိုလိုပါတယ်ရှင်။ ထိုအထဲမှာ ကျွန်မ အတွက် တန်ဖိုးအရှိဆုံးပါရမီဖြည့်ခြင်းနှင့် တရားရှိမရှိ စမ်းသပ်နိုင်စေရန် အခွင့်ပေးခဲ့သည့် အားလုံးသော သက်ဆိုင်သူတို့အား လွန်စွာ ကျေးဇူးတင်မိပါသည်။ ကျွန်မ ခန္တီပါရမီနှင့် မေတ္တာပါရမီတို့ကို ထူးကဲစွာ ဖြည့်ဆည်းခွင့် ရသဖြင့် ကျွန်မအတွက် လွန်စွာကျေးဇူးကြီးသော မိတ်ဆွေများအဖြစ် မှတ်တမ်းတင်ထားပါမယ်ရှင်။ ကျွန်မပြုသမျှ ကုသိုလ်ကောင်းမှုတို့၏ အဖို့အစုတို့သည် ကျွန်မအား သီလပါရမီဖြည့်ကျင့်ခွင့်ရစေရန် ဤခန္ဓာအား မွေးဖွားပေးသော မေမေ၊ ကျွန်မအား ဒါနပါရမီ ဖြည့်ဆည်းရန် ပါရမီဖြည့်ပေးခဲ့သော အလှူခံပုဂ္ဂိုလ်များ၊ ခန္တီပါရမီနှင့် မေတ္တာပါရမီကို ဖြည့်ဆည်းနိုင်ရန်အတွက် ထူးကဲစွာ ကူညီပေးခဲ့သော ပါရမီဖြည့်ဘက်များအား အမျှပြန်၍ ပေးဝေပါ၏။

(ကျေးဇူးများရှိကြပါသည်။ ထိုကျေးဇူးများအား အခွင့်ရပါက ကျွန်မပေးဆပ်ပါဦးမည်။ ဤကျေးဇူးတင်မှတ်တမ်းတွင် မပါဝင်သော်လည်း ကျွန်မနှင့်သိရှိပတ်သက်သူတိုင်းသည် ကျွန်မအပေါ် ကျေးဇူးရှိသည်သာဖြစ်သည်။ ထို့ကြောင့် ကျွန်မ တုံ့ပြန်ပေးဆပ်နိုင်သော အတိုင်းအတာအရ လိုအပ်သည့်အကူအညီများ တောင်းနိုင်ကြပါတယ်ရှင်။ ကောင်းခဲ့သည် ဖြစ်စေ ဆိုးခဲ့သည်ဖြစ်စေ ကျွန်မအားလုံးကို ထာဝရ ခွင့်လွှတ်လျက်ပါ။ အကယ်၍ ကျွန်မဘက်က ဆိုးခဲ့ မကောင်းခဲ့သည် များ ရှိခဲ့ပါကလည်း ခွင့်လွှတ်ပေးကြပါရှင်။)

မေတ္တာများဖြင့်

ထိပ်ထား

(၁၂.၀၇.၂၀၁၀)


Saturday, July 10, 2010

ကျေးဇူးပါ မေမေ

ဟိုးအတိတ်ကာလတခုဆီမှာ စနေနေ့ရဲ့ နံနက် ၇ နာရီကျော်အချိန်.. အသက် ၂၀ အရွယ်အမျိုးသမီးတယောက် ကြီးစွာသော ဝေဒနာကို ခံစားရင်း မမြင်မတွေ့ရသေးတဲ့ ရင်သွေးငယ်လေး လူ့လောကကို ရောက်ရှိလာဖို့ အသက်ကို စတေးပြီး ကြိုးပမ်းခဲ့တယ်.. ဒီလိုနဲ့ နံနက် ၁၀နာရီ ၃၉ မိနစ်မှာ ကျွန်မ လူ့လောကကို ရောက်ရှိ ခဲ့ပါတယ်. မွေးခါစမှာ ဒေ၀စ္ဆရာဆိုတဲ့ အမည်မှဲ့မယ်လို့ ဆုံးဖြတ်ပြီးခါမှ .... ဗေဒင် အယုံအကြည်ရှိတဲ့ မိဘနဲ့အတူ ဘိုးဘွားတွေက ပဉ္စပွတ် ဆပွတ်ဆိုတဲ့ နည်းနဲ့ အမည်မှဲ့ခဲ့တာက ရည်မွန်ဦး တဲ့.... ဒါ ဗေဒင်ကြောင့်ဆိုတာ ငယ်စဉ် တည်းက သိခဲ့ပြီး နောင် ဗေဒင်ဆိုတာကို ဆန့်ကျင်ချင်လာတဲ့အချိန်မှာ ကိုယ့်စိတ်နဲ့ကိုယ် အမည်ပြောင်းလိုက်တာ က ထက်ရည်မွန်အိ ...... အချို့ကတော့ ရည်မွန်ထိပ်ထား၊ အချို့ကတော့ ထိုက်ထိုက်လို့ သိကြတဲ့ ကျွန်မ ဒီနေ့ ဒီအချိန်မှာ လူ့လောကထဲကို ရောက်ရှိလာတာ တစ်နှစ်ထပ်လို့ လည်တဲ့နေ့ပေါ့...

သန္ဓေသားလေးကို ၀မ်းမှာလွယ်ထားတဲ့ကာလ... စားချင်တဲ့ အစားအစာ မစားရ၊ နေချင်သလို မနေရနဲ့ ခက်ခဲ ပင်ပန်းလွန်းတဲ့ ကာလကို မေမေကျော်ဖြတ်ပေးခဲ့တယ်.... မွေးဖွားချိန်ကာလ.... ကိုယ့်အသက်ကိုတောင် စတေး ရရင် စတေးရနိုင်တဲ့အချိန်မှာ ... မျက်နှာတွေ ပြာနှမ်းလို့ .... အဲဒီ့အချိန်မှာ အူဝဲဆိုတဲ့ အသံဟာ မေမေ့ရဲ့ ရင်ကို အေးမြစေခဲ့တယ်တဲ့.......။ ကြီးပြင်းချိန်ကာလ ... ငါသမီးလေး နေမှ ကောင်းရဲ့လား.. နို့မစို့လို့လည်း ပူပန်ရ။ ထမင်းမစားလို့လည်း ပူပန်ရ။ အရွယ်ရောက်ချိန်ကာလ... ငါ့သမီးလေး မတော်တရော်တွေနဲ့များ ဆုံရင် ဒုက္ခ၊ မတော်တရော်များလုပ်ရင်ဒုက္ခ.. စသဖြင့် မိခင်များဟာ သမီးလေးတွေကို ပူပန်တတ်ကြပါရဲ့။

မေမေ... အချို့ကတော့ ပြောတယ်.... သမီးဦး စနေမို့... ဆိုးမယ်တဲ့... အတန်အသင့်ထက် ပိုလို့ ဆိုးခဲ့ပါတယ် မေမေ..... မီးလိုတော့ မမွှေခဲ့ပါဘူး..... အများပြောတဲ့ ဖြစ်ခဲ့သမျှ ပြဿနာတွေကို သမီးဦးစနေကြောင့် ဖြစ်တယ်ဆိုတာတွေကို မေမေ သတ္တိရှိရှိ တုံ့ပြန်စကားပြောခဲ့တယ်။ သတိတရအနေနဲ့ ဖေဖေလည်း သမီးဘက် ကနေ အစဉ်တစိုက် ရှိပေးခဲ့တယ်။ သမီးဆိုးတယ်ဆိုတာ သမီးဒီဘ၀ မှားခဲ့သမျှဆိုတာကို မေမေနဲ့ဖေဖေ လက်ခံကြပါတယ်....။ အတိတ်ဝဋ်ကြွေးကိုတော့ သမီးကြေအောင် ဆပ်ရမှာပေါ့ မေမေ.....။

မေမေ.... ဘ၀မှာ သမီးအတောင့်တဆုံးအရာဟာလေ... အသက်နဲ့ရင်းပြီး မွေးဖွားပေးခဲ့တဲ့ မေမေ့ကျေးဇူးကို ဆပ်ဖို့ရန်ပါ....။ မေမေပေးတဲ့ ဒီခန္ဓာကြောင့် ဥပုသ်သီလလည်း ဆောက်တည်ခွင့်ရခဲ့တယ်။ မေမေပေးတဲ့ အသိ ပညာကြောင့် လူတကာအလယ်မှာ တည်ငြိမ်စွာနေခွင့်ရတယ်။ မေမေပေးတဲ့ ဥပမာတွေကြောင့် ဘ၀အတွက် ဆုံးဖြတ်ရမှာတွေကို လေးနက်စွာ တွေးတောတတ်လာတယ်။ ဒီလောက်မှ ကျေးဇူးကြီးတဲ့ မေမေ့ကို သမီး ဘယ်လို ကျေးဇူးဆပ်ရပါ့......။

မေမေ... ဒီနေ့ဟာလေ သမီးမွေးနေ့ပေမဲ့ မွေးနေ့ရှင် အစစ်က မေမေမို့ မေမေ့အတွက် မွေးနေ့လက်ဆောင် အဖြစ် သမီးကိုယ်တိုင် ထိုးထားတဲ့ သိုးမွှေးယောဂီသဘက်လေးနဲ့အတူ ဘ၀တသက်တာမှာ မေမေ့အတွက် မွေးရကျိုးနပ်တဲ့ သမီး...... ဂုဏ်ယူလောက်တဲ့သမီး... ဒီလိုသမီးဖြစ်ရမယ်လို့ သမီး ရဲရဲကြီးပြောဝံ့ပါတယ် မေမေ။

တဖန်ထပ်လို့.... သမီးတောင်းဆုလည်း ပြုပါမည်။

မေမေ... ဘုရားရှင်ရဲ့သာသနာပွင့်တော်မူတဲ့ဒီချိန်ကာလမှာ သမီးတို့တွေ လူဖြစ်ပြီး မိသားစုအဖြစ် ကြုံရတယ်။ ဘ၀သံသရာတလျှောက် ပတ်သက်မှုမျိုးစုံနဲ့ ပတ်သက်ခဲ့ကောင်းပေမဲ့ ဒီဘ၀မှာ မေမေဟာ သမီးရဲ့ ကျေးဇူးရှင် မြင့်မိုရ်တောင်မက ကျေးဇူးကြီးတဲ့ မွေးသမိခင်... ဘုရားနဲ့တဂိုဏ်းတည်းကိုးကွယ်အပ်တဲ့မိခင်... ဤမိခင်သည် ကျွန်မခန္ဓာကို အရင်းတည်၍ ကျွန်မ ပြုသမျှ ကုသိုလ်ကောင်းမှုတို့ကို ရ၍ လောဘ၊ဒေါသ၊မောဟ များ ကင်းဝေး ကာ စစ်မှန်သော ဗုဒ္ဓသာသနာတော်၏ အဓိက ထားရာ မြတ်နိဗ္ဗာန်သို့ ရောက်ရပါစေ။ ကျွန်မသည်လည်း အမြတ်ဆုံးကျေးဇူးဆပ်နည်းဖြင့် မိခင်ကျေးဇူး၊ ဖခင်ကျေးဇူးအား ဆပ်ခွင့်ရပါစေသား။

ဤနေ့ဤရက် ၁၁၊၇၊၂၀၁၀ တွင် ကျရောက်သော မွေးနေ့အမှတ်တရ....

ထိပ်ထား

Monday, June 28, 2010

သေဆုံးချိန်သတိ

ကျမတို့အားလုံးဟာ မွေးဖွားလာပြီးတည်းက တဆက်တည်း ဖြစ်ကိုဖြစ်ရမယ့် အရာတခုဟာ ပါပြီးသားပါ။ အဲဒါ ကတော့ သေဆုံးခြင်းပေါ့။ မွေးဖွားချိန်နဲ့ သေဆုံးချိန် အကြားမှာ ရရှိတဲ့ အခိုက်အတန့်ကာလလေးအတွင်း ကျမတို့ ဘာလုပ်ကြမလဲ။ လုပ်ချင်ရာတွေ လုပ်ကြပါတယ်ဆိုရင် ကျမ မမှားဘူးထင်ပါတယ်။ ပညာသင်ချင်လို့ ပညာသင်ပါတယ်။ စားချင်လို့ စားပါတယ်။ စီးပွားရှာချင်လို့ စီးပွားရှာပါတယ်။ ဒီလို လုပ်ချင်တာတွေ လုပ်ကြရင်း ကျမတို့ရဲ့ ဘ၀နေ၀င်ချိန်တွေမှာ သတိမရှိသူတွေအဖို့ အမှတ်တမဲ့ ကုန်ဆုံးလာရတယ်ပေါ့။ တဆက်တည်းပဲ ငါတနေ့သေရမယ်ဆိုတာ မေ့လိုမေ့၊ တခါတလေလည်း မေ့ထားချင်ကြတဲ့လူတွေဟာ များပါတယ်ရှင်။

တကယ်တော့ သေခြင်းတရားဆိုတာ မေ့လည်း မမေ့သင့်သလို၊ မေ့ထားလို့လည်း မသင့်ပါဘူး။ အချိန်ပိုင်း အတွင်း ငါသေနိုင်တယ်ဆိုတာ သိထားလေ ပိုပြီးကောင်းလေပါပဲ။ သေခြင်းဟာ နိမိတ်မရှိဘူးလို့ မှတ်ထင်ကြသူ တွေ...... သံသရာမှာ အကြိမ်ကြိမ်သေခဲ့ရတာ၊ မကြာခင်လည်း သေကို သေရတော့မှာကို သိထားသင့်ပါတယ်။ တကယ်တော့ သေခြင်းတရားဆိုတာ ရှုတတ်ရင် နိဗ္ဗာန်ကို ပို့ဆောင်ပေးမယ့် တရားပါ။ ဒါကို နိမိတ်မရှိလို့ မပြောပါနဲ့ဆိုသူများ သတိလေးတချက် ချပ်မိစေချင်ပါတယ်ရှင်။

သေခြင်းကို ဘယ်သူမှ ရှောင်လွှဲလို့ မရပါဘူး။ ဒီနေ့မှာလည်း စက္ကန့်ပိုင်းအတွင်း သေနိုင်ပါတယ်။ မမျှော်လင့် ဘဲ ရုတ်တရက်သေဆုံးသွားရင် ထိုသူအတွက် အခက်ပါရှင်။ သေခြင်းကို မေ့လျော့ခြင်းနဲ့ ရှောင်လွှဲလို့လည်း သေရမှာပါပဲ။ ဒီတဘ၀တင်မကဘူး နောင်ဘ၀အဆက်ဆက်လည်း သေရပါလိမ့်မယ်။ သေခြင်းကို မမေ့မလျော့ သော သတိနဲ့ နေမယ်ဆိုရင်တော့ သံသရာရဟတ်ပြတ်ဖို့ရာ အခွင့်ကောင်းတခုပါပဲရှင်။ မွေးရင်သေမယ်.. သေဖို့မွေးရတယ်... ဆိုတဲ့ "တိုက်ပွဲခေါ်သံ" ဇာတ်ကားအဆုံးသတ် ဇင်မာဦးရဲ့ ဈာပနမှာ သီဆိုကြတဲ့ သီချင်း ထဲက စာသားလေးဟာ ဒီဇာတ်ကားကို စကြည့်ချိန်ကနေစပြီး ကျမပါးစပ်ဖျားမှာ စွဲနေခဲ့တာပါ။ ဒီလိုနဲ့ သိတတ် ချိန် ပြန်စဉ်းစားမိတဲ့အခါ ကြားထဲမှာရောဆိုတဲ့ အတွေးလေးဝင်လာချိန်ကစ... တရားအားထုတ်ရမယ်ဆိုတဲ့ အတွေး သွင်းပေးခဲ့တဲ့ ကျေးဇူးရှင်ဓမ္မမိတ်ဆွေကြောင့် ကျမဟာ ဒီလမ်းပေါ်ကို ရောက်လာခဲ့ရတာပါ။ သေရမယ် ဆိုတဲ့ အသိကလေးဟာ တရားတွေ နာယူကျင့်ကြံစေဖို့ လမ်းစပါပဲ။ သေရမယ်ဆိုတာကို လက်မခံနိုင်သရွေ့ တရားကိုသိဖို့ တရားကိုတွေ့ဖို့ဝေးနေရဦးပါမယ်။

ဒီနေ့ဒီရက် သေရခြင်း အကြောင်းကိုပြောတာသည် ကျမသည်လည်း တနေ့တာရဲ့ စက္ကန့်မိနစ်တိုင်းမှာ သတိရ နေသင့်ပေမဲ့ တနေ့တာ ၂၄ နာရီရဲ့ ၇ နာရီ ၈ နာရီလောက်ပဲ သတိရဖြစ်နေတဲ့ သေခြင်းတရားဟာ ကျမရဲ့ အဖိုးကို ခေါ်ဆောင်သွားပြီဆိုတဲ့ သတင်းကို ကြားလိုက်ရလို့ပဲ ဖြစ်ပါတယ်။ စနေနေ့ ၁၁နာရီမှာ ဆုံးပါးသွားခဲ့ပြီး အကျယ်အကျယ်မလုပ်နဲ့.. သေတာနဲ့ သဂြိုလ်...ဆိုတဲ့ အဖိုးရဲ့စကားအရ တနင်္ဂနွေနေ့မှာ သဂြိုလ်ခဲ့တာကို ဒီ တနင်္လာနေ့ ညနေမှာ ကျမသိခဲ့ရပါတယ်။

၎နှစ်အရွယ်ကနေ ၁၃နှစ်အရွယ်အထိ အမေအနားမှာ မရှိတဲ့အချိန်၊ အဖေ အလုပ်ကိစ္စနဲ့ ခရီးထွက်ရချိန်တွေမှာ စားချိန်တန်စား၊စာကြည့်တန်ကြည့်၊ဘုရားရှိခိုးချိန်တန်ရှိခိုး၊ အိပ်ချိန် တန်အိပ်ဖို့ အမြဲတမ်း အစီအစဉ်တကျ သတိပေးလုပ်ဆောင်ပေးခဲ့တဲ့ အဖိုးဖြစ်တာကြောင့် ကျမ မျက်ဝန်းမှာ တချက်ကလေးမျက်ရည်ဥတွေ ဝေ့၀ဲခဲ့ပါတယ်။ ဒါပေမဲ့ ဘဘ တရားရှိခဲ့မှာပါဆိုတဲ့ အသိဝင်လာပြီး ကျမအဒေါ်ကို မေးလိုက်တဲ့အချိန်မှာ ---- ကျောက်ကပ်ကြောင့် တကိုယ်လုံးဖောယောင်လာတဲ့တိုင် လူနာလာမေးသူတွေနဲ့ ငိုနေကြတဲ့သားသမီးတွေ ကိုတောင် တရားပြန်ဟောခဲ့ပြီး တချက်ကလေးတောင် အသက်ငင်မသွားဘဲ ငြိမ်ကျသွားပြီး အသက်ဆုံးပါး သွားပါတယ်ဆိုတဲ့ စကားကို ကြားလိုက်တဲ့အခါမှာ ကျမ၀မ်းသာသွားခဲ့ပါတယ်။ ၇၈နှစ်ဆိုတာ လူ့သက်တမ်းစေ့ ခဲ့ပါပြီ။ သတိလေးမပျက်ဘဲ ဝေဒနာတွေကို ကျော်လွှားကာ ရုပ်နာမ်နှစ်ပါးချုပ်ငြိမ်းသွားခဲ့ပါပြီ။ မြေးတယောက် အနေနဲ့ ဒါကိုတောင်မှ ၀မ်းမသာရင် ဘယ်လိုကိစ္စမျိုးအတွက် ၀မ်းသာရပါမလဲ။ တနေ့အားလုံးသေကြရမှာကို သိပေမဲ့ သေခြင်းကောင်းနဲ့သေခဲ့တော့ ကျမမှာ ၀မ်းသာခဲ့ရပါတယ်။ ကိုယ်တိုင်ရော ဒီလိုမျိုး သေနိုင်ပြီလားလို့ မေးခွန်းတွေမေးရပါတယ်။ တကယ်တော့ တကယ်တမ်း သေခြင်းနဲ့ ရင်ဆိုင်တဲ့အခါ ခံနိုင်ဖို့ နေ့တိုင်းကို သေနေ့အဖြစ် နှလုံးသွင်းကြည့်ရမှာပဲလို့ ကျမအတွေးလေးဝင်လာမိရင်း သေဆုံးချိန်မှာ သတိလေးဝင်နိုင်ဖို့ ဘယ်လောက်အရေးကြီးကြောင်းနဲ့ သတိရှိတဲ့သေခြင်းသည် ဘယ်လောက်မြတ်ကြောင်းကို ကျမ သိရှိခဲ့ရ ပါတယ်။

အမြဲတမ်းသေရမယ်ဆိုတဲ့ သတိလေးကပ်ထားလေ... သေရမယ့်အချိန်မှာ သတိရှိလေလေပါပဲရှင်။ ဒါကြောင့် အားလုံးပဲ သေဆုံးခါနီး သတိရှိစေဖို့ အချိန်တိုင်းမှာ သေရမယ်ဆိုတဲ့ သတိလေးရှိစေချင်ပါတယ်။


မေတ္တာဖြင့်
ထိပ်ထား

(၂၆၊ ၆၊ ၂၀၁၀ တွင် ဆုံးပါးသွားခဲ့သော အသက် (၇၈) နှစ်ရှိ အဖိုးဦးတင်သိန်း(ဘဘ) ၏ ကျေးဇူးများကို ရည်ရွယ်ဦးညွှတ်၍ ရေးသားအပ်ပါသည်။)



Friday, June 18, 2010

သာသနာ မညှိုးစေချင်

ဒီနေ့ ကျမမိတ်ဆွေတယောက်နဲ့ စကားပြောဖြစ်ရင်းနဲ့ ဆူးလေနားက ဗလီကိစ္စကို ပြောဖြစ်ကြတယ်။ အဲဒီ့မှာ ကျမတို့ နှစ်ယောက်လုံးရဲ့ ခေါင်းထဲကို ၀င်လာတာ သာသနာတော် ညှိုးနွမ်းစေဖို့ လုပ်ဆောင်ကြတဲ့ လုပ်ရပ် တွေကိုပါ။ ကျမလည်း တော်တော်အတွေးလွန်သွားတယ်။ ကျမတို့ စိတ်ထားချင်းတူတဲ့ မိတ်ဆွေတွေချည်းပဲ ပြောရုံပြောနေ သိရုံသိနေကြမယ့်အစား ကျမတို့ရဲ့ မိဘတွေ မျိုးဆက်ကစတင်ခဲ့ပြီး ကျမတို့မျိုးဆက်တွေ မှာရော နောင်မျိုးဆက်တွေမှာပါ ဆက်လက်ကြုံတွေ့လာရမယ့် သာသနာကိုညှိုးနွမ်းအောင် ပြုမူနေတဲ့ လုပ်ရပ်တွေကို ကျမတို့ အားလုံး ၀ိုင်းဝန်းတိုက်ဖျက်သင့်တယ် မဟုတ်လား။ ဗုဒ္ဓဘာသာဝင်တယောက်အနေနဲ့ ဘယ်သူကဲ့ရဲ့ပါစေ ဘုရား မကဲ့ရဲ့အောင် နေရပါတယ်။ ဗုဒ္ဓဘာသာ ကောင်းတယောက် ပီသကြရပါမယ်။ သာသနာ ညှိုးနွမ်းစေတဲ့ လုပ်ရပ်တွေကို ကိုယ့်မျက်စိရှေ့မှာ မြင်နေလျက်နဲ့ ကိုယ့်နားထဲမှာ ကြားနေလျက်နဲ့ မသိချင်ယောင်ဆောင်နေကြမယ်ဆိုရင် ကျမတို့ဟာ သာသနာတော်အတွက် တာဝန်မကျေရာ ရောက်ကြ ပါလိ့မ်မယ်။

ဒီနေ့ဒီအကြောင်းတွေကို ရေးလိုက်တဲ့အချိန် လက်ခံနိုင်သူတွေလည်း ရှိမှာဖြစ်သလို လက်မခံနိုင်တဲ့သူတွေ လည်း ရှိလာပါလိမ့်မယ်။ စာကို ဖတ်ပြီး မုန်းချင်လည်း မုန်းသွားနိုင်ပါတယ်။ ကျမကို သူများမုန်းမှာ ကျမ မကြောက်ပါဘူး။ အဲဒီ့မုန်းတဲ့လူအရေအတွက် ၁၀၀ ဖြစ်ချင်ဖြစ်နေပါစေ ... ကျမရေးလိုက်ပြီးနောက်မှာ တယောက်လောက်က အသိလေးရသွားရင်ပဲ ကျေးဇူးတင်ကျေနပ် ၀မ်းသာပီတိ ဖြစ်ရပါမယ်။

မြန်မာနိုင်ငံရဲ့ အသက်သွေးကြောဟာ ဗုဒ္ဓသာသနာပါ။ သာသနာတည်သရွေ့ မြန်မာနိုင်ငံ မပျက်သုဉ်းနိုင်ပါဘူး။ သာသနာတိုးတတ်မှ မြန်မာတိုးတတ်မှာ ဖြစ်ပါတယ်။ ဗုဒ္ဓသာသနာကို လက်ဆင့်ကမ်းသယ်ဆောင်ပေးကြတဲ့ သံဃာတွေသည်လည်းပဲ မြန်မာနိုင်ငံရဲ့ အသက်တချောင်းမည်ပါတယ်။ ဆရာတော်ကြီးတွေရဲ့ ကျေးဇူးတော် ကြောင့် ဒီနေ့ဒီအချိန်ထိ ဒီထေရ၀ါဒ သာသနာတော် တည်ရှိနေပြီး ကျမတို့ နာရ ကြားရ ကျင့်ကြံအားထုတ်ခွင့် ရကြရတာပါ။ သာသနာတော်အတွက် အသက်ပင် ပေးဝံ့တဲ့ ကျေးဇူးတော်ရှင် ဆရာတော်ကြီးတွေရဲ့ ကျေးဇူး ကြောင့်ပါ။ သာသနာတော် ပြန့်ပွားရေးကိုသာ အစဉ်တစိုက် လုပ်ကြတဲ့ ဆရာတော်ကြီးတွေရဲ့ ကျေးဇူးဟာ အင်မတန်ကြီးမားလှပါတယ်။

ဒါပေမဲ့ အခုအခါမှာ သာသနာတော်ကို အတွင်းလှိုက်စားပြီး ဖျက်ဆီးနေကြတာတွေဟာ များလှပါပြီ။ မျက်မြင် သော်လည်းကောင်း၊ ကြားသိရခြင်းဖြင့် လည်းကောင်း .... ကျမတို့ သိလိုက်ရတဲ့အခါ အင်မတန်မှပဲ ၀မ်းနည်းစိတ်ဖြစ်ရပါတယ်။ ကျမတို့ရဲ့ ထေရ၀ါဒ သာသနာတော်ကြီး ပျက်စီးတော့မှာလားဆိုတဲ့ ထိတ်လန့်စိတ် တောင် ပေါ်ပေါက်လာပါတယ်။ တရားအကျင့် တကယ်အားမထုတ်ပါဘဲ တရားစာပေ တကယ် မသင်ကြားပါဘဲ သင်္ကန်းဝတ်ထားတဲ့ သံဃာတွေ ပေါ်ပေါက်လာတဲ့အတွက်ပါ။ ၂၂၇ သွယ် မပြောပါနဲ့။၈ ပါးသီလတောင်မှ မလုံ၊ ၈ ပါးလည်း ခဏထား.... ၅ ပါးသီလတောင် မလုံ့တလုံတွေဟာ သံဃာ့ဂုဏ်နဲ့ ညီညွတ်ပါတော့မလား။ ဘုရားလက်ထက်မှာတောင် ဒေ၀ဒတ်လို လူမျိုးဟာ သင်္ကန်းဝတ်ခဲ့ပါသေးတယ်။ ဘုရားလက်ထက်မို့ သာသနာတော်ကို ပျက်စီးအောင် မဖျက်စီးနိုင်ခဲ့ပေ မဲ့ သံဃာတွေကိုတော့ သင်းကွဲစေခဲ့ပါတယ်။ ဘုရားရှင်ရဲ့ လက်ထက်မှာတောင် ဒီလိုအဖြစ်မျိုးရှိခဲ့တာ ဒီခေတ် ဒီအခါမှာ ပိုလို့ဆိုးနိုင်ဖွယ်သာ ရှိပါတယ်။ ဘုရားရှင် မရှိတော့တဲ့နောက် သာသနာတော် နှစ်ငါးထောင်ကို ထားခဲ့ ရာမှာ သာသနာသန့်ရှင်းအောင် ပြန့်ပွားအောင်တော့ ထေရ၀ါဒ ဗုဒ္ဓဘာသာနွယ်ဝင် သူတော်စင်တွေရဲ့ တာဝန်ဖြစ်ပါတယ်။ တကယ် ဘုရားရှင်ကို ကျေးဇူးဆပ်ချင်ရင် ကိုယ်တိုင်လည်း နာယူကျင့်ကြံအားထုတ်ရမှာ ဖြစ်ပြီး ကိုယ့်ရဲ့ ၀န်းကျင်မှာ ရှိတဲ့ သာသနာညှိုးနွမ်းကြောင်းတွေကိုလည်း ဖယ်ရှားပစ်သင့်ပါတယ်။

သာသနာတော်ဟာ ဘယ်အရာကိုမှ ခုတုံးမလုပ်သလို ဘယ်အရာကမှလည်း သာသနာတော်ကို ခုတုံးမလုပ်သင့် ပါဘူး။ သာသနာတော်ဟာ ဘယ်သူ့ကိုမှ ခုတုံးမလုပ်သလို ဘယ်သူကမှလည်းသာသနာတော်ကို ခုတုံး မလုပ် သင့်ပါဘူး။ သာသနာတော်ဟာ လိုက်နာကျင့်ကြံအားထုတ်သူတွေကို အလိုအလျောက် အကျိုးရှိစေပြီးသားပါ။ သာသနာတော်ရဲ့ အများယုံကြည်ကိုးစားခြင်းခံရတဲ့ စွမ်းရည်ကို အသုံးချပြီး ဘယ်နေရာမှာမှ အမြတ် မထုတ် သင့်ပါဘူး။ သာသနာတော်ကို ခုတုံးလုပ်တဲ့သူဟာ သာသနာတော်ကို စော်ကားနေတာပါ။ သာသနာတော်ကို ညှိုးနွမ်းစေနေတာပါ။

ဒါယကာတွေအနေနဲ့လည်း

သံဃာတွေကို ငါနဲ့ကိုက်မှ ကိုးကွယ်မယ့်အစား ဘုရားလမ်းစဉ်နဲ့ ညီတဲ့သံဃာဟုတ်မဟုတ် စဉ်းစား သုံးသပ် ဆုံးဖြတ်ပြီးမှ ကိုးကွယ်သင့်သလို ငါနဲ့ကိုက်တိုင်း ကိုးကွယ်နေမယ့်အစား ဘုရားလမ်းစဉ်ကို လိုက်နာတဲ့ သံဃာတွေကိုသာ ကိုးကွယ်ဆည်းကပ်အပ်ပါတယ်။

သာသနာတော် သန့်စင်စွာ အဓွန့်ရှည်စေဖို့

ဆရာ၊ဒါယကာ ညီညွတ်စွာနဲ့ သံဃာမမည်သော သံဃာတွေကို ထောက်ပံ့ချီးမြှောက်ကိုးကွယ်ဆည်းကပ်ခြင်းမှ ရှောင်ကြဉ်ကြပါစို့.... လို့ အမုန်းခံပြီး ပြောလိုက်ပါတယ်ရှင်။

မေတ္တာဖြင့်
ထိပ်ထား

Thursday, June 17, 2010

ကိုယ်စီခပ်နှိပ်ကြပါစို့ (ဓါတ်ပုံများ)











ကျမ စာမရေးအားတော့ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်းမှာ ရိုက်လာခဲ့တဲ့ ပုံတွေကို တင်လိုက်ပါတယ်.... လာရောက်လည်ပတ်သူအပေါင်းလည်း သာဓု ခေါ်ဆိုနိုင်ကြပါစေရှင်...

မေတ္တာဖြင့်
ထိပ်ထား

Friday, June 4, 2010

မြတ်ဗုဒ္ဓ(၃)

အချို့သော ပုဂ္ဂိုလ်များယုံကြည် သကဲ့သို့ မြတ်စွာဘုရားသည် ဟိန္ဒူဘုရား ဗိဿနိုးက လူဝင်စား၍ လူဖြစ်လာခြင်း မဟုတ်ပါ။ သူ့ကိုယ်ပိုင်စွမ်းအားဖြင့် လူသားတို့အား ကယ်မနိုင်သော ကယ်တင်ရှင် တစ်ဦးလည်း မဟုတ်ပါ။ သူ၏တပည့်သာဝကများကို သံသရာဝဋ်ဆင်းရဲမှ ထွက်မြောက်နိုင်ရေးအတွက် မိမိတို့၏ စွမ်းအားကိုသာ အားကိုးရန် မြတ်စွာဘုရား တိုက်တွန်းတော်မူ၏။ အဘယ့်ကြောင့် ဆိုသော် လူတစ်ယောက်၏ စင်ကြယ်ခြင်းနှင့် ညစ်နွမ်းခြင်းတို့သည် သူ့အပေါ်တွင်သာ မူတည်သောကြောင့်ဖြစ်၏။ သူနှင့် သူ့တပည့် များအကြားရှိ ဆက်သွယ်မှုကို ရှင်းလင်းပြပြီးနောက် မိမိကိုယ်ကို မိမိ အားကိုး၍ ကြိုးစားအားထုတ်ရန် အရေးကြီးကြောင်းကို လေးနက်စေဖို့အတွက် မြတ်စွာဘုရားသည် ဤသို့ ရှင်းလင်းစွာ မိန့်ဆို တော်မူခဲ့၏ - "သင်တို့ကိုယ်တိုင် ကြိုးစားအားထုတ်ကြရမည်။ တထာဂတ ( လာခြင်းကောင်းတော်မူသော မြတ်စွာဘုရား) တို့ကား ဆရာသမားများ အဖြစ် ညွှန်ပြရုံသာ တတ်နိုင်ကြကုန်၏။"

မြတ်စွာဘုရားတို့သည် လျှောက်လှမ်းရန်လမ်းကို ညွှန်ပြတော် မူကြ၏။ ထိုလမ်းအတိုင်း လျှောက်လှမ်း၍ သံသရာ ဝဋ်ဆင်းရဲမှ ထွက်မြောက်နိုင်ရေး အတွက် ကြိုးပမ်းရန်မှာ ကျွန်ုပ်တို့၏ တာဝန်သာ ဖြစ်၏။
"သံသရာမှ လွတ်မြောက်ရေးအတွက် သူတစ်ပါးတို့အား မှီခိုအားထားခြင်းသည် အပြုသဘောမဆန်ပါ၊ မိမိကိုယ်ကို မှီခိုအားထားခြင်းသည်သာ အပြုသဘောဆန်၏။" သူတစ်ပါးတို့အား မှီခိုအားထားခြင်းသည် မိမိ၏ လုံ့လကို လျှော့ချခြင်းဖြစ်၏။

မိမိတို့ကိုယ်ကို အားကိုးကြရန် သူ၏တပည့်များကို နှိုးဆော်တိုက်တွန်းရာ၌ မြတ်စွာဘုရားသည် မဟာပရိနိဗ္ဗာနသုတ် တွင်း ဤသို့မိန့်တော်မူ၏ - "သင်တို့သည် သင်တို့အတွက် မှီခိုရာ ကျွန်းကြီးများသဖွယ် ဖြစ်ပါစေလော့၊ သင်တို့သည် သင်တို့၏ ကိုးကွယ်ရာ ဖြစ်ပါစေလော့၊ အခြားသူတို့သည် သင်တို့၏ ကိုးကွယ်ရာ အဘယ်မှာ ဖြစ်ပါအံ့နည်း၊ ထို့ကြောင့် သူတစ်ပါး၌ ကိုးကွယ်ရာကို မရှာကြပါလင့်။"

ဤထူးခြားသော စကားလုံးများသည် မိမိကိုယ်ကို မြှင့်တင်ပေးနိုင်စွမ်း ရှိကြ၏၊ မိမိ၏ ရည်မှန်းချက် အောင်မြင်ရေးအတွက် မိမိကိုယ်တိုင် ကြိုးစားအားထုတ်ရန် မည်မျှပဓာနကျကြောင်းကိုလည်း ရှင်းရှင်းလင်းလင်း ဖော်ပြပေး၏၊ တစ်ချိန်တည်း၌ပင်လျှင် ကြင်နာတတ်သော ကယ်တင်ရှင်များထံမှ မိမိအား အပြစ်မှ ရွေးနုတ်ကယ်တင်ပေးရန် ကြိုးပမ်းခြင်းသည် အပေါ်ယံအလုပ်မျှသာဖြစ်သဖြင့် အကျိုးမရှိကြောင်း၊ စိတ်ကူး၌သာ ရှိကြသော နတ်ဘုရားများ အမျက်ပြေအောင် ကျေနပ်အောင် ပြုလုပ်ခြင်းသည်လည်း အကျိုးမရှိကြောင်း၊ သို့မဟုတ် တုံ့ပြန်ခြင်း မရှိသည့် ရှိခိုးဆုတောင်းခြင်းများနှင့် အဓိပ္ပါယ်ကင်းမဲ့သည့် ယဇ်ပူဇော်ခြင်းများတို့ဖြင့် တမလွန်ဘဝတွင် အထင်အမြင် လွဲမှားနေသော ချမ်းသာပျော်ရွှင်မှုကို မျှော်လင့်တောင့်တခြင်းသည် အကျိုးမရှိကြောင်းတို့ကိုလည်း ညွှန်ပြပေး၏။

မေတ္တာဖြင့်
ထိပ်ထား
(ခေတ်အမြင်နှင့် ဗုဒ္ဓဘာသာအကျဉ်း စာအုပ်မှ)

Friday, May 28, 2010

ကိုယ်စီခပ်နှိပ်ကြပါစို့---------

အားလုံးပဲ မင်္ဂလာပါ... စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေ.......

ကြားထဲမှာ ကျမ ပို့စ်တင်နိုင်ဖို့ အချိန်လုံးဝ မရဖြစ်နေတာကြောင့်ရော၊ ကျန်းမာရေးချို့တဲ့မှု အချို့ကြောင့်ရော နောက်ဆက်သင်ခဲ့တဲ့ (၅)ရက်စာကို မရေးနိုင် မတင်နိုင်ခဲ့ပါဘူး...

အခုလည်းပဲ အချိန်များများရလားဆိုတော့ကာ မရသေးပါဘူးရှင်... ဓမ္မမိတ်ဆွေ၊ ဓမ္မမောင်နှမတွေကို ပို့စ်တင် မယ်ပြောပြီးခါမှ အကြောင်းကြောင်းတွေကြောင့် မတင်နိုင်တဲ့အတွက် ကတိပျက်သလိုခံစားလာရလို့ပါ။ အားလုံး ပဲ သည်းခံခွင့်လွှတ်ပေးကြပါရှင်.. လာမယ့် တနင်္လာနေ့ကစပြီး သေချာစွာ ပို့စ်တင်ပေးပါ့မယ်.... ဒီမှာတော့ ကျမ သင်ပေးခဲ့တဲ့ ၈ရက်တာ ကာလအပြီး ကလေးတွေရဲ့ ပြောင်းလဲမှုလေးတွေကို ပြောပြချင်ပါတယ်။

(၄) ရက်မြောက်နေ့မှာ သီလနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို အကျယ်တ၀င့်ပြောပြခဲ့ပါတယ်။ ကိုယ်တွေ့ အကြောင်းအရာတွေကို ပြောပြခဲ့ပါတယ်။ ကျမဟိုး ကလေးဘ၀တုန်းက သီလမလုံခြုံခဲ့မှုတွေနဲ့ နောက်ဆက်တွဲ ခံစားခဲ့ရတဲ့ ရောဂါဝေဒနာတွေ၊ သီလကို အတတ်နိုင်ဆုံး လုံခြုံအောင် ကြိုးပမ်းခဲ့ချိန်က စပြီး အခန့်မသင့်မှသာ ပေါ်ပေါက်လာတော့တာတွေကို ပြောပြ၊ သီလမလုံလို့ ကြောက်စရာကောင်းတာတွေကို ပြောပြခဲ့ပါတယ်။ အဲဒီ့နေ့မှာပဲ ကလေးတွေက သူတို့ အတတ်နိုင်ဆုံး စောင့်ထိန်းပါ့မယ်ဆိုတဲ့ ကတိကို အတင်းမတိုက်တွန်းရပါဘဲ ပေးခဲ့ကြပါတယ်။ နောက်ရက်တွေမှာ သူတို့ရဲ့ ကျောင်းအုပ်ဆရာမကြီးက ကလေးတွေ သီလချိုးဖောက်ရမှာ ကြောက်ရွံ့လာကြောင်း ပြန်ပြောပြလို့ ပီတိဖြစ်ခဲ့ရပါတယ်။

နောက်တခုက မနက်တိုင်း မှန်မှန် တရားထိုင်တာလေးကို ကလေးတွေ နှစ်ခြိုက်လာတာပါပဲ။ ကျမနဲ့ စာသင်ချိန် မှာတင် မဟုတ်ဘဲ သူတို့ရဲ့ဆန္ဒနဲ့ ညဘက် ဘုရားရှိခိုးပြီးချိန်တွေမှာပါ တရားထိုင်လာကြပါတယ်။ နာရီဝက်လို့ သတ်မှတ်ထားကြပေမဲ့ အချို့ကတော့ မနိုင်လို့ ၁၀ မိနစ် ၁၅ မိနစ် ထိုင်ကြပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီးလည်း ကြာကြာထိုင်နိုင်မှ တရားမဟုတ်ကြောင်းကို ကျမ ပြောပြခဲ့ပါတယ်။ တနာရီထိုင်နေပေမဲ့လည်း အဲဒါဟာ တရား မှတ်နေတာချည်းပဲ နေနိုင်ခြင်းမျိုးမဟုတ်ကြောင်းကိုလည်း ပြောပြခဲ့ပါတယ်။


နောင်ရက်များမှာတော့ မနက်ပိုင်းမဟုတ်တော့ဘဲ ညနေပိုင်း ၃နာရီခွဲကနေ ၄နာရီခွဲကို ပြောင်းလဲ သင်မှာပါ။ (ကျောင်းတွေပြန်ဖွင့်ပြီလေ)။

အားလုံးပဲ လိုအပ်တာများကို ဖြည့်စွက်ပြီး မှားယွင်းသည်များကို ပြုပြင်ပေးကြပါရှင်........

မေတ္တာဖြင့်
ထိပ်ထား

Sunday, May 16, 2010

ကိုယ်စီခပ်နှိပ်ကြပါစို့............ (၃)

သောကြာနေ့ (၁၄-၀၅-၂၀၁၀) မှာ သင်ကြားခဲ့သည်များကို ရေးသားမှာ ဖြစ်ပါတယ်ရှင်.. ဒီနေ့မှာတော့ ပထမ စီစဉ်ထားတာတွေက များတယ်.. ဒါပေမဲ့ ကလေးတွေက မေးခွန်းတွေ အများကြီးပြန်မေးတော့ အချိန်က မလောက်မငဖြစ်သွားပါတယ်… ပထမဆုံး ကျမ ကလေးတွေကို သင်ပေးမယ်ဆိုပြီး စဉ်းစားဆုံးဖြတ်လိုက်တဲ့ အကြောင်းအရာလေးတွေကို ဖော်ပြပေးချင်ပါတယ်။

ဒါနခန်း၊သီလခန်း၊ဘာဝနာခန်း၊ ဗုဒ္ဓ၀င်၊ ခုနှစ်နေ့ဘုရားရှိခိုး၊ သရဏဂုံဆောက်တည်ခြင်းနှင့် အကျိုး၊ ကုသိုလ်၊ အကုသိုလ်၊ အပယ်လေးဘုံ၊ မင်္ဂလာတရား၊ ဂုဏ်တော်နှင့် ကျေးဇူး၊ ခင်ပွန်းကြီး (၁၀)ပါး၊ ၂၄ ပစ္စည်း၊ သမ္ဗုဒ္ဓေ၊ ဦးချ ကန်တော့နည်း၊ အဘိဓမ္မာအကျဉ်းချူပ်( အချိန်ရလျှင်)

၁၄ - ၀၅ - ၂၀၁၀ မှာတော့

ဒါနခန်းတွင် - ဒါနပြုရာတွင် လောဘနှင့် မစ္ဆရိယကို ပယ်ဖြတ်ခြင်းဖြစ်ကြောင်း၊ လောဘသည် မည်သည့်အခါ မှ ရောင့်ရဲမှုမရှိဘဲ လိုချင်တပ်မက်မှုကို ခေါ်ပြီး မလှူနိုင်မတန်းနိုင်အောင် နှမြောတွန့်တိုကပ်စေးနဲခြင်းကို မစ္ဆရိယ လို့ခေါ်ကြောင်း ပြောပြခဲ့ပါသည်။ လောဘနဲ့ မစ္ဆရိယဟာ အပါယ်ကျစေပါတယ်။ အပါယ်မကျသေးတာမှ ယခု ဘ၀ နောက်ဘ၀များမှာ ဆင်းရဲနွမ်းပါးစေပါတယ်။ ထိုလောဘနှင့် မစ္ဆရိယတို့ကို အနိုင်ယူပြီး ပေးကမ်းလှူဒါန်း ခြင်းသည် အများအကျိုးကို သယ်ပိုးခြင်းဖြစ်၍ ကုသိုလ်ကောင်းမှုဖြစ်ပါတယ်။ ဒါနကောင်းမှုသည် မျက်မှောက်၊ တမလွန် ချမ်းသာပြီး နိဗ္ဗာန်ရောက်သည်အထိ ကောင်းကျိုးပြုပါတယ်။ ချမ်းသာသမျှသည် ဒါန၏ အကျိုးတရား ဖြစ်ပါသည်။ စတဲ့ အကြောင်းအရာပေါ်မှာ အခြေခံထားပြီး ကျမ ပြောပြခဲ့ပါတယ်။ ပြီးတဲ့နောက်မှာတော့ ဆွမ်းကပ်လှူကျိုး၊ ရေလှူကျိုး၊ ပန်းလှူကျိုး၊ မီးလှူကျိုး၊ တံမြက်လှည်းခြင်းအကျိုး တို့ကို လင်္ကာလေးတွေနဲ့ သင်ပြကျက်မှတ်စေခဲ့ပါတယ်။

ပြီးတဲ့နောက်မှာ ဗုဒ္ဓ၀င် အကြောင်းပြောပြခဲ့ပါတယ်။

ကလေးတွေရဲ့ မေးခွန်းတွေက တအားများလွန်းတဲ့အတွက် ကျမသေသေချာချာ မှတ်သား မထားပါဘူး။ ဘုရား ဆိုတာ တပါးတည်းလို့ ပြောကြတယ်ဆိုတဲ့ မေးခွန်းကို ကျမအနေနဲ့ ဖြေခဲ့တာကတော့ ပွင့်တော်မူပြီးတဲ့ ဘုရား ပေါင်းများစွာ ရှိကြောင်းကို ပြောပြခဲ့ပါတယ်။ ဒါပေမဲ့ လက်ရှိကျမတို့ဟာ ဂေါတမ မြတ်စွာဘုရားရှင် သာသနာ တော် တွင်းမှာ ဖြစ်ကြောင်းကို ပြောပြခဲ့ပါတယ်။ ပြီးတော့ ဒီမေးခွန်းနဲ့ ဆက်စပ်နေတာက တပါးတည်းဆိုတဲ့ အတွက် မြတ်စွာဘုရားရှင်ကို ဖန်ဆင်းရှင်ဘုရားအဖြစ် ထင်သွားမှာ စိုးတဲ့အတွက် ထိပါးတိုက်ခိုက်လိုတဲ့ သဘောမပါဘဲ အခြားဘာသာတို့ရဲ့ အန္တိမ ပန်းတိုင်နဲ့ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အန္တိမ ပန်းတိုင်ကို ခွဲခြားပြောပြခဲ့ ပါတယ်။ ဘုရားတိုင်းဟာလည်း လူသားအဖြစ်ကနေ ပါရမီမြောက်များစွာဖြည့်ပြီး ဇွဲလုံ့လ၀ီရိယတို့နဲ့ အားထုတ်ခဲ့ပြီး တကယ်ရှိနေတဲ့ တရားတွေကို ဆရာမရှိဘဲ တွေ့မြင်ခဲ့တယ်ဆိုတဲ့အကြောင်းကို ပြောပြခဲ့ပါတယ်။ ဒီမေးခွန်းအတွက် ဖြည့်စွက်အကြံပေးချင်တာများ ရှိမယ်ဆိုရင် ကွန်မန့်ထားခဲ့ပါရှင်။

နောက်ဆုံးအဆုံးသတ်အနေနဲ့ ဒါနအကျိုးပြ အဖြစ် အနုရုဒ္ဓ မင်းသားရဲ့ မရှိမုန့် ပုံပြင်ကို ပြောပြပြီး ယဉ်ကျေးလိမ္မာ သံပေါက် ကဗျာနဲ့ အဆုံးသတ်ခဲ့ပါတယ်။

မေတ္တာဖြင့်
ထိပ်ထား

Saturday, May 8, 2010

ကိုယ်စီခပ်နှိပ်ကြပါစို့......... (၂)

ဒီနေ့ဟာ ဒုတိယမြောက်နေ့ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ မနက် ၉နာရီကနေ စပြီး သင်ကြားဖြစ်ပါတယ်။ ပထမပိုင်း ကလေးတွေ သင်ရမယ့် ပန်းချီသင်တန်းမှာ ပန်းချီဆရာ မလာတဲ့အတွက် အခြေခံဗုဒ္ဓဘာသာ အသိတရားလေးတွေကို သင်ကြားဖို့အချိန်ပိုမိုလို့ ရရှိခဲ့ပါတယ်။ ဒီနေ့မှာလည်း စစချင်းမှာတော့ ၅မိနစ်တာ တရားထိုင်ဖြစ်ပါတယ်။ ကလေးတွေဟာ ပထမတရက်မှာပဲ ထိုင်ခဲ့ဖူးတဲ့အတွက် သိပ်အများကြီး ရှင်းပြနေ စရာမလိုပဲကို ထိုင်ကြပါတယ်။ ၅မိနစ်ပြီးတဲ့နောက်မှာ သရဏဂုံဆောက်တည်ခိုင်းလိုက်ပါတယ်။ သရဏဂုံ ဆောက်တည်ပြီးနောက်မှာတော့ ကျမက သရဏဂုံဆိုတာ ဘာလဲ၊ဘာကြောင့်ဆောက်တည်ကြရသလဲ ဆိုတာ ကို ရှင်းပြပြီး…. ဘုရားရဲ့ ကျေးဇူး၊ တရားရဲ့ ကျေးဇူး၊ သံဃာရဲ့ ကျေးဇူးတွေကို ပေါ်လွင်ထင်ရှား သိနားလည်လာအောင် ပြောပြပေးပါတယ်။ ၁၀ မိနစ် ၁၅ မိနစ်လောက် အချိန်ကြာသွားပေမဲ့ အဓိက အနှစ်ချူပ် ပြောရရင် ဗျာဒိတ်ခံချိန်မှာ မိမိဘာသာမိမိ သံသရာက လွတ်မြောက်နိုင်ပေမဲ့ ဝေနေယျတွေကို ငဲ့ပြီး လေးသချေ င်္နဲ့ ကမ္ဘာတသိန်း ပါရမီတွေ ဖြည့်ဆည်းခဲ့ပြီး(တနည်း ပေးဆပ်မှုတွေ အများကြီး လုပ်ခဲ့ပြီး) ဝေနေယျတွေကို ကယ်တင်ဖို့ ပွင့်ထွန်းတော်မူလာတဲ့အတွက် ဘုရားရှင်ရဲ့ ကျေးဇူးကြီးမားကြောင်း၊ လိုက်နာကျင့်ကြံရင် လိုက်နာ ကျင့်ကြံသလောက် ကောင်းကျိုးတွေရတဲ့အတွက် တရားတော်ရဲ့ ကျေးဇူး ကြီးမားကြောင်း၊ မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့တဲ့ တရားတော်မြတ်တွေကို ဒီနေ့ဒီအချိန်အထိ သိရှိနိုင်အောင် ထေရ်(ရဟန်းအဆက်ဆက်) အဆက်ဆက် ထိန်းသိမ်းလက်ဆင့်ကမ်းလာတဲ့ ကျေးဇူးကြီးမားကြောင်းတွေကို ပြောပြခဲ့ပါတယ်။

ပြီးတဲ့နောက်မှာတော့
မ၊ သိ၊ ကြ၊ လတ်၊ တွေး၊ ဆ၊ အပ် နေ့မြတ်ခုနှစ်ထွေ။
သန်၊ ဖွား၊ တော၊ ပွင့်၊ စပ်၊ စု၊ သင့် ရှင်ပင့်သာကီဆွေ။
ဆိုတဲ့ လင်္ကာလေးကို ၃ကြိမ်ရွတ်ဖတ်စေပြီး တခုချင်းစီကို နေ့နဲ့တကွ ရှင်းလင်းရေးသားပေးခဲ့ပါတယ်။ ရှင်းလင်းပြီး ကလေးတွေကို တရက်တည်းမှာပဲ ခေါင်းထဲစွဲမြဲမှတ်မိသွားစေရန် ရွတ်ဖတ်စေခဲ့ပါတယ်။ ပြီးတဲ့ နောက်မှာတော့ ခုနှစ်နေ့ ဘုရားရှိခိုးထဲက ပထမအပိုဒ်ဖြစ်တဲ့ (မ-သန်) သန္ဓေယူသောနေ့ အပိုဒ်ကို ရွတ်ဖတ် စေပြီး အလွတ်ကျက်စေခဲ့ပါတယ်။

ဘုရားရှင့်ပွင်ပေါ်သည့် အကျိုးကျေးဇူး
၁) ဘုရားရှင်တော် မပွင့်ပေါ်လျှင်
လူတော်အများ စိတ်ကောင်းထားလည်း
ဤကားကုသိုလ် အကုသိုလ်နှင့်
ထိုထိုဘုံဘ၀၊ မသိကြ၊ များလှအပြစ်တွေ။
၂) ဘုရားရှင်တော် ပွင့်ထွန်းပေါ်၍
ဟောဖော်ညွှန်ကြား မြတ်တရားကြောင့်
ဤကားကုသိုလ်၊ အကုသိုလ်နှင့်
ထိုထိုဘုံဘ၀ သိကြရ၊ များလှ ကျေးဇူးတွေ။
(မဟာဂန္ဓာရုံ ဆရာတော် အရှင်ဇနကာ ဘိဝံသ)

ပြီးတဲ့နောက်မှာတော့ ဒါန၊ သီလ၊ ဘာဝနာ အကြောင်းလေးကို ပြန်သွားပြီး.. ကွန်မန့်မှာ မထက် ပေးခဲ့တဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ရေးသားကူးယူ မှတ်သားစေခဲ့ပါတယ်။

ဒါနဆိုတာ - ကိုယ်ကျိုးစွန့်ပြီး အများအကျိုးအတွက် လိုအပ်သောနေရာများမှာ စေတနာထက်သန်စွာဖြင့် လုပ်အားဒါန၊ ငွေအားဒါန၊ ပစ္စည်းဒါန၊ ဝန်ဆောင်မှုဒါနများ ပေးလှူခြင်းကို ခေါ်တာပါ။

သီလဆိုတာ - ကောင်းမွန်သော သူတပါးမထိခိုက်စေသော မနောကံ စိတ်စေတနာကို အခြေခံပြီး ကာယကံနှင့်ဝစီကံကို ထိန်းသိမ်းစောင့်ရှောက်ခြင်းကို ခေါ်တာပါ။

ဘာဝနာဆိုတာ - စိတ်၏ တည်ကြည်ခြင်းနှင့် သန့်စင်ခြင်းကို အမြဲတမ်းပြုလုပ်ခြင်းနှင့် မြတ်ဘုရား၏ အဆုံးအမကို တသွေမတိမ်းလိုက်နာဆောင်ရွက်ခြင်းကို ခေါ်တာပါ။

ပြီးတဲ့နောက်မှာတော့ ဒီနေ့အတွက် ၃၈ဖြာမင်္ဂလာတရားတော်လာ မင်္ဂလာတပါးဖြစ်တဲ့
ပဏ္ဍိတာ နဉ္ဇ သေ၀နာ၊
ဧတံ မင်္ဂလ မုတ္တမံ။
ပညာရှိကို ဆည်းကပ်ခြင်းသည် မြတ်သော မင်္ဂလာမည်၏။ အကြောင်းကို ပြောပြခဲ့ပါတယ်။

ခေါင်းဆောင်နှစ်ဦး
လက်သမား တစ်ထောင်နေတဲ့ လက်သမားတို့ရွာကြီး တစ်ရွာရှိခဲ့တယ်။ အဲဒီ့ရွာမှာ ရှိတဲ့ လူတွေဟာ နေလာ ရင်းနဲ့ ကြွေးတွေများပြီး ဆင်းရဲမွဲတေကုန်ကြလို့ တနေ့မှာတော့ ပင်လယ်သမုဒ္ဒရာထဲ ရွက်လွှင့်ပြီး နေရာသစ် ရှာမယ်ဆိုပြီး လုပ်ကြတာပေါ့။ သူတို့ရဲ့ မိသားစုတွေကိုပါ ခေါ်တင်နိုင်တဲ့ လှေကြီးကို ဆောက်ပြီး ရွက်လွှင့်ရင်း နဲ့ သာယာလှတဲ့ ကျွန်းတကျွန်းကိုတွေ့တယ်။ ကျွန်းကို သူတို့ရောက်တဲ့အခါမှာ ကျွန်းပေါ်မှာ နေထိုင်နေတဲ့ လူသားတဦးရှိတယ်။ အဲဒီ့လူသားက ပြောတယ်။ မိတ်ဆွေတို့.. ကျွန်းပေါ်မှာ နေလို့တော့ ရတယ်။ ကျွန်းကြီး ဟာ သိပ်သာယာပြီး သစ်သီးဝလံတွေနဲ့ ပေါပါတယ်.. ဒါပေမဲ့ သင်တို့ ကျွန်းပေါ်မှာ ကျင်ကြီးကျင်ငယ်သွားတဲ့ အခါမှာ ပြီးသွားရင် သဲနဲ့ပဲဖြစ်ဖြစ် ဖုံးခဲ့ပါ။ ကျွန်းပေါ်မှာရှိတဲ့ တန်ခိုးကြီးတဲ့ နတ်တွေက မကြိုက်တဲ့အတွက် သတိထားနေဖို့ပြောတယ်။

အဲဒီ့မှာ အဖွဲ့နှစ်ဖွဲ့ရှိပါတယ်။ တဖွဲ့ဆီမှာ ၅ရာစီ ရှိပြီး ခေါင်းဆောင်တယောက်စီရှိကြတယ်။ လက်သမားတွေ ဟာ ကြံကို သေရည်အဖြစ်လုပ်ပြီး သောက်ကြတယ်။ မူးရူးပျော်ပါးပြီး ကျင်ကြီးကျင်ငယ်ကို ဒီတိုင်းစွန့်ကြတယ်။ အဲဒီ့အခါမှာ နတ်တွေက စိတ်ဆိုးပြီး နောက် ၁၅ရက်နေရင် ကျွန်းကို ပင်လယ်ရေတတ်စေပြီး ဆေးပစ်ဖို့ လုပ်ကြတယ်။ စိတ်သဘောထားကောင်းတဲ့ နတ်သားတပါးက လက်သမားတွေကို လာသတိပေးပါတယ်။ နောက်ထပ် စိတ်ထားမကောင်းတဲ့ နတ်သားကလည်း ထပ်လာပြီး ပထမနတ်သားက မိတ်ဆွေတို့ကို ဒီကျွန်းမှာ မနေစေချင်လို့ စိတ်ယုတ်မာနဲ့ပြောကြောင်း၊ မိတ်ဆွေတို့ ကျွန်းပေါ်မှာ ပျော်ပျော်ပါးပါး ဆက်နေနိုင်ကြောင်း လာပြောတဲ့အခါ ခေါင်းဆောင်တဦးကတော့ သူ့နောက်လိုက်တွေကို သဘောင်္တစီး ဆောက်လုပ်ထားဖို့ ပြောပေမဲ့ အခြားခေါင်းဆောင်ကတော့ မလိုပါဘူး…ဆိုပြီး နေသတဲ့။ တကယ်တမ်း ၁၅ ရက်ပြည့်လို့ ရေကြီး လာတဲ့အခါ သဘောင်္ပြင်ဆင်ထားတဲ့ ခေါင်းဆောင်က သူ့နောက်လိုက်တွေကို သဘောင်္ပေါ်တတ်စေပြီး အခြားအဖွဲ့ကိုပါ ခေါ်ပေမဲ့လည်း အခြားအဖွဲ့ဟာ ရေဟာ ကျွန်းဆေးဖို့လောက်ပဲ တတ်မှာပါဆိုပြီး ပေနေရာက ရေဟာ ဒူးခေါင်းကနေ ပေါင်၊ ပေါင်ကနေ ခါး၊ ခါးကလည်း ရင်ဆို့၊ ရင်ဆို့ကနေ လည်ပင်း၊ လည်ပင်းကနေ ခေါင်းအထိပါ မြုပ်သွားပါတော့တယ်။ ခေါင်းဆောင်ကောင်းရဲ့ စကားကို နာခံတဲ့ နောက်လိုက်တွေဟာ အသက်ဘေးက ချမ်းသာရာရပြီး ခေါင်းဆောင်ဆိုးရဲ့ စကားကို နာခံတဲ့နောက်လိုက်တွေဟာတော့ အသက်သေဆုံးရပါတယ်။

ပြီးတဲ့နောက်မှာ ကလေးများကို သူတို့၏ ထင်မြင်ချက်ကလေးများကို ပြောဆိုဆွေးနွေးစေပြီး ဆုံးမစာ သံပေါက်ကဗျာများကို ရွတ်ဆိုစေကာ ဒုတိယမြောက်နေ့ကို အဆုံးသတ်ခဲ့ပါတယ်ရှင်။

(လိုအပ်သည်များဖြည့်စွက်ခြင်း၊ အကြံပြုခြင်း၊ ပြုပြင်ပေးခြင်းများ ပြုကြပါရန် ဓမ္မမိတ်ဆွေ၊ မောင်နှမ များအား မေတ္တာရပ်ခံပါတယ်ရှင်။)

မေတ္တာဖြင့်
ထိပ်ထား

Wednesday, May 5, 2010

မြတ်ဗုဒ္ဓ (၂)

ပျော်ရွှင်ချမ်းမြေ့ဖွယ်ကောင်းသော နံနက်ခင်း တစ်ခု၌ မဟာဗောဓိပင်ရင်း ရွှေပလ္လင်ထက်ဝယ် နက်နက်နဲနဲ စူးစိုက်ကာ တရားအားထုတ်နေသော သိဒ္ဓတ္ထရဟန်းသည် မည်သည့်သဘာဝလွန် စွမ်းအား၏ အထောက် အကူနှင့် လမ်းညွှန်မှုကိုမျှ မခံယူဘဲ မိမိ၏ လုံလ၊ ဝီရိယနှင့် ဥာဏ်ပညာတို့ကို အားကိုးလျက် သူ၏ စိတ်အစဉ်မှ လောဘ၊ ဒေါသ၊ မောဟ - ကိလေသာအညစ်အကြေးများကို အမြစ်ပြတ် သုတ်သင် ဖယ်ရှင်း၍ မိမိ၏ စိတ်ကို သန့်ရှင်းဖြူစင်စေပြီးသော် သဘာဝတရားအားလုံးကို အရှိအရှိတိုင်း ဟုတ်တိုင်းမှန်စွာ ထိုးထွင်းသိမြင်လာ၏။ သူသည် အရဟတ္တမဂ်ဥာဏ် ဖိုလ်ဥာဏ်နှင့် သဗ္ဗေညုတဥာဏ်တော်တို့ကို ရရှိကာ အသက်၃၅နှစ် အရွယ်၌ သဗ္ဗေညုဘုရား အဖြစ်သို့ ရောက်တော်မူ၏။ သူသည် ဗုဒ္ဓဘုရား တစ်ဆူအဖြစ် မွေးဖွားလာသည်မဟုတ်၊ သူ၏ ကိုယ်ပိုင် ကြိုးပမ်းအားထုတ်မှုကြောင့် ဘုရားဖြစ်လာခြင်း ဖြစ်ပေ၏။

သူဟောကြားတော်မူသော ဂုဏ်အရည်အသွေးများ အားလုံးပေါင်းစုဖွဲ့စည်းထားတော်မူသော မြတ်စွာဘုရား သည် နက်ရှိုင်းသည့် ဥာဏ်ပညာနှင့် ပြည့်စုံ၍ အကန့်အသတ်မရှိသော အကြင်နာတရား၏ တွန်းအားပေးချက် နှင့် အညီ သူ၏အဖိုးတန်သော ဘဝ၏ ကျန်ရှိသောအချိန်အားလုံးကို လူသားအားလုံး၏ အကျိုးသယ်ပိုးရန် မြှုပ်နှံတော် မူခဲ့၏။ မည်သို့သော အကျိုးစီးပွားအတွက် စေ့ဆော်ချက်မျှ မပါဘဲ ကိုယ်ပိုင်စံနမူနာဖြင့် လည်းကောင်း၊ လက်တွေ့ကျသော သဘောတရားများဖြင့်လည်းကောင်း၊ ဟောပြောသွန်သင် ဆုံးမပေးတော် မူသည်။

မြတ်စွာဘုရားအဖြစ် ၄၅ နှစ်တိုင်အောင် အလွန်အောင်မြင်ကျော်ကြားစွာ ဟောပြောသင်ကြားပြီးသည့်နောက် မြတ်ဗုဒ္ဓသည် လူတကာတို့ ရှောင်ကြဉ်သွေဖီ၍ မရသော အနိစ္စသဘောအရ သက်တော် ၈၀ ပြည့်နှစ်တွင် ပရိနိဗ္ဗာန်စံလွန်တော်မူသည်။ သူမရှိသည့်နောက်တွင် သူ၏တရားတော်များကို ဆရာသမားအဖြစ် မှတ်ယူ လိုက်နာကြရန် မြတ်စွာဘုရားသည် သူ၏ တပည့်များအား အလေးအနက် တိုက်တွန်းမှာကြားတော်မူခဲ့၏။

မြတ်ဗုဒ္ဓသည် လူသားတစ်ဦး ဖြစ်သည်နှင့်အညီ လူသားတစ်ဦးအဖြစ်မွေးဖွား၍ လူသားတစ်ဦးအဖြစ် နေထိုင်ပြီး လျှင် လူသားတစ်ဦး အဖြစ်ဖြင့်ပင် သူ့ဘဝကို အဆုံးသတ်တော်မူခဲ့၏။ လူသားတစ်ဦးဖြစ်ပါသော်လည်း သူသည် အလွန်ထူးခြားကြီးကျယ်သော မဟာလူသား (အစ္ဆရိယ မနုဿ) ဖြစ်တော်မူ၏။ သို့သော် သူ့ကိုယ်သူ နတ်ဘုရား တစ်ဆူဖြစ်သည်ဟု မည်သည့်အခါမျှ မိန့်ဆိုတော် မမူခဲ့ပါ။ ဗုဒ္ဓမြတ်စွာသည် ဤအချက်ကို အလေးအနက်ထား၍ ' သူသည် မည်သည့်အခါမျှ မသေနိုင်သော နတ်ဘုရား တစ်ဆူ ဖြစ်သည် ' ဟူသည့် အယူအဆအမှားကို မည်သူမျှ မယူမိအောင် ရှင်းရှင်းလင်းလင်း မိန့်ဆိုတော်မူခဲ့၏။ ကံအားလျှော်စွာပင် မြတ်စွာဘုရား၏ အရေးကိစ္စ၌ သူ့အား နတ်ဘုရား အဖြစ် တင်မြှောက်ကိုးကွယ်ခြင်း မရှိခဲ့ပါ။ သို့စေကာမူ မြတ်စွာဘုရားကဲ့သို့ " နတ်ဘုရား အငွေ့အသက် ကင်းစင်ပြီး နတ်ဘုရားကဲ့သို့ တူညီတော်မူသော ဆရာသမားဟူသည် ဤလောကတွင် မရှိပါ " ဟုကောက်ချက် ချရမည် ဖြစ်သည်။

မေတ္တာဖြင့်
ထိပ်ထား
(ခေတ်အမြင်နှင့် ဗုဒ္ဓဘာသာအကျဉ်း စာအုပ်မှ)

ကိုယ်စီခပ်နှိပ်ကြပါစို့..... (၁)

လွန်ခဲ့တဲ့ ၈လလောက်က စပြီး ကျမ အလုပ်ချင်ဆုံး အရာတခုကို ပြပါဆိုပြီး နှလုံးသားမှာ ဘုရားတည်ဖို့ပါပဲ... သို့ပေမဲ့ ကျမကိုယ် ကျမတောင် အနိုင်နိုင်နဲ့ အသိစိတ်ကို ဖြည့်ရင်း သတိကို မနည်းကပ်ထားရသူလေ။ ဒီလိုနဲ့ ကျမရဲ့ နှလုံးသားမှာ ဘုရားတည်နိုင်ဖို့ အသိတရားလေးတွေ စုဆောင်းရင်းနဲ့ လွန်ခဲ့တဲ့ ၁လလောက်ပဲ ကျမမှာ အခွင့်အရေးတခုရခဲ့တယ်။ ကလေးငယ်လေးတွေအတွက် အခြေခံဗုဒ္ဓဘာသာ စာအုပ်ငယ်လေး တအုပ် ထုတ်ဝေဖို့ပါပဲ။ ပန်းကမ္ဘာဆရာတော် ဦးသုနန္ဒာ လင်္ကာရ ရဲ့ အားပေးကူညီပေးမှု၊ ကိုဝင်းမြင့် အစ ရှိတဲ့ ဓမ္မမောင်နှမတွေရဲ့ ကူညီပေးမှုတွေကြောင့် စာအုပ်ငယ်လေးကို ထုတ်နိုင်ခဲ့ပါတယ်။ စာအုပ်တွေ ထုတ်ပြီး ရုံးရဲ့ အကူအညီနဲ့ ကျောင်းနှစ်ကျောင်းကို စာအုပ်တွေ သွားဝေပေးခဲ့တယ်။ လက်ရှိကျမ တနိုင်တပိုင်အနေနဲ့ အုပ်ရေ ၂၄၀ ကို ထုတ်ခဲ့ပါတယ်။ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းကို အုပ်ရေ ၁၃၀ လှူခဲ့ပြီး နောက်ထပ် ကျောင်းတကျောင်းကိုတော့ အုပ်ရေ ၇၀ လှူခဲ့ပါတယ်။ ကျန်တဲ့စာအုပ်လေးတွေကိုတော့ တဦးချင်းစီ လိုချင် သူတွေရှိနေတာကြောင့် ထိန်းသိမ်းထားဆဲပါ။ သွားရောက်လှူခဲ့တဲ့ ကျောင်းနှစ်ကျောင်းအနက် တကျောင်းက ကျမကို အကူအညီ တောင်းပါတယ်။ ကျောင်းသားတွေကို အခြေခံဗုဒ္ဓဘာသာ အကြောင်းလေးတွေ လာရောက် ပြောပြ သင်ကြားပေးဖို့ပါပဲ။ ကျမရဲ့ ရုံးဟာ နံနက် (၈)နာရီတတ်ပြီး (၅) နာရီမှ ဆင်းတာပါ။ တနင်္လာကနေ သောကြာ ရက်အပြည့်မို့လို့ ကျမမှာ ဘယ်အချိန်ကို ပေးရမလဲ မသိပေမဲ့ ဖြစ်အောင်လုပ်ရင်ဖြစ်လာမှာပါဆိုပြီး ကျမ လာသင်ပေးမယ်လို့ ကတိပေးခဲ့လိုက်ပါတယ်။ နောက်ဆုံး ကျမရဲ့ Director နဲ့ ညှိနှိုင်းအပြိးမှာတော့ တနေ့ တနာရီနဲ့ တပတ်ကို သုံးရက် သင်ပေးဖို့ ကျမ အခွင့်ရခဲ့ပါတယ်။ ဒီနေ့မှာပဲ ကျမ ပထမဦးဆုံးအနေနဲ့ အဲဒီ့ကျောင်းမှာ သွားရောက်သင်ကြားခဲ့ပါတယ်ရှင်။ ကျမ သွားရောက်သင်တဲ့နေ့တွေမှာ သင်ကြားပြောပြခဲ့ တာတွေကို ပို့စ် ပြန်တင်ပါ့မယ်။ ကျမဟာ အခုမှ မူကြိုအဆင့်မို့ ကလေးတွေကို ပြောပြတဲ့အခါမှာ လိုအပ်မှု ရှိနိုင်ကြောင့် ပြင်ဆင်သင့်တာတွေကို ၀ိုင်းဝန်းအကြံပေးကြဖို့ ကျမရဲ့ ဓမ္မမိတ်ဆွေများ အားလုံးကို မေတ္တာ ရပ်ခံပါတယ်ရှင်။

ဦးစွာပထမ ဗုဒ္ဓဘာသာဆိုတာ ဘာလဲ၊ ဗုဒ္ဓဘာသာရဲ့ အခြေခံဟာ ဘာတွေလဲ၊ မင်္ဂလာတရားဆိုတာ ဘာကို ခေါ်တာလဲဆိုတဲ့ မေးခွန်းလေးတွေကို မေးပါတယ်။ ရိုးသားစွာပဲ ကလေးတွေဟာ သူတို့သိသလောက်လေးတွေ ကိုပြောပြပြီး မသိတာကိုလည်း မသိတဲ့အကြောင်း ပြောကြပါတယ်။ ဒီတော့ ကျမက ကလေးတို့ မသိတဲ့ အကြောင်းအရာတွေကို ဆရာမ ပြောပြမှာ ဖြစ်တဲ့အကြောင်းကို ပြောပြပြီး ဘာတွေကို ပြောပြမယ် ဆိုတာကို ရှင်းပြခဲ့ပါတယ်။ ပြီးတဲ့နောက်မှာတော့ ၃မိနစ် တရားထိုင်စေပါတယ်။ တရားထိုင်တယ်ဆိုပေမဲ့ ကလေးတွေ ဖြစ်တဲ့အလျောက် စိတ်တည်ငြိမ်မှုရစေဖို့အတွက် စိတ်ကို လျှော့၊ ဘာမှ မတွေးတော မစဉ်းစားဘဲ၊ မျက်စိလေး တွေ မှိတ်၊ ခန္ဓာကိုယ်ကို မတ်မတ်ထား၊ အသက်ရှုနေတဲ့ နှာခေါင်းထိပ်လေးမှာ လေလေး ၀င်လာတာ၊ ထွက်သွား တာလေးကိုပဲ သတိလေးနဲ့ ကြည့်နေဖို့ ပြောပါတယ်။

ပြီးတဲ့နောက်မှာ ဗုဒ္ဓဘာသာရဲ့ အခြေခံတွေ ဖြစ်တဲ့ ဒါန၊ သီလ၊ ဘာဝနာ အကြောင်းကို ရှင်းလင်းပြောပြပါတယ်။

ဒါနဆိုတာ

လှူတန်းမှုမှန်သမျှဟာ ဒါနပါပဲ။ ငွေရှိမှ လှူနိုင်တာ မဟုတ်ဘူး။ ပညာအား လုပ်အားနဲ့လည်း အလှူဒါန ပြုနိုင်တဲ့ အကြောင်းပြောပြပါတယ်။ ဥပမာ - တံမြတ်စည်းလှည်း၊ သောက်ရေခပ်ပေး စသဖြင့် ဥပမာလေးတွေ သုံးပြီး ပြောပြခဲ့ပါတယ်။

သီလဆိုတာ
ဗုဒ္ဓဘာသာဝင်တိုင်း အခြေခံအားဖြင့် ဆောက်တည်အပ်တဲ့ သီလငါးပါးကို ပြောပြခဲ့ပါတယ်။ သီလကို မသိမသာ ရော သိသိသာသာပါ ချိုးဖောက်လို့ ကမ္ဘာလောကကြီးမှာ ရောဂါကပ်တွေ၊ အငတ်ဘေးတွေ၊ သဘာဝအန္တရာယ် ဘေးကြီးတွေ ကြုံတွေ့နေရကြောင်းတွေကို ဥပမာ ဥပမေယျ တွေနဲ့ ပြောပြခဲ့ပါတယ်။ လက်ရှိဘ၀မှာတောင် ဆိုးကျိုးတွေကို ပြန်ခံစားရတာ နောင်ဘ၀မှာဆို ဘယ်လောက်ဆိုးမလဲ မှန်းတောင် မမှန်းနိုင်ဘူးဆိုတဲ့ အကြောင်းကို ပြောပြပါတယ်။

(အပယ်လေးဘုံအကြောင်းကို အနည်းငယ်မျှပြောပြခဲ့ပါတယ်။)

ဘာဝနာ
ဘာဝနာဆိုတာ ဗုဒ္ဓဘာသာရဲ့ အဓိက အဆီအနှစ်ပဲ ဖြစ်ကြောင်းကို ပြောပြပါတယ်။ ဒါန၊သီလ ဟာ အခြားဘာသာတွေမှာ ရှိပေမဲ့ ဘာဝနာတရားကတော့ ဗုဒ္ဓဘာသာမှာပဲ ရှိကြောင်း၊ ဗုဒ္ဓဘာသာဝင်တိုင်းရဲ့ ပန်းတိုင် ဖြစ်တဲ့ နိဗ္ဗာန်ကို သွားနိုင်ဖို့ ဘာဝနာတရား အားထုတ်ရမည်ဖြစ်ကြောင်းပြောပြခဲ့ပါတယ်။ လူတွေ အတော်များများပြောကြတယ်။ ပထမအရွယ်မှာ (ပညာရှာ)၊ ဒုတိယအရွယ်မှာ (ဥစ္စာရှာ)၊ တတိယအရွယ်မှာ (တရားရှာ)။ ဟုတ်ပါပြီ.... ပထမအရွယ်မှာပဲ ဆုံးပါးသွားသူတွေ ရှိတဲ့အတွက် ဘာဝနာသည်လည်း ငယ်သေးလို့ အားမထုတ်သေးဘူး ကြီးမှပေါ့လို့ လုပ်ရမည့် အရာမဟုတ်ကြောင်း ပြောပြခဲ့ပါတယ်။ ဘာဝနာပွားများတယ် ဆိုတာ လောဘ၊ ဒေါသ၊ မောဟကို ပယ်သတ်ခြင်းဖြစ်ကြောင်း ပြောပြပြီး ကလေးတွေကို လောဘဆိုတာ ဘာ၊ ဒေါသဆိုတာ ဘာ၊ မောဟဆိုတာ ဘာ ဆိုပြီး မေးခွန်းလေးတွေ မေးခဲ့ပါတယ်။

ပြီးနောက် မြတ်စွာဘုရားအလောင်းတော် ဖွားမြင်သောအချိန်ကာလနဲ့ ဖွားမြင်ရာဇာတိကို အဓိကထား၍ ဗုဒ္ဓ၀င် အနည်းငယ်ကို ပြောပြခဲ့ပါတယ်။

အဆုံးသတ်ခါနီးမှာတော့
မင်္ဂလာတရားပေါ်ပေါက်လာပုံလေးကို အကျဉ်းချူပ်ပြောပြပြီး ပုံပြင်လေးနဲ့ အဆုံးသတ်ခဲ့ပါတယ်။
"၀ီရတီ ပါပါ၊ ဧတံ မင်္ဂလ မုတ္တမံ"
မကောင်းမှုကို စိတ်ဖြင့် ရှောင်ကြဉ်ခြင်းသည် မြတ်သော မင်္ဂလာမည်၏။

စံပြလုလင်ဆိုတဲ့ ပုံပြင်လေးကို ပြောပြခဲ့ပါတယ်။ ပုံပြင်လေးရဲ့ အကျဉ်းလေးကတော့ တက္ကသိုလ်ပြည်က ဆရာကြီးဟာ သူ့သမီးနဲ့ လက်ဆက်ပေးဖို့ ကိုယ်ကျင့်တရားကောင်းမွန်တဲ့ တပည့်တယောက်ကို ရွေးချယ်ချင် ပါတယ်။ ဒါကြောင့် သူဟာ တပည့်တွေ အားလုံးကိုခေါ်ပြီး သူ့သမီးကို လိုချင်တဲ့လူ မိဘဆွေမျိုး မသိဘဲ မိဘဆွေမျိုးအိမ်က အ၀တ်တွေကို ခိုးယူလာပေးဖို့၊ တန်ဖိုးအကြီးဆုံး အ၀တ်ကို ယူလာနိုင်တဲ့လူကို သူ့သမီးနဲ့ ပေးစားမယ်လို့ ပြောပါတယ်။ တပည့်အားလုံးသွားပြီး ခိုးယူကြပေမဲ့ တပည့်တယောက်က သွားရောက် မယူငင် လို့ ဆရာကြီးက မေးတဲ့အခါ တပည့်က ဆရာ့သမီးကို နှစ်သက်ပေမဲ့ မကောင်းမှုဆိုတာ ဆိတ်ကွယ်ရာ မရှိတဲ့အတွက် မခိုးယူတာဖြစ်ကြောင်း ပြောပြပါတယ်။ ဆရာကြီးကလည်း တပည့်၊ ဆရာက အ၀တ်လိုချင်လို့ မဟုတ်၊ ကိုယ်ကျင့်တရားကောင်းသော သူကို ရွေးချယ်လို၍သာ ဖြစ်သည်။ ထို့ကြောင့် တပည့်ကို သမီးနဲ့ လက်ဆက်ပေးပါမယ်လို့ ပြောလိုက်ပါတယ်။

ပုံပြင်လေးကို ပြောပြပြီး ကိုယ်ကျင့်တရားကောင်းသူဟာ သူ့ရဲ့ အကျင့်သိက္ခာလည်း မပျက်စီး၊ အကုသိုလ်လည်း မဖြစ်ရပါဘဲ လိုချင်တာကို ရနိုင်ပါတဲ့အကြောင်း ပြောပြလိုက်ပါတယ်ရှင်။

(ပထမဦးဆုံးနေ့ဖြစ်တဲ့အတွက် တော်တော်လေးကို များသွားပါတယ်။ နောက်နေ့တွေမှာမှ တပိုင်းချင်းကို သေသေချာချာလေး ပြောပြသင်ကြားပေးပါမယ်ရှင်။ ဓမ္မမိတ်ဆွေ အကို၊အမ၊ ဦးလေး၊ အန်တီများ အနေနဲ့ အကြံပေးချင်တယ်၊ ပြုပြင်ပေးလိုတယ်ဆိုရင် ကွန်မန့်များ ထားခဲ့စေချင်ပါတယ်ရှင်။)

မေတ္တာဖြင့်
ထိပ်ထား


Monday, May 3, 2010

မိခင်ကျေးဇူး ဆပ်စေလို ……

ကိုးလလွယ် ဆယ်လမှာ ဖွား…. သားသမီးတွေကို ချစ်ခင်ယုယ ပြုစုပေးတာ မိခင်တွေပါ။ ဘယ်လောက်ပဲ ဝေဒနာ တွေ ခံစားရနေပေမဲ့ မွေးလာမယ့်ကလေးလေး ကိုယ်လက်အင်္ဂါမှ စုံပါ့မလား… ဘယ်လိုပုံလေး ဖြစ်နေ မလဲ.. စသဖြင့် စသဖြင့် ပူပန်တတ်တဲ့ မိခင်…. ကလေးလေး ကျန်းကျန်းမာမာနဲ့ မွေးလာပါစေလို့ မေတ္တာတွေ အပြည့်နဲ့ နာကျင်မှုဒဏ်ကို တွန်းလှန်နေတဲ့ မေတ္တာကြီးမားတဲ့ မိခင်… မိခင်ဆိုတာ အနှိုင်းမဲ့ပါ။ မွေးလာပြန် တော့လည်း အနှီးထုတ်ထဲက ရင်သွေးလေး၊ လေးဘက်သွားနေတဲ့ ရင်သွေးလေး၊ မတ်တပ်စမ်းနေတဲ့ ရင်သွေး လေး၊ ပြေးလွှားဆော့ကလေးနေတဲ့ ရင်သွေးလေး၊ ကျောင်းသွားတတ်နေတဲ့ ရင်သွေးလေး၊ အရွယ်ရောက်လာ လုပ်ငန်းခွင်က ရင်သွေးလေး….. အချိန်တွေ တရွေ့ရွေ့ပြောင်းသွားပေမဲ့ အမေ့ရင်ထဲက ပူပန်တတ်မှုဟာ ပြောင်းလဲသွားရိုး မရှိပါဘူး။ ပြောင်းလဲသွားတဲ့ အချိန်ကာလအလျောက် အမေဟာ ပူပန်နေတတ်မြဲပါ။

လောကမှာ ဘာနဲ့မှ မတူတဲ့ မေတ္တာကိုပေးနိုင်စွမ်းရှိသူဟာလည်း မိခင်ပါပဲ။ ချစ်သူဟာလည်း မိခင်လောက် မချစ်နိုင်ပါဘူး။ အိမ်ထောင်ဘက် ခင်ပွန်း၊ ဇနီးဟာလည်း မိခင်လောက် မချစ်နိုင်ပါဘူး။ ဘယ်သူဘယ်သူကမှ မိခင်ထက်ပိုအောင် မချစ်နိုင်ကြပေမဲ့ သားသမီးတွေကတော့ မိခင်ထက် ပိုချစ်ရမယ့်သူကို ရှာတတ်ကြတယ်။ မိခင်၊ဖခင်ဆိုတာက ပေးဆပ်ချစ်နဲ့ ချစ်တတ်ကြပြီး အိမ်ထောင်ဘက်ဆိုတာကတော့ (များသောအားဖြင့်) ရယူချင်စိတ်နဲ့ ချစ်ကြတာပါ။ သားသမီးဆိုတာ ဧည့်သည်တဲ့.. ဧည့်သည်မှန်းသိသိနဲ့ ဂရုတစိုက် ပြုစု ပျိုးထောင်ပေးတဲ့ မိခင်၊ဖခင်ရဲ့ ကျေးဇူးဟာ ဘာနဲ့ နှိုင်းရပါ့မလဲနော်။

မိခင်၊ဖခင်တွေ အသက်ကြီးလာတဲ့အချိန် သားသမီးတွေဟာ မိခင်ဖခင်တွေ အနားမှာ ပြန်လည်ပြုစု ပေးရမယ်။ မိခင်၊ဖခင်ရဲ့ နောက်ဆုံးအချိန်တွေမှာ အဆင်သင့်ဖြစ်နေဖို့ စစ်မှန်သော တရားတော်တွေကို ရင်တွင်းပို့ဆောင် ပေးရပါမယ်။ သားသမီးတွေရဲ့ မိဘကျေးဇူးကို ဆပ်ခြင်းမှာ အမွန်မြတ်ဆုံးကျေးဇူးဆပ်နည်းဟာ တရားနဲ့ ကျေးဇူးဆပ်တာပါပဲ။ အိုမင်းမစွမ်းတဲ့ မိခင်၊ဖခင်ကို အနားမှာနေပြီး ပြုစုမယ်။ တရားခွေလေးတွေ ဖွင့်ပြမယ်။ တရားစာအုပ်လေးတွေ ဖတ်ပြမယ်။ ဒီလိုသားသမီးသာ အမွန်မြတ်ဆုံးပါ။ သားသမီးတိုင်း မွန်မြတ်သော ကျေးဇူးဆပ်နည်းနဲ့ ကျေးဇူးဆပ်နိုင်ကြပါစေရှင်။

ဒီကနေ့မှာကျရောက်တဲ့ ကိုအောင်၊ ကိုထက် ၊ကိုဇော်တို့ရဲ့မိခင် ဒေါ်မြမြဌေး (အ.လ.က ၂၊ ဘိုကလေး)ရဲ့ အသက် (၆၀)ပြည့် မွေးနေ့ အမှတ်တရအဖြစ် ဒီပို့စ်လေးကို ရေးဖြစ်လိုက်ပါတယ်။ သားသုံးယောက်တို့ရဲ့ မိခင် အန်တီ ဒေါ်မြမြဌေး အသက်(၆၀)ပြည့်မွေးနေ့မှသည် နောက်နှစ်ပေါင်းများစွာတိုင်အောင် အသက်ရှည်၊ အနာကင်း၍ စိတ်ဆင်းရဲမှုတို့မှ လွတ်ငြိမ်းရပြီး သားသုံးယောက်တို့၏ ကျေးဇူး သိတတ်ခြင်းနှင့်အတူ စစ်မှန်သော တရားဓမ္မ များကိုတွေ့ရှိပါစေ လို့….. သမီး ဆုတောင်းပေးလိုက် ပါတယ်။

(စကားချပ် - မိခင်မေတ္တာကို အာရုံပြုရင်း မွေးမိခင်ကိုလည်း ဤပို့စ်လေးဖြင့် ရှိခိုးကန်တော့လိုက်ပါတယ်)

မေတ္တာဖြင့်
ထိပ်ထား

Wednesday, April 28, 2010

လက်တွေ့ကျပါတယ်……

ဘာသာဝင် တော်တော်များများပဲ ပြောရမလား၊ အချို့တ၀က်လို့ပဲ ပြောရမလား၊ မေးတော့ မေးကြတယ်ရှင့်။ အချို့ကလည်း မမေးဘဲနဲ့ ပုံပြင်သဘော မှတ်ယူကြတတ်တယ်။ ဒီနေ့တော့ မြင့်မိုရ်တောင် ဘယ်မှာလဲဆိုတဲ့ မေးခွန်းလေးတခု ကျမကို မိတ်ဆွေတယောက်က မေးလာပါတယ်။ ဇာတ်တော်တွေကို ယုံသလား မေးရာကနေ မြင့်မိုရ်တောင်ဆီ ရောက်သွားပါတယ်။ ဇာတ်တော်တိုင်းဟာ ကိုယ်ပြုတဲ့ မကောင်းမှု၊ ကောင်းမှုပေါ်မှာ အခြေ တည်ပြီး မကောင်းကျိုး၊ ကောင်းကျိုးရရှိခဲ့ပုံတွေကို သတိသံဝေဂယူနိုင်အောင် ဘုရားရှင်ဟောကြာပေးခဲ့တာ တွေပဲမို့ ကျိုးကြောင်းဆက်စပ်မှုရှိသော၊ ကုသိုလ်၊အကုသိုလ်အကျိုးပြသော အကျိုးရှိလှတဲ့ အရာတွေဖြစ်တယ် လို့ ကျမက လက်ခံထားပါတယ်။

မြင့်မိုရ်တောင် ဘယ်မှာရှိသလဲ….

သိပ္ပံပညာနဲ့ပဲ နှိုင်းယှဉ်ပြောကြပါစို့…. ကျမတို့တွေဟာ သိပ္ပံပညာရပ် တိုးတတ်လာသလို အသစ်အဆန်းတွေ ပါလို့ ပြောလေ့ရှိတဲ့ အရာတွေကို သိလာကြရပါတယ်။ ဒါပေမဲ့ တကယ်တမ်း ပြန်သုံးသပ်မယ်ဆိုတဲ့အခါမှာ သိပ္ပံရဲ့ ရှာဖွေတွေ့ရှိမှုတွေဟာ အသစ်တွေ မဟုတ်ပါဘူး။ အနန္တစကြာဝဋာလို့ ဘုရားရှင်ဟောကြားခဲ့တာ လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင့်ငါးရာကျော်ထဲကပါ။ ဒီလိုပဲ… သိပ္ပံရဲ့ နောက်ကောက်ကျတဲ့ တွေ့ရှိမှုတွေဟာ ဘုရားရှင်ရဲ့ ဉာဏ်တော်ကို ဘယ်လိုမှ ကျော်လွန်ဖို့မပြောနဲ့၊ အနည်းငယ်လေးတောင် သေချာစွာ မသိနိုင် သေးပါဘူး။ မြင့်မိုရ်တောင် ဘယ်မှာလဲဆိုတာကို လက်တွေ့ကျကျ(တနည်း) သိပ္ပံနည်းကျ ပြောပြပါဆိုရင်တော့ သိပ္ပံပညာရှင်တွေကို မေးကြည့်ပါ။ စကြာဝဋာအဆုံးအစွန်ကို ဘယ်တော့များမှ သွားနိုင်မှာလဲ လို့ပါ။ အဲလိုသွားလို့မှ မြင့်မိုရ်တောင်ကို မတွေ့ခဲ့ရင် တကယ်မရှိဘဲနဲ့ လက်တွေ့မကျဘဲ ပုံပြင်ဆန်ဆန်ပြောနေတယ် လို့ သတ်မှတ်လိုက်ကြပါ။ ဒါမှ မဟုတ်ရင်တော့ မတွေ့မချင်းမှာ မြင့်မိုရ်တောင်က ပုံပြင်သာ ဆိုတဲ့ အသိလေး တွေကို ဖယ်ထုတ်စေချင်ပါတယ်။ သိပ္ပံပညာရဲ့ နောက်ကောက်ကျမှုနဲ့ ဗုဒ္ဓဉာဏ်တော်ကို မတိုင်းတာ မဆုံးဖြတ် စေချင်ပါဘူးရှင်….။ ဒီနေ့ဒီအချိန်ထိ သိပ္ပံပညာဟာ မြင့်မိုရ်တောင်ရှိကြောင်းလည်း သက်သေမထူသေးပါဘူး။ ငရဲပြည်ရှိကြောင်းလည်း သက်သေမထူသေးပါဘူး။ နတ်ပြည်ရှိကြောင်းလည်း သက်သေမထူသေးပါဘူး။ ဒါပေမဲ့ တချိန်က ဘုရားရှင် ဟောကြားခဲ့ပြီးတဲ့ တရားတော်တွေကို ဟုတ်မှန်ကြောင်း တကယ်ရှိကြောင်း သက်သေ ထူပေးခဲ့တာလည်း သိပ္ပံပညာပါပဲ။ ဒါပေမဲ့ ပါရမီပေါင်းများစွာဖြည့်ပြီးမှ ကျင့်ကြံအားထုတ်ခဲ့ပြီးကာမှ ရရှိလာတဲ့ သဗ္ဗညုတ ဉာဏ်တော်ကိုတော့ ဘယ်သောအခါမှ ယှဉ်နိုင်မှာ မဟုတ်ပါဘူးရှင်။ ဒါကြောင့် သိပ္ပံက မတွေ့သေး ဘူး.. ငါတို့ ကတော့ မယုံနိုင်ဘူးဆိုရင်…. မယုံကြည်ဘူးဆိုတဲ့ ဗုဒ္ဓဘာသာဝင်တွေ ကိုးကွယ်နေတာ ဘုရားရှင် ကိုလား… သိပ္ပံပညာရှင်တွေကိုလား.. ဒါလေးကိုလည်း စဉ်းစားစေ့ချင်ပါတယ်။

လေးစားရပါသော မိတ်ဆွေများရှင်…… ဗုဒ္ဓဘာသာဆိုတာ မရှိတာကိုလည်း အတင်းယုံကြည်ခိုင်းတဲ့ ဘာသာ မဟုတ်ပါဘူး။ မလုပ်သင့်တာကိုလည်း မခိုင်းပါဘူး။ လုပ်သင့်တာကိုလည်း မတားမြစ်ပါဘူး။ အရှိတရားတွေကို ပြောပြ ဟောညွှန်ပါတယ်။ မလုပ်သင့်တာတွေကို တားမြစ်ပါတယ်။ လုပ်သင့်တာတွေကို လမ်းညွှန်ပြသပေးပါ တယ်။ ဒါန၊သီလ၊ဘာဝနာ သုံးခုစလုံးမှာ မလုပ်သင့်တာ ဘာမှ မရှိပါဘူး။ သူများအသက် သတ်၊ သူများပစ္စည်း ခိုး၊ သူများသားမယားပြစ်မှား၊ လိမ်ညာပြောဆို၊ အရက်သေစာ သောက်စား ဘာမှ ကောင်းကျိုးမရှိတဲ့ မလုပ် သင့်တာတွေပါ။ တိရိစ္ဆာန်လေးတွေကိုသတ်တဲ့အတွက် ချက်ချင်းတော့ မသိသာလှပါဘူး။ ဒါပေမဲ့ တားမြစ် တိရိစ္ဆာန်တွေကို သတ်ကြည့်ပါ။ ချက်ချင်းပဲ ဖမ်းဆီးခြင်းခံရပါလိမ့်မယ်။ ဒါက ဥပဒေကို ချိုးဖောက်လို့ ဖမ်းတာ လို့ပြောပါလိမ့်မယ်။ ဥပဒေကတောင် အပြစ်ပေးတဲ့ကိစ္စ ဘာကြောင့် သံသရာမှာ အပြစ်မဖြစ်နိုင်ဘူး ထင်ရပါ သလဲ။ အရက်မူးကြည့်၊သောင်းကျန်းကြည့် ချက်ချင်းပဲ ရဲဖမ်းခံရပါလိမ့်မယ်။ ဥပဒေက သောင်းကျန်းမှသာ အပြစ်ပေးပါတယ်။ သံသရာမှာတော့ လူကိုမူးယစ်တွေဝေမိန်းမောစေတဲ့ အရက်သောက်သုံးမှုကြောင့်ပင်လျှင် မကောင်းမှု အကုသိုလ်ဆိုတာ ရှိသွားပါပြီ။

ဘယ်လိုပဲ မယုံဘူးလို့ လက်တွေ့မကျဘူးလို့ ပြောနေကြပါစေ… ကိုယ့်ရဲ့အတ္တစွဲကို ဖယ်ပြီးမှ သေသေချာချာ စဉ်းစားပါ။ သေသေချာချာ လေ့လာပါ။ သေသေချာချာ ကျင့်ကြံပါ။ လက်တွေ့ကျတဲ့ အကျိုးတွေကို အံ့မခန်း သိလာရပါလိမ့်မယ်ရှင်။ အတ္တစွဲကိုတော့ ဖယ်ပါ။ ဆုံးမလွယ်သူဆိုတာ အတ္တစွဲကို ဖယ်ပြီးမှသာ အဆုံးအမကို ခံယူနိုင်မှာပါ။ အဆုံးအမဆိုတာ ဘုရားရှင်ရဲ့ အဆုံးအမကိုသာ ဆိုလိုပါသည်။

အားလုံးပဲ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံ၍ မှန်ကန်သောတရားကို တွေ့ရှိကြပါစေကြောင်း ဆန္ဒပြုလိုက်ပါတယ်.

မေတ္တာဖြင့်
ထိပ်ထား

(မေးမြန်းခဲ့သူ မိတ်ဆွေကို ကျေးဇူးအထူးတင်ရှိပါတယ်။ )

Tuesday, April 27, 2010

မြတ်ဗုဒ္ဓ (၁)

ဒီနေ့တော့ ပထမဆုံးအပိုင်းဖြစ်တဲ့ “မြတ်ဗုဒ္ဓ” ထဲကနေ ဒီနေ့အတွက် ကျမ အချိန်ရသလောက် မနည်းမများတဲ့ စာလေးတွေ ကို ရိုက်ပြီး ပို့စ်တင်ပေးလိုက်ပါတယ်။ ဒီနေ့တင်တာကတော့ အားလုံးသိပြီးသား ဖြစ်မှာပါ။ ဒါပေမဲ့ ဖတ်ရှုရင်းနဲ့ သဒ္ဒါတိုးလည်း ကုသိုလ်တခုရတာပေမို့ တင်ပေးလိုက်တာ ဖြစ်ပါတယ်။ အားလုံးပဲ သဒ္ဒါတရားပွားများနိုင်ကြ ပါစေရှင်……
မြတ်ဗုဒ္ဓ (၁)
ခရစ်သက္ကရာဇ် ၆၂၃ ဘီစီ၊ မေလ။ လပြည့်နေ့၌ နီပေါနိုင်ငံလုဗ္ဗနီဒေသတွင် သိဒ္ဓတ္ထ ဂေါတမ အမည်ရှိသော အိန္ဒိယသကျမင်းသားလေးကို ဖွားမြင်တော် မူ၏။ ဤမင်းသားသည် ကမ္ဘာပေါ်တွင် အကြီးကျယ်ဆုံး ဘာသာရေး ဆရာဖြစ်လာရန် ကံဇာတာ ပါလာသူဖြစ်၏။ စည်းစိမ်ချမ်းသာ၏ ရင်ခွင်တွင် ကြီးပြင်းလာပြီးလျှင် မင်းသားတဦး တတ်သင့်သည့် အသိပညာ၊ အတတ်ပညာတို့ကို သင်ယူ၏။ သက်တော် ၁၆နှစ်သို့ ရောက်သောအခါ ယသော်ဓရာမင်းသမီးကို လက်ထပ်ထိမ်းမြားပြီးလျှင် သားတော်တပါးထွန်းကားလာ၏။ သူ၏လေးလေး နက်နက် တွေးခေါ်တတ်သော သဘာဝနှင့် အကန့်အသတ်မရှိသည့် အကြင်နာတရားတို့သည် သူ့အား ဘုရင့် မိသားစု၏ ကြီးကျယ်ခမ်းနားသော စည်းစိမ်၏သာယာမှုများကို ကြာရှည်စွာ ခံစားမှု မပြုပါ။ သူသည် ဆင်းရဲဒုက္ခ ကိုမသိပါ။ သို့သော် ဆင်းရဲဒုက္ခရောက်နေကြသော လူသားများအတွက် နက်ရှိုင်းစွာ သနားကြင်နာခြင်းကို သူခံစားမိသည်။ အထွတ်အထိပ်ရောက်သော စည်းစိမ်ချမ်းသာနှင့် ကြီးပွားအောင်မြင်မှု အကြား၌ နေထိုင်ရပါ သော်လည်း ၀မ်းနည်းပူဆွေးခြင်း စသည့် ဆင်းရဲဒုက္ခကို လူသားတိုင်းမလွတ်ကြမ္မာ ခံစားကြရမည်ကို သူ နားလည် သဘောပေါက်လာသည်။ ထိုအခါ လောကီပျော်ရွှင်ဖွယ်ရာ များစွာနှင့် ပျော်မွေ့ရာ နန်းတော်ကြီး သည် အကြင်နာတရား ပြည့်လျှမ်းနေသော မင်းသားအတွက် ပျော်ရွှင်ပျော်မွေ့ဖွယ်ရာနေရာ မဟုတ်တော့ပေ။
မင်းသားအဖို့ နန်းတော်မှ ထွက်ခွာရန်အချိန်သည် ဆိုက်ရောက်လာပေပြီ။ ကာမဂုဏ်ပျော်ရွှင်မှုများ၏ အနှစ်သာရမရှိ၊ အချည်းနှီးဖြစ်ခြင်းသဘောကို သိမြင်လာသော မင်းသားသည် အသက် ၂၉နှစ်အရွယ်တွင်ပင် လောကီပျော်ရွှင်မှုအားလုံးကို အပြီးအပိုင် စွန့်လွှတ်လေတော့သည်။ ရသေ့၊ ရဟန်းတို့၏ ရိုးရှင်းသော အ၀ါရောင်သင်္ကန်းကို ၀တ်ရုံပြီး မင်းသားသည် ငွေအသပြာ တပြားတချပ်မှ မပါရှိဘဲ “သစ္စာအမှန်တရား” နှင့် “ငြိမ်းချမ်းမှု” ကို ရှာဖွေရန်အတွက် တဦးတည်း ထွက်ခွာသွားလေသည်။
ဤသို့ ထီးနန်းစည်းစိမ်ကို စွန့်လွှတ်ခြင်းသည် ရှေ့ အစဉ်အလာမရှိခဲ့သော သမိုင်းတွင်သည့် စွန့်လွှတ်ခြင်းပေ တည်း။ ထို့အပြင် သက်တော် ကြီးရင့်အိုမင်းမှ ကာမဂုဏ်ကို စွန့်လွှတ်သည်မဟုတ်။ ယောက်ျားတဦးအဖြစ် အရွယ်ကောင်းတုန်းအချိန်၌ စွန့်လွှတ်ခြင်းဖြစ်၏။ ဆင်းရဲနွမ်းပါး၍ လူ့ဘောင်မှ ထွက်ခွာခြင်းမဟုတ်၊ သုံးဖြုန်း၍ မကုန်နိုင်အောင် ကြွယ်ဝချမ်းသာလျက် စွန့်လွှတ်ခြင်းဖြစ်သည်။
ထိုခေတ်က ယူဆချက်အရ လူတယောက်သည် ပြင်းထန်စွာ ခြိုးခြံသောဘ၀ကို မကျင့်သုံးလျှင် သံသရာဝဋ် ဆင်းရဲမှ မလွတ်မြောက်နိုင်ချေ။ ထို့ကြောင့် သိဒ္ဓတ္ထ ရဟန်းသည် ပြင်းထန်သော ခြိုးခြံမှု အမျိုးမျိုးကို အားသွန် ခွန်စိုက် ကြိုးပမ်းအားထုတ်လေသည်။ သာမာန်လူသားတို့ မကျင့်နိုင်သည့် ဆင်းရဲပင်ပန်းသော ဒုက္ကရစရိယာ အကျင့်ကို ဗူးလေးရာ ဖရုံဆင့်သကဲ့သို့ ပို၍ ပို၍ ပြင်းထန်စွာ ကျင့်ကာ သာမာန်လူတို့ထက် သာလွန်သော အားထုတ်မှုကို ခြောက်နှစ်ကြာအောင် သူပြုလုပ်ခဲ့ပေသည်။
သူ၏ခန္ဓာကိုယ်သည် အရိုးစုအခြေနည်းပါးသို့ ညှိုးချူံးသွားသည်။ သူ့ခန္ဓာကိုယ်ကို သူပို၍ ညှင်းပန်းလေလေ သူ၏ပန်းတိုင်မှာ သူနှင့် ဝေးကွာသွားလေလေဖြစ်သည်။ သူအားသွန်ခွန်စိုက် ကျင့်ကြံသော ဆင်းရဲပင်ပန်း၍ အောင်မြင်မှုမပေးသည့် ခြိုးခြံမှုများသည် လုံးဝဥဿုံ အချည်းနှီးဖြစ်သည်ကို သူသိမြင်လာသည်။ မိမိကိုယ်ကို ဆင်းရဲပင်ပန်းအောင် နှိပ်စက်ညှင်းပန်းသော အကျင့် “အတ္တကိလ မထာနုယောဂ” သည် ခန္ဓာကိုယ်ကို အားနည်း ချိနဲ့စေလျက် စိတ်ဓါတ်စွမ်းအားကိုလည်း လျော့နည်းလာစေခြင်းအပြင် မည်သည့်အခြားအကျိုး ကျေးဇူးမျှ မရှိပုံကို သူ၏အတွေ့အကြုံအရ သိဒ္ဓတ္ထရဟန်းသည် ပြည့်ပြည်၀၀ တိတိကျကျ သိရှိရလေသည်။
ဤတန်ဖိုးမဖြတ်နိုင်သော အတွေ့အကြုံ၏ အကျိုးကျေးဇူးကြောင့် သူသည် မည်သည့်ဆရာသမားမှ ညွှန်ပြခြင်း မရှိသော လွတ်လပ်သည့်လမ်းစဉ်ကို လိုက်နာကျင့်သုံးရန် သူဆုံးဖြတ်လိုက်သည်။ ဤလမ်းစဉ်သည် မိမိ၏ ပျော်ရွှင်မှုအတွက် ကာမဂုဏ်လိုက်စားခြင်းဟူသော “ကာမသုခလ္လိကာနုယောဂ” အကျင့်နှင့် မိမိကိုယ်ကို ညှင်းပန်းနှိပ်စက်သည် “အတ္တကိလ မထာနုယောဂ” အကျင့်တည်းဟူသော အစွန်းနှစ်ပါးကို ရှောင်ကြဉ်၏။ ကာမဂုဏ်ခံစားသော အကျင့်သည် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတတ်မှုကို နှောင့်နှေးစေပြီး၊ မိမိကိုယ်ကို ညှင်းပန်း သောအကျင့်သည် ဉာဏ်ပညာကို အားနည်းစေသည်။ သူကိုယ်တိုင် ရှာဖွေတွေ့ရှိခဲ့သော လမ်းစဉ်သစ်ကား “မဇ္ဈိမ ပဋိပါဒ” အမည်ရသည့် အလယ်လမ်းပင်တည်း။ ဤအကျင့်လမ်းသည် နောက်ပိုင်းတွင် သူသင်ပြ ဟောပြောမှု၏ အဓိကကျသော ၀ိသေသ လက္ခဏာတရပ်ဖြစ်လာသည်။

မြတ်စွာဘုရားတို့သည် လျှောက်လှမ်းရန်လမ်းကို ညွှန်ပြတော်မူကြ၏။ ထိုလမ်းအတိုင်း လျှောက်လှမ်း၍ သံသရာ ၀ဋ်ဆင်းရဲအပေါင်းမှ လွတ်မြောက်နိုင်ရေးအတွက် ကြိုးပမ်းရန်မှာ ကျွန်ုပ်တို့၏ တာဝန်သာ ဖြစ်၏။ “သံသရာမှ လွတ်မြောက်ရေးအတွက် သူတပါးတို့အား မှီခိုအားထားခြင်းသည် အပြုသဘောမဆန်ပါ။ မိမိကိုယ်ကို မှီခိုအားထားခြင်းသည်သာလျှင် အပြုသဘောဆန်၏။” သူတပါးတို့အား မှီခိုအားထားခြင်းသည် မိမိ၏ လုံ့လကို လျှော့ချခြင်းဖြစ်၏။


မေတ္တာဖြင့်
ထိပ်ထား
(ခေတ်အမြင်နှင့် ဗုဒ္ဓဘာသာအကျဉ်း စာအုပ်မှ)

Saturday, April 24, 2010

ခေတ်အမြင်နှင့် ဗုဒ္ဓဘာသာအကျဉ်း (မိတ်ဆက်)

ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်အတွင်း အွန်လိုင်းမှာ ကျမ မိတ်ဆွေဟောင်း တယောက်နဲ့ ကြုံရပါတယ်။ ဒီမိတ်ဆွေက ဗုဒ္ဓဘာသာဝင်များအတွက် စေတမန်ဆိုတဲ့ ဆိုက်ဒ်ကို သွားသွားလည်ပတ် ဖတ်ရှုပြီး သူပြောတာ လည်း ဟုတ်သလိုလိုဆိုတဲ့ အတွေးဝင်လာပြီး ငါးပါးသီလကိုတောင် ဘုရားဟော ဟုတ်မဟုတ် မယုံကြည်ချင် စိတ် ဖြစ်လာပါတယ်။ ဒါပေမဲ့ ကျမကို မေးခွန်းပေါင်းများစွာ မေးပါတယ်။ အစပိုင်းမှာတော့ ကျမ တတ်နိုင် သလောက် ဖြေကြားပေးခဲ့တယ်။ သိသလောက် ရှင်းပြပေးခဲ့တယ်။ ဒါပေမဲ့ ထိုသူကတော့ ဆက်လက် သံသယ ၀င်တုန်းပါပဲ။ ဗုဒ္ဓဘာသာဝင်တယောက် ဖြစ်ပြီးမှ ဒီလိုသံသယ၀င်နေတာ သိပ်ကို ဆိုးရွားတဲ့ကိစ္စပါ။ အင်မတန်မှ သနားစရာကောင်းပါတယ်။ သူတဦးတည်း မဟုတ်ပါဘူး။ အားလုံးသော နဝေတိမ်တောင် ဖြစ်သွားသူများကို ဆိုလိုတာပါ။ ကိုယ့်သဒ္ဒါမခိုင်ရင် မသွားရောက် မဖတ်ရှုသင့်တဲ့ နေရာကို အစဉ်သွားရောက်ဖို့ မသင့်တော် ပါဘူး။ ဒါပေမဲ့ ၀မ်းသာစရာလို့ပဲ ပြောရမလား….. အဲဒီ့လူဟာ သိလိုစိတ် ရှိနေပါတယ်။ အမှန်တကယ် မြတ်စွာ ဘုရားရှင်ရဲ့ တရားတော်တွေကိုလည်း ယုံကြည်သတဲ့လေ။ မယုံနိုင်တာက ဇာတ်တော်တွေကိုပါတဲ့။ သဒ္ဒါမခိုင် ဉာဏ်မပါ ပါဘဲ မိမိရဲ့ လောကီအသိလောက်နဲ့ သံသယ မ၀င်သင့်တာကို သံသယ ၀င်လာတာဟာ အင်မတန် မှ ၀မ်းနည်းဖို့လည်း ကောင်းနေပါတယ်။ ဘာပဲဖြစ်ဖြစ် အဲဒီ့လူအတွက် ကျမ ပေးနိုင်တဲ့အကူအညီတခုဟာ ဓမ္မစာပေတွေ ဖတ်ရှုလေ့လာဖို့ပါပဲ။ လောလောဆယ်မှာ အဲဒီ့လူ ဖတ်ဖို့ စာအုပ်လေးတအုပ် ရှာပေးလိုက်ပါ တယ်။ အဲဒီ့စာအုပ်ဟာ သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့၊ ၀ဇီရာ ရာမ ကျောင်းတိုက် ပဓာနာ နာယက ဆရာတော် အရှင်ဘဒ္ဒန္တနာရဒ မဟာထေရ အင်္ဂလိပ်ဘာသာဖြင့် ရေးသားတော်မူတဲ့ “Buddhism in a Nutshell” စာအုပ် ကို ဒေါက်တာမင်းတင်မွန် ဘာသာပြန်ထားတဲ့ “ခေတ်အမြင်နှင့် သိမှတ်စရာ ဗုဒ္ဓဘာသာ အကျဉ်း” စာအုပ်ပဲ ဖြစ်ပါတယ်။ ဒီစာအုပ်ကို ဖတ်ဖူးသူများလည်း ရှိပါလိမ့်မယ်။ မဖတ်ရသေးသူများအတွက်ရော ဖတ်ပြီးမှ အကြိမ်ကြိမ် ဖတ်ရှုလိုတဲ့ ဓမ္မမိတ်ဆွေများအတွက်ပါ ရည်ရွယ်ပြီး တပိုင်းချင်းစီ ကျမ ပို့စ်တင်ပေးပါ့မယ်ရှင်။ စာအုပ်ထဲမှာက အင်္ဂလိပ်-မြန်မာ နှစ်ဘာသာ ပါပါတယ်။ စာအုပ်တအုပ်လုံးကို တင်မပေးလိုက်တာ ကျမလို မိတ်ဆွေတွေ များနေမှာ စိုးလို့ပါ။ စာတပိုင်းချင်းစီ ဖတ်ရတာ အဆင်ပြေပေမယ့် စာအုပ် တအုပ်လုံးကို အစ အဆုံးဖတ်ဖို့ရာ ကျတော့ တော်တော်နဲ့ မဖတ်ဖြစ်တော့ဘူးလေ  ….။ ပြီးတော့ စာအုပ်ကို www.dhammadownload.com မှာ ဒေါင်းလုပ် ရယူနိုင်ပါတယ်။

- ဗုဒ္ဓသည် နတ်ဘုရားလော၊ ကယ်တင်ရှင်လော။
- ဗုဒ္ဓသည် လူ့သမိုင်းမှာ အကြီးကျယ်ဆုံးပုဂ္ဂိုလ်တဦးဟု ဆိုပါသလား။
- ဓမ္မသည် ဒဿနာပညာလော၊ ဘာသာရေးလော။
- ဗုဒ္ဓ၏ ထူးခြားချက်များက ဘာတွေလဲ။
- ကမ္မနိယာမက မိမိ၏ ဘ၀ကံကြမ္မာကို မိမိ ဖန်တီးတယ် ဆိုပါလား။
- အတိတ်ဘ၀၊ နောက်ဘ၀များ ရှိခြင်းကို ဘယ်လိုယုံကြည်ရမလဲ။
- လောကမှာ ဆင်းရဲဒုက္ခ အလုံးစုံက ဘယ်လိုပေါ်ပေါက်လာလဲ။
- ကမ္ဘာတွေးခေါ်ပညာရှင်များက အနတ္တ၀ါဒကို ဘယ်လိုမြင်သလဲ။
- ကမ္ဘာလောကတခုလုံး မီးဟုန်းဟုန်း တောက်လောင်နေတယ် ဆိုပါလား။
- နိဗ္ဗာန်ကို အဘိဓမ္မာ၊ စိတ်ပညာ၊ ကိုယ်ကျင့်ပညာ ရှုထောင့်အသီးသီးမှ ဘယ်လိုရှုမြင်သလဲ။
- နိဗ္ဗာန်သို့ သွားရောက်နိုင်သောလမ်းက ဘာလဲ။ ဘယ်လိုသွားရမလဲ။

စတဲ့အကြောင်းအရာတွေ ပါဝင်တဲ့ စာအုပ်ကောင်းတခုပါ။ ပို့စ်တင်ပေးရာမှာတော့ တနေ့တာ အချိန် ပေးနိုင်သလောက်ကို စာရိုက်ပြီး တင်ပေးပါ့မယ်ရှင်။ ဒီအကြောင်း အရာတွေဟာလည်း ကျမတို့သည် လည်းပဲ သိသင့်သိထိုက်ပါတယ်။ ခေတ်အမြင်နဲ့ ဗုဒ္ဓဘာသာကို ပေါင်းစပ်ဖော်ပြပေးထားတဲ့ တန်ဖိုးကြီးတဲ့ စာအုပ်ပါပဲ။
ပထမဦးစွာ စာပိုဒ်လေး တပိုဒ်နဲ့ မိတ်ဆက်ပေးထားပါမယ်။

“ ဗုဒ္ဓဘာသာသည် သိပ္ပံပညာနှင့် ကိုက်ညီကြောင်းမှာ ယုံမှားဖွယ် မရှိချေ။ သို့သော် ၄င်းတို့ကို မျဉ်းပြိုင် အတိုင်းသွားနေကြသော သင်ပြမှုနှစ်ရပ်ဖြစ်သည်ဟု မှတ်ယူရမည်။ အဘယ့်ကြောင့်ဆိုသော် သိပ္ပံပညာ သည် ရုပ်ပိုင်းဆိုင်ရာ အမှန်တရားများနှင့် အဓိက သက်ဆိုင်၍ ဗုဒ္ဓဘာသာသည် ကိုယ်ကျင့်တရားနှင့် စိတ်ပိုင်းဆိုင်ရာ အမှန်တရားများကို အလေးထားသောကြောင့် ဖြစ်၏။ ဘာသာရပ်အကြောင်းအရာနှစ်မျိုး မှာ ကွဲပြားနေကြ၏။”

မိတ်ဆွေများအားလုံး… စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံ၍ စစ်မှန်သော အသိတရား(၀ါ) ဆင်ခြင်တုံတရားများနှင့် ပြည့်စုံကြပါစေ။

မေတ္တာဖြင့်
ထိပ်ထား

Saturday, April 17, 2010

နှစ်သစ်မှာ..........


ဒီကနေ့ အဓိကအားဖြင့် ကျမ ပြောပြမျှဝေချင်တာလေးက သင်္ကြန်တွင်းမှာ ကျမ ကြားခဲ့ရ.. သိခဲ့ရ.. တဲ့ အကြောင်းအရာလေးနဲ့ အတူ နှစ်ကူးအတွက် ဆုတောင်းသတိလေး ပေးချင်တာပါ။

သင်္ကြန်နဲ့ အတူယှဉ်တွဲနေတာက သင်္ကြန်မိုး၊ ပန်းပိတောက်၊နဲ့ အေးမြရေစင် ဖြန်းပက်ခြင်းပါ။ ထိုမှ အတူ ပါလာ တာကတော့ သင်္ကြန်တွင်း ကုသိုလ်ပြုခြင်းတွေပါပဲ။ မြန်မာတို့ရဲ့ ရိုးရာ သင်္ကြန်ဟာ ထိုအရာတွေနဲ့ ထုံမွမ်း ထားတာပါ။ ထူးထူးခြားခြား နောက်ပိုင်းမှာ ထပ်တိုးလိုက်တာလေးတခု ကျမ တွေ့လိုက်ရမိတယ်။ ဒါက သင်္ကြန် တွင်း အရက်သောက်၊ ဘီယာသောက်တာတဲ့။ မဆိုင်လိုက်တာနော်။ ရိုးရာသင်္ကြန်ဟာ ရိုးရာ အမွေအနှစ် ကို ပြသခြင်းတရပ်ပါ။ ဒီမှာ မေးခွန်းလေးတခု မေးချင်မိတာကတော့ မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်ဟာ အရက် သောက်ပွဲကြီးလား ဆိုတာပါပဲ။ ကျမတို့ မြန်မာဆိုတာ ဗုဒ္ဓသာသနာတော်ရဲ့ အဆုံးအမနဲ့ ရှင်သန်နေကြတာပါ။ မြတ်ဘုရားမကြိုက်တဲ့ ကြီးလှစွာသော အကုသိုလ်ကံဖြစ်တဲ့ သုရာမေရိယ ကံကို ဘာလို့ ကျူးလွန်ချင်ကြသလဲ ကျမ နားမလည်နိုင်ဖြစ်ရပါတယ်။ သင်္ကြန်ရေအေးရဲ့ အချမ်းဒဏ်ပျောက်ချင်ရင် ရေနွေးသောက် ကော်ဖီ ပူပူလေး သောက်ပေါ့။ အရက်၊ ဘီယာနဲ့ တဆက်တည်းနောက်မှာ.... အနောက်တိုင်း အိမ်နောက်ဖေးလမ်းကြား ယဉ်ကျေးမှုလို့ ခေါ်တဲ့ ဘာမှန်းမသိတဲ့ အကတွေ ပါလာတာပါပဲ။ (ဒီအကြောင်းကို လွန်ခဲ့တဲ့ နှစ်နှစ်က အပြည့် အစုံ ရေးသားခဲ့ပါတယ်..) ဟီရိ သြတ္တပ္ပ တရား လက်ကိုင်ထားတဲ့ မြန်မာအမျိုးကောင်းသား အမျိုးကောင်းသမီး တို့မှာ အရက်ကလေး၊ ဘီယာကလေး ဗိုက်ထဲဝင်သွားတာနဲ့ အရှက်လည်းမဲ့ အကြောက်လည်းမဲ့ပြီး ဘာမှန်း မသိအောင် တွန့်လိမ်နေတာ ဘယ်လိုမှ ကြည့်မကောင်းတဲ့ မြင်ကွင်းပါ။ ဂုဏ်ယူဝံ့ကြွားစွာနဲ့ ရှိနေတဲ့ ကျမတို့ရဲ့ ရိုးရာသုခုမပညာတွေဟာ အဲဒီ့ တွန့်လိမ်တာလောက်မှ ကြည့်မကောင်းတော့ဘူးလား....။ ဒါလေးကိုတော့ သတိချပ်စေချင်ပါတယ် အမတို့ အစ်ကိုတို့.. ညီမလေးတို့.. မောင်လေးတို့ရေ...။

အရက်သောက်လို့ ခေတ်မှီတာလား.... ဒီမေးခွန်းလေးကတော့ နည်းနည်းဆန်းတယ်။ မြတ်စွာဘုရားက ဒါမလုပ်နဲ့.. အကုသိုလ်ကြီှးလှပါတယ် လို့ မိန့်တော်မူတယ်.... ဗုဒ္ဓဘာသာဝင် အမျိုးသား အမျိုးသမီးတွေက တော့ ဒါလေးသောက်မှ ခေတ်မှီတာ.. ဆိုတော့ကာ.... ဒီမေးခွန်းအတွက်တော့ အဖြေဟာ မလိုပါဘူး။ ကိုယ့်ကိုယ်ကိုယ်ပဲ သုံးသပ်တတ်ပါလိမ့်မယ်။ ခေတ်မှီတယ်ဆိုတာလေးရဲ့ သဘောကိုတော့ မျှဝေပေးပါရစေ။ ပညာအဆင့်အတန်း၊ ဗဟုသုတ၊ အတွေးအမြင်၊ စတာတွေကို ခေတ်ရဲ့ လျော်ညီစွာ တွေးခေါ်တတ်၊ သိနေဖို့ပါ ပဲ။ ဘယ်လိုဝတ်မှ ခေတ်မှီတာ၊ ဘယ်လိုစားမှ ခေတ်မှီတာ၊ ဘယ်လိုပြောမှ ခေတ်မှီတာ မဟုတ်ပါဘူး။ ခေတ်နဲ့ လျော်ညီစွာ တွေးခေါ် သိနေမှသာ ခေတ်မှီတာပါ။

အမျိုးကောင်းသား အမျိုးကောင်းသမီးတို့ အားလုံး တန်ဖိုးရှိတဲ့ အမျိုးမှန်တွေ ဖြစ်ကြစေချင်ပါတယ်။ နှစ်ကူး လက်ဆောင်လေးတခု ပေးချင်ပါတယ်ရှင်...
"အမျိုးမှန်ချင်ရင် သီလလုံပါ။ အမျိုးမှန်မှ အဖိုးတန်မယ်။ သီလမလုံတဲ့လူ အမျိုးမမှန်ဘူးမှတ်။ အမျိုးမမှန်မှတော့ ဘာတန်ဖိုးမှ မရှိတော့ဘူး"
ဥူးသုမင်္ဂလ (ဒယ်အိုးဆရာတော်)

ဒီကနေ့ ယခုအချိန်ဟာ နှစ်ဟောင်းကုန်ဆုံးခါစ နှစ်သစ်စတင် လာချိန်လေးပါပဲ.. ဒီလိုအချိန် အခါသမယလေး ကနေ စတင်လို့ လူသားအားလုံး အဟောင်းတွေကို စွန့်ခွာ.. အသစ်သော စိတ်တွေနဲ့ ၁၃၇၂ ဆိုတဲ့ နှစ်သစ်လေး ကို ဖြတ်သန်းကြရဦးမှာပါ။ တစက္ကန့် ကုန်ဆုံးသွားပြီးတိုင်းမှာ အသစ်တွေ ဖြစ်နေပေမဲ့ ကျမတို့ လို ခပ်နုံအအတို့ အဖို့မှာတော့ တနှစ်ကုန် နောက်တနှစ်ရောက်မှ အသစ်ဖြစ်တယ်လို့ ထင်ကြတယ်။ ဒီတော့ သူလို ကိုယ်လိုတွေ ချင်းမို့ နှစ်သစ်မှာ အသစ်သော စိတ်တွေနဲ့ ကျန်းမာသော ခန္ဓာကို ပိုင်ဆိုင်ရပြီး လောကဓံ တရားတို့ကို ခံနိုင်ရည် ရှိကြပြီးနောက် ဆင်းရဲကင်းရာသို့ သွားလိုသော စိတ်လေးမှာ မွေးတည်လာနိုင်ကြပါ စေ.... လို့ပဲ ဆုတောင်းလိုက်ပါတယ်ရှင်။

ကျမတို့တွေမှာတော့ အခက်သားရှင်... နိဗ္ဗာန်ဆိုတာ ဆင်းရဲကင်းတယ်လို့ မြတ်ဘုရားဟောထားတယ်။ ဒါပေမဲ့ ကျမတို့ဟာ အဲဒီ့ ဆင်းရဲကင်းတဲ့ နေရာကို သွားဖို့တောင် စိတ်ဓါတ်ကလေးတွေ မခိုင်မာကြဘူးနော်.. လောကီ အပူတွေကို ချမ်းသာမှတ်တယ်။ မမြဲတဲ့ တရားတွေကိုမှ ချမ်းသာမှတ်နေကြတဲ့ ကျမတို့မှာ ဆင်းရဲနဲ့ ကြုံရ တဲ့အခါ မနေနိုင် မထိုင်နိုင်နဲ့ ဆင်းရဲရလေခြင်းရယ်လို့ ငြီးတွားတတ်ကြတယ်။ ချမ်းသာလိုချင်သမျှတော့ ဆင်းရဲရဦးမှာပေါ့ရယ်နော်.....။ ကဲ.. ချမ်းသာချင်နေသမျှ ဆင်းရဲခံနိုင်အောင် ကြိုးစားကြပါ.. မခံနိုင်ရင်တော့ မချမ်းသာချင်ပါနဲ့ရှင်...။ ချမ်းသာချင်နေသမျှလည်း တနေ့ ဆင်းရဲရမှာပါလားဆိုတဲ့ သတိလေး အမြဲမပြတ် ရှိနေ ကြစေကြောင်း ဆုတောင်းသတိ ပေးလိုက်ပါရစေ။

နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ ခညောင်းပြီး စိတ်ရောကိုယ်ပါ ကျန်းမာချမ်းသာလျက် မကောင်းမှုရှောင် ကောင်းမှုဆောင် စိတ်ကို ဖြူအောင်ထားကာ အစဉ်ငြိမ်းအေးခြင်းတည်းဟူသော နိဗ္ဗာန်သို့ ရောက်လို ကြိုးပမ်း လိုပြီး တကယ်လည်း အားထုတ်နိုင် ရောက်နိုင်သော သူတော်စင်များ ဖြစ်ကြပါစေသတည်း....။

မေတ္တာဖြင့်
ထိပ်ထား

Friday, March 26, 2010

ထို သုံးဦး

ပထမ တဦးက ဇာတိ ဒုက္ခကို ဖြစ်စေတယ်။
ဒုတိယ တဦးကတော့ ဇရာဒုက္ခကို ဖြစ်စေတယ်။
နောက်ဆုံး တဦးကတော့ မရဏဒုက္ခကို ဖြစ်စေပါတယ်။

သူတို့ သုံးဦးဟာ ------------ လောဘ၊ ဒေါသ၊ မောဟ။

သူတို့ တွေ အကြောင်းနဲ့  ပတ်သက်ပြီးတော့ ဓမ္မဒူတ အရှင်ဆေကိန္ဒ ဟောကြားတော် မူသော "တရားအားထုတ် တယ်ဆိုတာ" တရားတော်မှ ကောက်နှုတ်ဖော်ပြပေးပါ့မယ်။

- ဘယ်အာရုံကို ဂရုစိုက်ပြီး အားထုတ်အားထုတ်... ပထမဆုံး လောဘ နည်းနည်းသွားရမယ်။ ပြီးတော့ လောဘ ပါးပါး လာပြီး နောက်ဆုံး လောဘ မရှိဘဲ ဖြစ်ရမယ်။ နိဗ္ဗာန်ရောက်ချင်ရင် လောဘ မဖြစ်အောင် လုပ်ရမယ်။
စားတယ်ဆိုတာ အသက်ရှင်ဖို့ အတွက် စားရတာပါ။ ဘာကိုမှ စားချင်တယ်ဆိုပြီး ဖြစ်လာတဲ့အခါ စားချင်တာ ကို စားရဖို့ အတွက် ဈေးဝယ်ရ၊ ချက်ပြုတ်ရတဲ့ ဒုက္ခတွေ ပါလာပါတယ်။
လောဘကင်းနေတဲ့လူက အိပ်သင့်တဲ့အခါ အိပ်လိုက်တာနဲ့ အိပ်ပျော်ပါတယ်။ တရားအားထုတ်ပြီး အိပ်မပျော် ဖြစ်နေတာ မတရားပဲ။ စားမ၀င်ဖြစ်ရင်လည်း မတရားပဲ။ အိပ်မပျော်အောင် လုပ်တာက ကိလေသာပါ။ မထချင် အောင်လုပ်တာကလည်း ကိလေသာပါပဲ။ လောဘဟာ လူကို အနေရခက်အောင်လည်း လုပ်ပါတယ်။
လောဘဆိုတာ အယူချည်းပဲ ရှိပါတယ်။ မိမိစိတ်မှာ လောဘမရှိအောင် လုပ်တာသည် တရားအားထုတ်တာပါ ပဲ။ မယူချင်ဘဲ ပေးချင်စိတ်ရှိရပါတယ်။ မလှူချင်လည်းလှူ၊ လှူချင်လည်းလှူ၊ နောက်ကျရင် မလှူဘဲကို မနေနိုင် ဖြစ်လာပါလိမ့်မယ်။
တရားထိုင်ရင်းနဲ့  လောဘမဖြစ်အောင် နေတာလည်း တရားအားထုတ်တာပါပဲ။ အိမ်ယာထူထောင် လူတို့  ဘောင်မှာနေသော်လည်း လောဘ မဖြစ်အောင်နေတာလည်း တရားအားထုတ်တာပါပဲ။
လောဘ နည်းဖို့ အတွက်ဆို လောဘကို ကြောက်တတ်ရပါမယ်။ လောဘကို ကြောက်ခါမှ အလောဘကို အားကိုးမိလာမယ်။ လောဘဟာ ဇာတိဒုက္ခကို ဖြစ်စေတယ်။ အလောဘဟာ ဇာတိဒုက္ခကို ကင်းစေနိုင်ပါတယ်။ ဒါကြောင့် မပေးချင်တာကိုလည်း ပေးနိုင်အောင်၊ ပေးနေတာကိုလည်း ပိုလို့  ပေးနိုင်အောင်၊ ကြိုးစားရပါတယ်။ ပေးနေတဲ့ ပုဂ္ဂိုလ်အတွက် မြင်မြင်သမျှဟာ ပေးချင်စရာပါ။ နေရာတိုင်းမှာ ကျင့်ကြံလို့ ရတဲ့ တရားအားထုတ် နည်းပါ။ လောဘမရှိရင် ဘာတွေ့သလဲမေး.. လောဘ မဖြစ် စရာချည်းပဲ တွေ့ပါတယ်။
လိုချင်တိုင်း မရဘူး။ ဖြစ်ချင်တိုင်းလည်း မဖြစ်ဘူး။ လောဘမီးဟာ ဒေါသမီးကို မွှေးပေးပါတယ်။ လိုချင်သလို ဖြစ်လာပြန်တော့ မာနမီးကို မွှေးပေးပြန်ပါတယ်။
*လောဘဟာ ဇာတိ ဒုက္ခဖြစ်စေပါတယ်။ ဒါကြောင့် လောဘကင်းအောင် နေပါ*

- တရားအားထုတ်တဲ့စိတ်မှာ ဒေါသမဖြစ်အောင် နေရပါတယ်။ မကျေနပ်တာ မဖြစ်အောင် နေရပါမယ်။ ဒေါသကြီးတဲ့ပုဂ္ဂိုလ်ဟာ ငါးပါးသီလ လုံတော့ဘူး။ ကိုယ့်မှာ ဒေါသမရှိရင် သူများအသက်သတ်ရဲတယ်။ ဒေါသ ဖြစ်တဲ့လူဟာ ဘယ်လိုမှ သီလ မစောင့်နိုင်ဘူး။
ဒေါသဖြစ်ရင် အဒေါသဖြစ်အောင်လုပ်။ သီလစောင့်၊ သီလမလုံချင်လည်း လုံအောင်စောင့်၊ လုံရင်လည်း ပိုလုံအောင်နေ၊ ဒေါသနည်းဖို့  ဒေါသကို ကြောက်ဖို့ လိုတယ်။ ဒေါသရဲ့ ဆိုးကျိုးတွေကို ဆင်ခြင်သိရမယ်။
*ဒေါသဟာ ဇရာဒုက္ခကို ဖြစ်စေပါတယ်။ ဒါကြောင့် ဒေါသကင်းအောင် နေပါ။*

- လောဘ၊ ဒေါသ မကင်းတာ လောဘဆိုးမှန်း၊ ဒေါသဆိုးမှန်း မသိလို့ ပါ။ ဘာလို့ မသိတာလဲဆိုရင် အမောဟ မရှိလို့ ၊ မောဟအားကြီးနေလို့ ပါ။ မောဟဟာ မသိစိတ်ပါ။ မောဟဟာ လောဘမီးကို ဖြစ်စေတယ်။ ဒေါသမီးကို ဖြစ်စေပါတယ်။
*မောဟဟာ မရဏဒုက္ခကို ဖြစ်စေပါတယ်။ ဒါကြောင့် မောဟကင်းအောင်နေပါ။*

လောဘ၊ ဒေါသ၊ မောဟ ကင်းအောင်နေခြင်းဟာ တရားအားထုတ်ခြင်း ဖြစ်ပါတယ်။

( ဆရာတော်ဟောကြားတဲ့တရားကို မှတ်သားပြီး စီလျော်အောင် ပြန်စီရေးထားပါတယ်။ လောဘအကြောင်းပဲ အရှည်ဖော်ပြထားပါတယ်။ အကြောင်းက လောဘ၊ဒေါသ၊မောဟ သုံးမျိုးလုံးကို ၄င်းတို့ ရဲ့ ဆိုးကျိုးကို သိရှိပြီး ပယ်နိုင်ဖို့ လိုပါတယ်။ ဆိုးကြောင်းသိရင် မလုပ်မိဖို့ ပါပဲ။ )


မေတ္တာဖြင့်
ထိပ်ထား

Thursday, March 25, 2010

နှိုင်းလို့ မရ တုလို့ မနိုင်

စစ်ကိုင်းတောင်ရိုး ဂန္ဓာရုံ ဆရာတော်ကြီးသည် ကျောင်းနားမှာရှိတဲ့ ကျောက်ဂူကြီးထဲတွင် သုံးနှစ် သုံးမိုး တံခါး ပိတ်ပြီး တရားအားထုတ်သည်။ တပည့်တွေက ဆွမ်းချိုင့်ပို့ ပေးပါသည်။ တနေ့ ကျတော့ ဆရာတော်ကြီးက ဆွမ်း မစားတော့။ ဒီတော့ တပည့်တွေက ဆရာတော်ကြီး နေမကောင်းဖြစ်နေတယ် ဆိုတာ သိကြသော်လည်း ဆရာ တော်ကြီးကို ကြောက်ရတော့ ထွက်လာဖို့ ကို မပြောရဲကြ။ အဲဒီ့ အချိန်မှာ လယ်တီဆရာတော်ဘုရားကြီးက စစ်ကိုင်းတောင်ရိုးကို ကြွလာသည်။ ဂန္ဓာရုံဆရာတော် ဆရာတော်ဘုရားကြီးသတင်း ကြားရတဲ့အခါမှာ ကျောက်ဂူတံခါးကို ဖျက်ပြီးဝင်ကာ ဂန္ဓာရုံဆရာတော် ဘုရားကို ပွေ့ ထုတ်သည်။ ထိုအခါ ဂန္ဓာရုံ ဆရာတော် ကြီးက လယ်တီဆရာတော်ကြီးကို.. မလုပ်နဲ့ .. မလုပ်နဲ့  တရားမရမချင်း ဒီဂူထဲက မထွက်ဘူးလို့  ဓိဋ္ဌာန်ထား တာ.. လို့  ပြောလိုက်သည်။ အဲဒီ့အခါ မှာ လယ်တီဆရာတော်ကြီးက ဓိဋ္ဌာန်တာက ဂန္ဓာရုံ၊ ပွေ့ ထုတ်တာက လယ်တီ၊ ဘာဆိုင်လို့ တုန်း လို ပြန်ပြောပြီး အပြင်ကို ထုတ်ခဲ့ပါသည်။ ထို့ နောက် ဆေးကု၍ ကျန်းမာကာမှ ပြန်လည် တရားအားထုတ်ရာ ဂန္ဓာရုံ ဆရာတော်ဘုရားကြီး၏ မှတ်တမ်းအရ ပထမမဂ်၊ ဒုတိယမဂ်၊ တတိယမဂ် ရပြီး အနာဂမ် ဖြစ် ခဲ့သည်။ ထို့ နောက် တနေ့ တွင် လယ်တီဆရာတော် ဘုရားကြီးနှင့် ဂန္ဓာရုံ ဆရာတော်ကြီးတို့  စကားပြောကြရာ ------

ဂန္ဓာရုံ --- င့ါရှင်… စာထဲမှာ ဗုဒ္ဓနုဿတိပွားလို့  မဂ်ဖိုလ် မရဘူး ပြောတယ်။ တကယ်အားထုတ်လို့ ရတယ်ဆိုရင် အားထုတ်သူမှားလား၊ စာမှားလား။

လယ်တီ ---- စာလည်းမမှားဘူး၊ လူလည်း မမှားဘူး။

ဆရာတော်ကြီးတွေကတော့ ထပ်မံ မရှင်းတော့ပါဘူး။

ဗုဒ္ဓနုဿတိပွားသူသည် ပုံတော်ကို မြင်ယောင်တွေ့ သည်။ တွေ့ တဲ့အခါ ဂုဏ်ကို ပွားသည်။ ဂုဏ်က နက်ရှိုင်း ကျယ်ဝန်းလို့  မဂ်ဖိုလ်မရနိုင်။ ဒီမှာ သမာဓိက ဦးဆောင်နေသည်။ သဒ္ဓါက အဖော်လုပ်၊ ၀ီရိယ က လိုက်သည်။ သမာဓိက ကြည့်တော့ ပုံတော်ကို တွေ့ သည်။ သဒ္ဓါက ကြည့်တော့ ဂုဏ်ကို တွေ့  သည်။ သမာဓိနဲ့  သဒ္ဓါရှေ့ ရောက်နေပြီး ပညာက နောက်မှာ ယက်ကန်ယက်ကန် ပါလာမည်။ ဒီမှာ ပညာကို ရှေ့ ထွက်ကြည့်တဲ့ အခါ မှာတော့ အဆင်းရုပ်ကိုသာ တွေ့ ပါသည်။ ပုံလည်း မတွေ့ တော့၊ ဂုဏ်လည်း မတွေ့ တော့။ ဒီမှာပဲ မဂ်ဖိုလ်ကို ရနိုင်ပါသည်။

သုညတတွေ့ ချင်ရင် ၀ိပဿနာဥာဏ်ကို ရှေ့ တိုးကြည့်စေရပါမည်။ ဘုရားကို ကြည်ညိုသူရတဲ့ အကျိုးဟာ နှိုင်းလို့ မရ၊ တုလို့ မနိုင် ဖြစ်ပါသည်။ နိဗ္ဗာန်ရောက်တဲ့အထိကို ကောင်းကျိုးပေးပါသည်။


ဓမ္မဒူတ အရှင်ဆေကိန္ဒ ၏"နှိုင်းလို့ မရ.. တုလို့ မနိုင်" တရားတော်မှ ကောက်နှုတ်ဖော်ပြပါသည်။
တရားတော်ကို ဤနေရာ တွင် နာကြားနိုင်ပါတယ်။

Monday, March 15, 2010

စိတ်အေးချမ်းသာ ရှိကြပါစေ..

ကျမ မအားပါဘူး.. ဒီလိုပြောလိုက်ရင် ဂျီတော့ခ် တချိန်လုံး ဖွင့်ထားတဲ့အတွက် ပြီးတော့ တချိန်လုံး စိမ်းနေတဲ့ အတွက် ကျမကို မသင်္ကာ ဖြစ်ကြဦးမယ်.. တကယ် ကျမ မအားမလပ် ဖြစ်နေတာပါ…. ဘာတွေနဲ့  မအားလပ် ရတာလဲ ဆိုတော့……………. စိတ်ရှုပ်ထွေးပင်ပန်းမှုတွေနဲ့ ပေါ့…..။

သြော်.. ထိပ်ထားကတော့ လုပ်ချလိုက်ပြီ.. စိတ်အေးချမ်းသာ ရှိကြပါစေဆိုတဲ့ ခေါင်းစဉ်ကြီးတပ်ပြီး စိတ်တွေ ရှုပ်ထွေး ပင်ပန်းနေကြောင်းကို ပြောပါပေါ့.. ဒီလိုပါ.. ဒီ စိတ်ရှုပ်ထွေးမှုကနေ ကျမ ရလိုက်တဲ့ သင်ခန်းစာ လေး......။ ကျမရဲ့ စိတ်ရှုပ်ထွေးပင်ပန်းရခြင်းရဲ့ အကြောင်းကို ပြောပြပါရစေ… ပထမဆုံးက နေမကောင်းဖြစ်တာ၊ ပြီးတော့ လုပ်ငန်းခွင်ပိုင်းဆိုင်ရာ ပြဿနာအချို့ ၊ ကျမရဲ့ တာဝန် တစိတ်တဒေသ ဖြစ်တဲ့ လူထု အသိုင်းအ၀ိုင်း ဖွံ့ ဖြိုး တိုးတတ်မှု လုပ်ငန်း (Community Development) ရဲ့ ပြဿနာ အချို့ … တခုတည်းသော အကြောင်း ရင်းကတော့ ဒါတွေပေါ်မှာ လိုက်ခံစားနေတဲ့ ကျမရဲ့ အရူးစိတ်လေးကြောင့်ပါ။

ကျမဘ၀မှာ အကြိမ်ကြိမ် စိတ်ညစ်မှုတွေ၊ ၀မ်းနည်းမှုတွေ၊ စိတ်ရှုပ်ထွေးမှုတွေ ခံစားခဲ့ရပါတယ်။ ကျမ အကြောင်း သေချာစွာသိကြတဲ့ လူတွေကတော့ ပြောပြစရာ မလိုတော့ပါဘူးနော်။ (မသိသေးသူတွေ အတွက် တော့ ကြုံမှပဲ ပြောပြပါ့မယ်)။ ဒီလို ပင်ပန်းမှုတွေ စိတ်ညစ်မှုတွေ ဖြစ်လာတိုင်း … ပျော်ပျော်လေးပဲ နေချင်လိုက် တာ… စိတ်ညစ်တာတွေ မလိုချင်ဘူး… ဘာလို့ ငါ့မှာ ဒီလောက် စိတ်ရှုပ်ထွေးစရာတွေ ကြုံရတာပဲ… အားလုံးကို ငါအကောင်းဆုံးဖြစ်အောင် လုပ်ခဲ့တာပဲ… ဘာလို့  မပျော်ရွှင်နိုင်၊ မချမ်းမြေ့နိုင် ဖြစ်ရတာပဲ… ဒီမေးခွန်းလေးကို ငယ်စဉ်ဘ၀တည်းက အခုလက်ရှိအရွယ်ရဲ့ တခါတလေသော အချိန်တွေမှာ မေးမိခဲ့တယ်။ တကယ်တန်း ရလာ တော့ အဖြေက ရှင်းရှင်းလေးရယ်… ။ ကျမ စိတ်ညစ်တာလေ… တခါတလေကျတော့ ဖြစ်ပြီးတဲ့ အရာအတွက်၊ တခါတလေကျတော့ မဖြစ်သေးတဲ့အရာအတွက်။ ပြင်ဆင်မရနိုင်တဲ့ အရာတွေအတွက်နဲ့ .. မဖြစ်သေးတဲ့အရာ တွေအတွက်… ဘာလို့ စိတ်ညစ်ရတာလဲ.. ပြင်ဆင်လို့ မှ မရနိုင်တော့တာ စိတ်ညစ်နေလို့  လည်း မထူးဘူး… ဖြစ်မှမလာသေးဘဲ.. မဖြစ်နိုင်အောင် တားဆီးနိုင်စွမ်းရှိပါလျက် ထိုင်ပြီး စိတ်ညစ်နေလို့  ဘာမှ ဖြစ်မလာဘူး ရယ်လေ… ။

ပျော်ပျော်နေ သေခဲ တဲ့… ဟာသတွေ ထိုင်ဖတ်၊ ထိုင်နားထောင်၊ ထိုင်ကြည့်၊ ရယ်ရလွန်းလို့  အူတတ်ပြီး သေသွားနိုင်တာပဲနော်… :) … အခုအချိန်မှာ ကျမကို ပျော်ချင်လား၊ စိတ်ညစ်ချင်လား လို့  မေးရင် ဘာမှ မဖြစ် ချင်ဘူးလို့ ပဲ ဖြေရမှာပဲ….။ ဘယ်သူမှတော့ စိတ်မညစ်ချင်ဘူးပေါ့နော်.. ဒါပေမဲ့ ပျော်ချင်ကြတာပဲ မဟုတ်လား… အဲဒီ့ ပျော်ချင်တဲ့ စိတ်လေးရယ်ကြောင့်ပဲ ကိုယ်မဖြစ်ချင်တာဖြစ်လာခဲ့ရင် စိတ်ညစ်ကြရတာပေါ့.. ပျော်တဲ့အခါ အစွမ်းကုန်ပျော်မိသလောက်၊ စိတ်ညစ်ရတဲ့အခါမှာလည်း အစွမ်းကုန် စိတ်ညစ်ရတတ်ပါတယ်။ ပျော်စရာကြုံ လာလည်း အလွန် ပျော်ရွှင်မနေ၊ စိတ်ညစ်စရာကြုံလာရင်လည်း အလွန်စိတ်ညစ်မနေဘဲ ပုံမှန်အတိုင်း အေးချမ်း စွာနဲ့ နေနိုင်သင့်ပါတယ်…..။ ကျမရဲ့ စိတ်ရှုပ်ထွေးပင်ပန်းနေတယ်ဆိုတဲ့ အရူးစိတ်လေး တွေကို ဖျောက်ပစ်ဖို့  ကျမ တခုပဲ ရွေးချယ်ခဲ့ပါတယ်….။ တရားစာအုပ်တွေ ထိုင်ဖတ်ဖို့ ကိုပေါ့… အိပ်မပျော်လည်း တရားစာအုပ်ဖတ်၊ အားနေလည်း တရားစာအုပ်ဖတ်၊ ဒီလိုဆို ကျမ ပျော်လည်း မပျော်ဘူး.. စိတ်လည်း မညစ်ဘူး… စိတ်တော့ တအားချမ်းသာတယ်ရှင်….။ ကျမ မိတ်ဆွေတွေကိုလည်း စိတ်ချမ်းသာ စေချင်တယ်။ မပျော်ချင်ပါနဲ့ နော်… စိတ်လည်း မညစ်ပါနဲ့ .. စိတ်ချမ်းသာစွာသာ နေနိုင်အောင် ကြိုးစားပါရှင်..။

မေတ္တာဖြင့်

ထိပ်ထား


Friday, March 12, 2010

တနေ့ တော့

လောကမှာလေ.. ကျမတို့ တွေဟာ ချစ်ခြင်းတွေ မုန်းခြင်းတွေနဲ့  အတူတကွ အသက်ရှင်နေထိုင်ကြတယ်။ ချစ်တဲ့ လူတွေနဲ့ ဆို အကောင်းဆုံး ဆက်ဆံပြုမူ ပြောဆိုကြသလို မုန်းတဲ့လူတွေကိုတော့ ဆန့် ကျင်ဘက် သဘော ဆက်ဆံကြတယ်။ ဒီကြားထဲမှာမှ ဟန်ဆောင်တတ်သူတွေကတော့ မုန်းသူကိုလည်း ချစ်ဟန် ဆောင်တတ်ကြ တယ်။ ကျမတို့ ကိုယ်တိုင်မှာလည်း ချစ်တဲ့လူ မုန်းတဲ့လူ ရှိကြသလို သူတပါးအနေနဲ့ လည်း ကျမတို့ ကို ချစ်ကြ တာ မုန်းကြတာတွေ ရှိပါရဲ့… ။

ချစ်တဲ့နေရာမှာ ပုံစံမျိုးစုံနဲ့ ချစ်တတ်ကြပါတယ်.. အချို့ ကတော့ ချူပ်ကိုင်ချင်တယ်။ လွှမ်းမိုးချင်တယ်။ ပိုင်ဆိုင် ချင်တယ်။ အချို့ ကျပြန်တော့ ဂရုစိုက်ခံချင်တယ်။ အလိုလိုက်ခံချင်တယ်။ ဗိုလ်ကျချင်တယ်…။ ဒါကတော့ အတ္တကြီးတဲ့ ချစ်ခြင်းလို့ ပဲ ပြောရမှာပေါ့… ချစ်သူရည်းစား၊ လင်မယားရယ်မှ မဟုတ်ပါဘူး.. သားသမီး၊မိဘ၊ မောင်နှမ၊ မိတ်ဆွေသူငယ်ချင်း အချင်းချင်းကြားမှာလည်းပဲ ဒီလို ချစ်ခြင်းတွေ ရှိတတ်ပါတယ်နော်။ အချို့ က ကျတော့…. စိတ် ချမ်းသာစေချင်တယ်။ အနစ်နာခံတယ်။ ကောင်းရာကိုသာ ဖြစ်စေလိုတယ်။ နားလည်မှု ပေးတတ်တယ်။ ခွင့်လွှတ်သည်းခံတယ်။ သူတို့ ကတော့ စစ်မှန်သော မေတ္တာနဲ့ ချစ်ခြင်းပေါ့နော်။ ဒါဟာလည်းပဲ ချစ်သူရည်းစား၊ လင်မယား၊ မိဘ၊ဆွေမျိုး ၊ မိတ်ဆွေ အပေါင်းအသင်းတွေမှာလည်း တွေ့ ရတတ်ပါတယ်။ ကျမ ဘ၀မှာ ကျေနပ်မှု ရှိရတဲ့ အကြောင်းအရာတခုဟာ လည်း အဲဒီ့လို စစ်မှန်တဲ့ မေတ္တာချစ်ကြတာကို ခံရတဲ့ အတွက်ပါပဲ။

မုန်းတဲ့နေရာမှာလည်း အမျိုးမျိုးပဲ ကျမ သတိထားမိတယ်။ အချို့ ကျတော့ မကြည့်ချင်မမြင်ချင်ဘဲ မုန်းတာ။ အဲဒီ့လူတယောက်ကို တွေ့ မယ်ဆိုရင် အမြဲရှောင်ရှားတယ်။ မတွေ့ မိအောင် ကြိုးစားတယ်။ ဝေးဝေးမှာ နေတယ်။ အချို့ ကျတော့ မြင်လည်း မြင်တယ်။ ကြည့်လည်းကြည့်တယ်။ ရင်ထဲမှာ အမုန်းတရားက ပွားတယ်။ တခါမြင်ရ တိုင်း ပိုပို မုန်းလာတယ်တတ်။ မုန်းတဲ့သူကိုဆို မကောင်းတာမှန်သမျှ ဖြစ်စေချင်ကြတယ်။ (အမှန်တော့ မုန်းတာ တွေကို ကျမ သေသေချာချာ မပြောတတ်ပါဘူးရှင်။ ကျမ အနေနဲ့ တော့ ဘယ်သူ့ ကိုမှ မုန်းတီးဖို့ နေနေသာသာ ကြာကြာတောင် စိတ်မဆိုးတတ်ပါဘူး။ တခါတလေ အားနည်းချက် အသွင်ဆောင်ပေမဲ့ ကျမအတွက်ကတော့ သိပ်တန်ဖိုးရှိတာပါပဲ။)

ကျမတို့ တွေ တယောက်ကို တယောက်ချစ်ကြတယ်။ မိဘဆွေမျိုးတွေကို ချစ်ကြတယ်။ တိရိစ္ဆာန်လေးတွေကို ချစ်ကြတယ်။ ကိုယ့်စိတ်ထဲက နှစ်သက်တဲ့အရာတွေကို ချစ်တတ်ကြပါတယ်။ ကိုယ့်စိတ်သဘောလေးနဲ့  ကိုက်ညီတာလေးတွေကို ရွေးတတ်တယ်။ မကိုက်ညီတော့ မုန်းတာပေါ့နော်။ :)… တကယ်ကတော့လေ.. ကျမ
တို့  တွေဟာ သိပ်ချစ်လွန်းလို့  မဖြစ်မနေ ဒီအရာကြီးအတွက်ပဲရှာဖွေရ၊ ဒီအရာကြီးအတွက်ပဲ ပူပန်ရ၊ ဒီအရာကြီး အတွက်ပဲ စိုးရိမ်ရတဲ့ ဒီခန္ဓာကြီးတွေကိုတောင် အစိုးမှ မရပဲနဲ့  ကျမတို့  ချစ်တဲ့ မိဘ၊ ဆွေမျိုးမောင်နှမ၊ အပေါင်းအသင်း မိတ်ဆွေတွေကို မခွဲနိုင် မခွာရက် ဖြစ်ကြရတယ်။ ဘာတွေပဲ ဘယ်လိုဆိုဆို.. တနေ့ တော့ ခွဲကြရမှာ ဧကန်ပါပဲလေ……..။


ထိပ်ထား

Tuesday, February 23, 2010

ဆိုပိမ့်မညှာ၊ စေ့စေ့နာလော့

ဂင်္ဂါသဲမျှ၊ ပွင့်ကြကုန်သား၊
ဘုရားသာသနာ၊ ခေတ်အခါဝယ်၊
လူ့ ရွာနတ်၌၊ နင်ကြုံကြိုက်လည်း၊
အမိုက်မချွေ၊ အလိုက်နေ၍၊
အခြေမပြီး၊ အချည်းနှီးလျှင်၊
ယီးတီးယောင်တောင်၊ ခုတိုင်အောင်တည်း။

သန်းခေါင်လကွယ်၊ တောအုပ်လယ်၌၊
ရှစ်နယ်ပတ်ကုန်း၊ အပြည့်ဖုံးလျှက်၊
မိုးလုံးတိမ်တိုက်၊ လျှပ်မကြိုက်သား၊
အမိုက်အပြား၊ အင်လေးပါးထက်၊
နင်ကားရာထောင်၊ မကမှောင်ဧ။်။

လူ့ ဘောင်လူ့ ရွာ၊ သာသနာ၌၊
ကြမ္မာတော်ရွေ့ ၊ ယခုတွေ့ လည်း၊
အလေ့မလွဲ၊ အများနည်းလျှင်၊
မိုက်မြဲနှင်နှင်၊ မိုက်စရွှင်ဧ။်
မျက်မြင်လောက၊ ဤဘ၀ကား
ဒုက္ခစင်းစင်း၊ ချမ်းသာကင်းဧ။်။

သေမင်းအစာ၊ နင့်ခန္ဓာကို
တဏှာဘီလူး၊ အမှောင့်ပူး၍
အရူးပြင်ပြင်၊ နင့်ကို ထင်ဧ။်။

နင်နှင့်မဆိုင်၊ နင့်ပိုင်မဟုတ်
နင့်ရုပ် နင့်နာမ်၊ နင့်သန္တာန်ကို
နင့်ဥာဏ်မစူး၊ အပျော်မြူး၍
မူးမူးမေ့မေ့၊ အများလေ့ဖြင့်
နေ့ ရက်အဖုံ၊ လွန်ခဲ့ကုန်ပြီ။။

အာရုံဝတ္ထု၊ မီးစာစုကို
မူမူရရ၊ နင်အားကျလည်း
ဓါးပြသေမင်း၊ သူ့ တပ်နင်းက
မငြင်းဆန်သာ၊ နင့်ခန္ဓာလည်း
ပြာပုံအပြီး ဖြစ်လုနီးပြီ။

ယီးတီးယားတား၊ သေ၍ သွားလည်း
တရားမကြွယ်၊ အထုပ်ငယ်လျှက်၊
အပါယ်စခန်း၊ သွားမြဲလမ်း၌
တပန်းဟိုက်ဟိုက်၊ တရှိုက်ငင်ငင်
တစ်ငြင်ငြိုငြို၊ ဆင်းရဲပိုလျှက်
ထိုထိုဘ၀၊ အနန္တလျှင်၊
ဘ၀မဆုံး၊ အများထုံးလည်း၊
အနှုန်းမပျက်၊ အောက်နရက်ဝယ်၊
တစ်သက်နွယ်နွယ်၊ အမြစ်တွယ်သို့ ၊
အပါယ်ထိုထို၊ ဥဒဟိုသည်၊
နင်လိုလူမိုက် သွားလမ်းတည်း။

လယ်တီဆရာတော်ဘုရားကြီး

Tuesday, January 19, 2010

စဉ်းစားဆင်ခြင် အမှားမြင်

ဤလောကတွင် မမှားသော ပုထုဇဉ်ဟူ၍ မရှိပေ...
အားလုံးသည် တကြိမ်မက အမှားများကျူးလွန်ခဲ့ဖူးကြသည်။ အမှားကို အမှားမှန်းသိရက်နှင့်လည်း မှားကြသည်။ အမှားကို အမှားမှန်းမသိ၍ လည်း မှားကြသည်။ မည်သို့ ပင်ဆိုစေကာမူ မှားနေကြသူများပင်ဖြစ်ပါသည်။

တစုံတယောက်ဧ။် မှားယွင်းမှုသည် မည်သူကိုထိခိုက်ပါသနည်း။
မည်သူပင် ဖြစ်ပါစေ... အမှားပြုသောသူသည်သာ ထိခိုက်ပါဧ။် ။ ကိုယ်ပြုသောအမှုဧ။် တန်ပြန်အကျိုးကို ကိုယ် သာလျှင် ခံစားရမည်သာ ဖြစ်သည်။ ခြွင်းချက်အနေဖြင့်မူကား ပြုသောအမှားသည် အများအား စိတ်အနှောင့် အယှက် ဖြစ်စေသော ကိစ္စရပ်ဖြစ်ပါမူ ဤသည်ကား စဉ်းစားစရာပင်။

ဥပမာ ဆိုရလျှင် --- တောရွာတရွာ၌ နေ့ စဉ်အရက်သောက်၍ မူးရူး အော်ဟစ်ဆဲဆိုတတ်သောကြောင့် ရွာဧ။် ပစ်ပယ်ခံရသည့် မည်သူမျှ ပြောမနိုင်ဆုံးမ မနိုင်သောသူ တယောက် ရှိသည်။ ထိုသူသည် ရွာဧ။် ဘောလုံးကွင်း ဘေးရှိ သစ်ပင်ရိပ်အောက်တွင် အရက်ကို လွန်ကျွံစွာ သောက်နေသည်။ ထို့ နောက် တရွာလုံးရှိ လူများဧ။် အမည်ကိုအော်၍ မကြားဝံ့စရာ ဆဲဆိုနေပါသည်။ ပထမဦးစွာ ဘောလုံးကွင်းသို့ ဘောလုံးကန်ရန် သွားသော ကလေးများအဖွဲ့ မှာ ထိုအရက်မူးသမားဧ။် ဆဲဆိုနေသံကို ကြားသွားပါသည်။ ထိုကလေးများသည် ၄င်းတို့ ဧ။် မိဘအမည်များတပ်၍ ဆဲနေသည်ကို ကြားရသောအခါ အိမ်များသို့  အပြေးသွား၍ မိဘများအား ပြန်ပြောသည်။ မိဘများမှ မခံမရပ်နိုင်ဖြင့် သွားရောက်ကြည့်သောအခါ ထိုအရက် သမားက ပိုမို၍ ဆဲဆိုလေသည်။ အခြား ရွာသူရွာသားများဧ။် အမည်ကိုပါ တပ်၍ ဆဲဆိုလေသည်။ ထိုမှ တဆင့် စကား တဆင့်နားဖြင့် ရွာသူရွာသား အတော်များများ သွားရောက် နားထောင်ကြသောအခါ ထိုအရက်မူးသမား မှာ ပို၍ ဆိုးလာသည်။ ရွာသား များထဲ မှ စိတ်ကြီးလှသော ရွာသားအချို့ က ပြန်လည် ဆဲဆိုသောအခါမူ ကား အရက်မူးသမားက ပို၍ ရမ်းကားလာ သည်။
ဤဥပမာတွင် အရက်သမားသည် သူဟာသူ အရက်သောက်၍ ဆဲဆို၍ ငြီးငွေ့ လာသောအခါ အိပ်ပျော်သွား မည်ဖြစ်ပါသည်။ သို့ သော် ရွာသားများမှ သူ့ အားဒေါသဖြစ်၍ ပြန်လည်ဆဲဆိုကြိမ်းမောင်းသောအခါတွင်မူ ပို၍ ဆိုးလာပါသည်။(အရက်မူးသမား လူမိုက်လူရမ်းကားတို့ ဧ။် အကျင့်သည်ပင်)

မှားယွင်းနေသော သူများအား မည်ကဲ့သို့  ပြုမူ ဆက်ဆံပါမည်နည်း။
စဉ်းစားကြည့်ကြရအောင်... အရက်သောက်သော အရက်သမားသည် ပထမ အမှားကျူးလွန်သူဖြစ်သည်။ ထိုအမှား ကျူးလွန်သူသည် သူပြုသောကံ သူခံရပါမည်။ သို့ သော် တဦးတယောက်စ ကြားရသည်ရှိသော် စိတ် မချမ်းမြေ့ဖွယ်ဖြစ်ပါလိမ့်မည်။ ဤတွင် ရွာသားများ လုပ်နိုင်သော နည်းလမ်းမျိုးစုံ ရှိပါသည်။ ထိုအထဲမှ အသင့်တော်ဆုံးသည် ဥပေက္ခာပြုရန် ဖြစ်ပါသည်။ ဘာမှမသိ၍ မိုက်မဲသော အရက်သမားမှ မည်ကဲ့သို့  ပင်ဆဲဆိုနေပါစေ အသိရှိသူအနေဖြင့် ငါနှင့်မဆိုင် ဟု စိတ်ထား၍ နေနိုင်ပါသည်။ အရက်သမားကို မေတ္တာထား၍ ဆုံးမဖို့ မူကား မည်သို့ မျှပင် မလွယ်ကူပေ။ အရက်သမားကို ဘာမှ မသိရကောင်းလားလို့ လည်း အပြစ်မတင်သင့်ပေ... အရက် သမားပါဆိုမှ ဘာကို သိဦးမည်နည်း။ အရက်သမားကိုလည်း နင်မမိုက်ရိုင်းနဲ့ လို့  ပြောလို့ မရပါ။ အရက်သမား ပါဆိုမှ ယဉ်ကျေးဦးမည်လား။ ရွာထဲ လျှောက်ပတ်ပြီး မဆဲဆိုနေသည်ကပင် တော်ပေဦးမည်။

ဘယ်သူမှားလဲ... ဘယ်သူမှန်လဲ။
အရက်သမားက ပထမ မှားယွင်းသူ... အရက်သမားဧ။် ဆဲဆိုမှုကို သွားရောက်နားထောင်ပြီး မခံမရပ်နိုင် ဖြစ်ရ သူ ရွာသားတို့ က ဒုတိယ မှားယွင်းသူဟု ကျမ ပြောလျှင် မည်သို့  တုံ့ ပြန်ကြမည်နည်း။

တကယ်တော့
ပုထုဇဉ်ပီပီ မှားယွင်းကြသည်မှာ အဆိုးမဟုတ်ပေ။ မသိ၍ မှားနေသရွေ့  ထိုသူသည် တနေ့ မှန်နိုင်ကောင်းဧ။်။ မှားမှန်းသိသိနှင့် မပြင်နိုင်ဘဲ မှားမှသာလျှင် ဘယ်သောအခါမှ မမှန်နိုင်သူ ဖြစ်ရပါမည်။

ဆိုလိုရင်းမှာ
လောကတွင် အမှားများကို ကျူးလွန်သူ မြောက်များစွာ ရှိပါသည်။ အချို့ အမှားအယွင်းများကို ကျမတို့ သိသည်။ အချို့ အမှားအယွင်းများကို ကျမတို့ လည်း မသိ.. ကိုယ်တိုင်ပင် ကျူးလွန်မိပါသည်။ အစဉ်အမြဲ သတိကပ်၍ အသိလေး ရှိနေရပါမည်။ ထိုမှသည် မည်သည့်ကိစ္စရပ်ကိုမဆို စဉ်းစားရပါမည်။ ထို့ နောက်တွင် ဆင်ခြင်ရပါ မည်။ စဉ်းစားဆင်ခြင်၍ အမှားကို မြင်ရပါလိမ့်မည်။ ထိုအခါတွင် ထိုအမှားအား တဖက်လှည့်၍ မှန်ကန်ခြင်းသို့  ရောက်ကြပေတော့မည်။

သတိပြုသင့်သည်
မှားယွင်းသူဧ။် အမှားကို ပြင်ပေးရန် အစွမ်းမပြည့်ဝသေး၍သော်လည်းကောင်း မှားယွင်းသူသည် ကမ်းကုန် အောင် မှားယွင်းမည်ဟု ဆုံးဖြတ်ထားသူဖြစ်လျှင်သော်လည်းကောင်း အမှားကို ပြင်ပေးရန် ကြိုးစားသူပင် လိုက် ၍ မှားယွင်းသွားနိုင်သည်ကို သတိပြုကြရမည်။ တနည်းအားဖြင့် မှားနေသူကို ပိုမိုမှားယွင်းအောင် လုပ်ပေး သလိုပင် ဖြစ်တတ်သည်။

ကဲ.. ဒီလိုလေးလုပ်ကြရအောင်
ကျမတို့ တွေကိုယ်တိုင်လည်းအမှားရှိနေကြတဲ့အတွက် ကိုယ့်အမှားတွေကိုကိုယ်သိအောင်ကြိုးစားကြရအောင် ။ သိတဲ့နောက် အမှန်တွေဖြစ်အောင် ကျင့်ကြံကြရအောင်..ကိုယ်စီကိုယ်စီ အမှားမရှိအမှန်သိကြမှသာ တလောက လုံး မှန်ကန်မှာ ဖြစ်ပါတယ်..

အမှားအမှန် ဆင်ခြင်သိ၍ မိမိတို့ ဧ။် စိတ်ကို မိမိအောင်နိုင်သော သူတော်ကောင်းများ ဖြစ်ကြပါစေ......

ထိပ်ထား