စိတ်ရော ကိုယ်ပါ ကျန်းမာချမ်းသာ၍ ဘေးဘယာကင်းကွာ မေတ္တာတရားဖြင့် အေးချမ်းစွာ နေနိုင်ကြပါစေ....



Friday, March 12, 2010

တနေ့ တော့

လောကမှာလေ.. ကျမတို့ တွေဟာ ချစ်ခြင်းတွေ မုန်းခြင်းတွေနဲ့  အတူတကွ အသက်ရှင်နေထိုင်ကြတယ်။ ချစ်တဲ့ လူတွေနဲ့ ဆို အကောင်းဆုံး ဆက်ဆံပြုမူ ပြောဆိုကြသလို မုန်းတဲ့လူတွေကိုတော့ ဆန့် ကျင်ဘက် သဘော ဆက်ဆံကြတယ်။ ဒီကြားထဲမှာမှ ဟန်ဆောင်တတ်သူတွေကတော့ မုန်းသူကိုလည်း ချစ်ဟန် ဆောင်တတ်ကြ တယ်။ ကျမတို့ ကိုယ်တိုင်မှာလည်း ချစ်တဲ့လူ မုန်းတဲ့လူ ရှိကြသလို သူတပါးအနေနဲ့ လည်း ကျမတို့ ကို ချစ်ကြ တာ မုန်းကြတာတွေ ရှိပါရဲ့… ။

ချစ်တဲ့နေရာမှာ ပုံစံမျိုးစုံနဲ့ ချစ်တတ်ကြပါတယ်.. အချို့ ကတော့ ချူပ်ကိုင်ချင်တယ်။ လွှမ်းမိုးချင်တယ်။ ပိုင်ဆိုင် ချင်တယ်။ အချို့ ကျပြန်တော့ ဂရုစိုက်ခံချင်တယ်။ အလိုလိုက်ခံချင်တယ်။ ဗိုလ်ကျချင်တယ်…။ ဒါကတော့ အတ္တကြီးတဲ့ ချစ်ခြင်းလို့ ပဲ ပြောရမှာပေါ့… ချစ်သူရည်းစား၊ လင်မယားရယ်မှ မဟုတ်ပါဘူး.. သားသမီး၊မိဘ၊ မောင်နှမ၊ မိတ်ဆွေသူငယ်ချင်း အချင်းချင်းကြားမှာလည်းပဲ ဒီလို ချစ်ခြင်းတွေ ရှိတတ်ပါတယ်နော်။ အချို့ က ကျတော့…. စိတ် ချမ်းသာစေချင်တယ်။ အနစ်နာခံတယ်။ ကောင်းရာကိုသာ ဖြစ်စေလိုတယ်။ နားလည်မှု ပေးတတ်တယ်။ ခွင့်လွှတ်သည်းခံတယ်။ သူတို့ ကတော့ စစ်မှန်သော မေတ္တာနဲ့ ချစ်ခြင်းပေါ့နော်။ ဒါဟာလည်းပဲ ချစ်သူရည်းစား၊ လင်မယား၊ မိဘ၊ဆွေမျိုး ၊ မိတ်ဆွေ အပေါင်းအသင်းတွေမှာလည်း တွေ့ ရတတ်ပါတယ်။ ကျမ ဘ၀မှာ ကျေနပ်မှု ရှိရတဲ့ အကြောင်းအရာတခုဟာ လည်း အဲဒီ့လို စစ်မှန်တဲ့ မေတ္တာချစ်ကြတာကို ခံရတဲ့ အတွက်ပါပဲ။

မုန်းတဲ့နေရာမှာလည်း အမျိုးမျိုးပဲ ကျမ သတိထားမိတယ်။ အချို့ ကျတော့ မကြည့်ချင်မမြင်ချင်ဘဲ မုန်းတာ။ အဲဒီ့လူတယောက်ကို တွေ့ မယ်ဆိုရင် အမြဲရှောင်ရှားတယ်။ မတွေ့ မိအောင် ကြိုးစားတယ်။ ဝေးဝေးမှာ နေတယ်။ အချို့ ကျတော့ မြင်လည်း မြင်တယ်။ ကြည့်လည်းကြည့်တယ်။ ရင်ထဲမှာ အမုန်းတရားက ပွားတယ်။ တခါမြင်ရ တိုင်း ပိုပို မုန်းလာတယ်တတ်။ မုန်းတဲ့သူကိုဆို မကောင်းတာမှန်သမျှ ဖြစ်စေချင်ကြတယ်။ (အမှန်တော့ မုန်းတာ တွေကို ကျမ သေသေချာချာ မပြောတတ်ပါဘူးရှင်။ ကျမ အနေနဲ့ တော့ ဘယ်သူ့ ကိုမှ မုန်းတီးဖို့ နေနေသာသာ ကြာကြာတောင် စိတ်မဆိုးတတ်ပါဘူး။ တခါတလေ အားနည်းချက် အသွင်ဆောင်ပေမဲ့ ကျမအတွက်ကတော့ သိပ်တန်ဖိုးရှိတာပါပဲ။)

ကျမတို့ တွေ တယောက်ကို တယောက်ချစ်ကြတယ်။ မိဘဆွေမျိုးတွေကို ချစ်ကြတယ်။ တိရိစ္ဆာန်လေးတွေကို ချစ်ကြတယ်။ ကိုယ့်စိတ်ထဲက နှစ်သက်တဲ့အရာတွေကို ချစ်တတ်ကြပါတယ်။ ကိုယ့်စိတ်သဘောလေးနဲ့  ကိုက်ညီတာလေးတွေကို ရွေးတတ်တယ်။ မကိုက်ညီတော့ မုန်းတာပေါ့နော်။ :)… တကယ်ကတော့လေ.. ကျမ
တို့  တွေဟာ သိပ်ချစ်လွန်းလို့  မဖြစ်မနေ ဒီအရာကြီးအတွက်ပဲရှာဖွေရ၊ ဒီအရာကြီးအတွက်ပဲ ပူပန်ရ၊ ဒီအရာကြီး အတွက်ပဲ စိုးရိမ်ရတဲ့ ဒီခန္ဓာကြီးတွေကိုတောင် အစိုးမှ မရပဲနဲ့  ကျမတို့  ချစ်တဲ့ မိဘ၊ ဆွေမျိုးမောင်နှမ၊ အပေါင်းအသင်း မိတ်ဆွေတွေကို မခွဲနိုင် မခွာရက် ဖြစ်ကြရတယ်။ ဘာတွေပဲ ဘယ်လိုဆိုဆို.. တနေ့ တော့ ခွဲကြရမှာ ဧကန်ပါပဲလေ……..။


ထိပ်ထား

4 comments:

shinehtetshein said...

ကျနော်တို့ဘ၀မှာ ဘယ်လောက်ပဲ လူတစ်ယောက်ကို ချစ်ချစ် တနေ့မှာတော့ ခွဲရတာပါပဲ.. အဲဒီခွဲရမယ့်အခိုက်အတန့်လေးကို ခံနိုင်ရည်ရှိအောင် ကြိုတင်ပြင်ဆင်ရမှာပေါ့လေ..။
ဘ၀မှာ ကျနော်ကတော့ ကျနော်လူတစ်ယောက်ကို စူးစူးနစ်နစ် စစ်မှန်တဲ့အချစ်နဲ့ ချစ်ဖူးပြီ.... ပြီးတော့ ဒီက ညီမလေးလိုပဲ ကျနော်လဲ ဘယ်သူ့ကိုမှ ဘယ်တော့မှ စိတ်ဆိုးလေ့မရှိပါဘူး... ဒီအတွက် ဂုဏ်ယူပါတယ်လေ..။

ထိပ်ထား said...

ဟုတ်လား... ညီမလေးကတော့ အကုန်လုံးကို မိဘဆွေမျိုး၊ မောင်နှမသားချင်းလို ချစ်တတ် တယ်ရှင့်.. ကိုမိုးမြင့်လိုတော့ လူတယောက်ကို စူးစူး နစ်နစ် မချစ်ဖူးဘူး.. ဒါပေမဲ့ အဲဒီ့ မိဘဆွေမျိုး၊ မောင်နှမသားချင်းလို ချစ်ပြီး ခွဲခွာရတာတောင်မှ ပူပန်တာ.. အကို့ လိုမျိုးဆိုရင်တော့ မလွယ်ပေါင်.. ဒီတော့ကာ အကို့ လိုမျိုးတော့ ဘယ်သူ့ ကိုမှ မချစ်ဝံ့ပါဘူး.. ခုရော၊နောင်ရော ပေါ့နော်.. ညီမလေးက စိတ်ဆိုးတတ်ပါတယ်. ဒါပေမဲ့ ခဏပဲလေ.. ဒီလိုပါပဲ... တခုပဲ.. ကိုယ်ချစ်လွန်းလို့  ပြုစုယုယနေရတဲ့ ဒီခန္ဓာကိုတောင် တနေ့  စွန့် ခွာရမှာ.. နော့.. ဘာပူဦးမလဲ အကိုရေ...

မေတ္တာဖြင့်
ညီမငယ် ထိပ်ထား

ဧရာဝတီသား said...

မုန်းသူ မရှိ၊ ချစ်သူသာရှိတဲ့ ထိပ်ထားလေးကို လေးစားပါတယ်။ မေတ္တာစစ်၊ မေတ္တာမှန်နဲ့ အကုန်လုံးကို မိဘဆွေမျိုး မောင်နှမ သားချင်းလို ချစ်တတ်တဲ့ အတွက်လည်း၊ စစ်မှန်စွာနဲ့ ပြန်ချစ်တာကို ခံရတာပေါ့။ မုန်းပုံအမျိုးမျိုးကို သတိထား မိတယ် ဆိုပေမယ့်၊ ထိပ်ထားက မမုန်းတတ်တဲ့ အတွက် ထိပ်ထားကိုတော့ မုန်းသူ ရှိမှာ မဟုတ်ပါဘူး။ မှန်ပါတယ် အားလုံး တနေ့တော့ ခွဲကြရမှာပဲ၊ မခွဲရခင်မှာတော့ ချစ်ခြင်း၊ မုန်းခြင်း ကင်းအောင် မနေနိုင် သေးသရွေ့ စစ်မှန်စွာပဲ ချစ်တတ်အောင် ကြိုးစားကြရမယ် ထင်ပါတယ်။

ခင်မင်စွာဖြင့်

ထိပ်ထား said...

ဟုတ်ပါပြီ ကိုဧရာဝတီသားရယ်.. မုန်းသူ မရှိဘူး ဆိုတာတော့ ဟုတ်ချင်မှ ဟုတ်မှာနော်... ဒါပေမဲ့လေ.. ညီမက တခုတော့ ယုံကြည်တယ်ရှင့်.. ညီမဘက်က စိတ်ထားကောင်းမွန်စွာ မေတ္တာထားပြီး ဆက်ဆံသရွေ့  ဘယ်သူမှ ညီမအပေါ် အငြိုးအာဃာတ မုန်းတီးမှု တွေ ရှိမှာ မဟုတ်ဘူးလို့ ပေါ့.. ကိုဧရာဝတီသားပြောသလို
ချစ်ခြင်းမုန်းခြင်းကင်းအောင် မနေနိုင်သေးသရွေ့  စစ်မှန်စွာ ချစ်တတ်အောင် ကြိုးစားရမှာပေါ့နော်.. ပူတာကို ပူမှန်းသိသိနဲ့  ကိုင်ထားချင်တာကိုက ပုထုဇဉ်သဘာဝကိုး.....

မေတ္တာဖြင့်
ညီမ ထိပ်ထား