စိတ်ရော ကိုယ်ပါ ကျန်းမာချမ်းသာ၍ ဘေးဘယာကင်းကွာ မေတ္တာတရားဖြင့် အေးချမ်းစွာ နေနိုင်ကြပါစေ....



Monday, June 28, 2010

သေဆုံးချိန်သတိ

ကျမတို့အားလုံးဟာ မွေးဖွားလာပြီးတည်းက တဆက်တည်း ဖြစ်ကိုဖြစ်ရမယ့် အရာတခုဟာ ပါပြီးသားပါ။ အဲဒါ ကတော့ သေဆုံးခြင်းပေါ့။ မွေးဖွားချိန်နဲ့ သေဆုံးချိန် အကြားမှာ ရရှိတဲ့ အခိုက်အတန့်ကာလလေးအတွင်း ကျမတို့ ဘာလုပ်ကြမလဲ။ လုပ်ချင်ရာတွေ လုပ်ကြပါတယ်ဆိုရင် ကျမ မမှားဘူးထင်ပါတယ်။ ပညာသင်ချင်လို့ ပညာသင်ပါတယ်။ စားချင်လို့ စားပါတယ်။ စီးပွားရှာချင်လို့ စီးပွားရှာပါတယ်။ ဒီလို လုပ်ချင်တာတွေ လုပ်ကြရင်း ကျမတို့ရဲ့ ဘ၀နေ၀င်ချိန်တွေမှာ သတိမရှိသူတွေအဖို့ အမှတ်တမဲ့ ကုန်ဆုံးလာရတယ်ပေါ့။ တဆက်တည်းပဲ ငါတနေ့သေရမယ်ဆိုတာ မေ့လိုမေ့၊ တခါတလေလည်း မေ့ထားချင်ကြတဲ့လူတွေဟာ များပါတယ်ရှင်။

တကယ်တော့ သေခြင်းတရားဆိုတာ မေ့လည်း မမေ့သင့်သလို၊ မေ့ထားလို့လည်း မသင့်ပါဘူး။ အချိန်ပိုင်း အတွင်း ငါသေနိုင်တယ်ဆိုတာ သိထားလေ ပိုပြီးကောင်းလေပါပဲ။ သေခြင်းဟာ နိမိတ်မရှိဘူးလို့ မှတ်ထင်ကြသူ တွေ...... သံသရာမှာ အကြိမ်ကြိမ်သေခဲ့ရတာ၊ မကြာခင်လည်း သေကို သေရတော့မှာကို သိထားသင့်ပါတယ်။ တကယ်တော့ သေခြင်းတရားဆိုတာ ရှုတတ်ရင် နိဗ္ဗာန်ကို ပို့ဆောင်ပေးမယ့် တရားပါ။ ဒါကို နိမိတ်မရှိလို့ မပြောပါနဲ့ဆိုသူများ သတိလေးတချက် ချပ်မိစေချင်ပါတယ်ရှင်။

သေခြင်းကို ဘယ်သူမှ ရှောင်လွှဲလို့ မရပါဘူး။ ဒီနေ့မှာလည်း စက္ကန့်ပိုင်းအတွင်း သေနိုင်ပါတယ်။ မမျှော်လင့် ဘဲ ရုတ်တရက်သေဆုံးသွားရင် ထိုသူအတွက် အခက်ပါရှင်။ သေခြင်းကို မေ့လျော့ခြင်းနဲ့ ရှောင်လွှဲလို့လည်း သေရမှာပါပဲ။ ဒီတဘ၀တင်မကဘူး နောင်ဘ၀အဆက်ဆက်လည်း သေရပါလိမ့်မယ်။ သေခြင်းကို မမေ့မလျော့ သော သတိနဲ့ နေမယ်ဆိုရင်တော့ သံသရာရဟတ်ပြတ်ဖို့ရာ အခွင့်ကောင်းတခုပါပဲရှင်။ မွေးရင်သေမယ်.. သေဖို့မွေးရတယ်... ဆိုတဲ့ "တိုက်ပွဲခေါ်သံ" ဇာတ်ကားအဆုံးသတ် ဇင်မာဦးရဲ့ ဈာပနမှာ သီဆိုကြတဲ့ သီချင်း ထဲက စာသားလေးဟာ ဒီဇာတ်ကားကို စကြည့်ချိန်ကနေစပြီး ကျမပါးစပ်ဖျားမှာ စွဲနေခဲ့တာပါ။ ဒီလိုနဲ့ သိတတ် ချိန် ပြန်စဉ်းစားမိတဲ့အခါ ကြားထဲမှာရောဆိုတဲ့ အတွေးလေးဝင်လာချိန်ကစ... တရားအားထုတ်ရမယ်ဆိုတဲ့ အတွေး သွင်းပေးခဲ့တဲ့ ကျေးဇူးရှင်ဓမ္မမိတ်ဆွေကြောင့် ကျမဟာ ဒီလမ်းပေါ်ကို ရောက်လာခဲ့ရတာပါ။ သေရမယ် ဆိုတဲ့ အသိကလေးဟာ တရားတွေ နာယူကျင့်ကြံစေဖို့ လမ်းစပါပဲ။ သေရမယ်ဆိုတာကို လက်မခံနိုင်သရွေ့ တရားကိုသိဖို့ တရားကိုတွေ့ဖို့ဝေးနေရဦးပါမယ်။

ဒီနေ့ဒီရက် သေရခြင်း အကြောင်းကိုပြောတာသည် ကျမသည်လည်း တနေ့တာရဲ့ စက္ကန့်မိနစ်တိုင်းမှာ သတိရ နေသင့်ပေမဲ့ တနေ့တာ ၂၄ နာရီရဲ့ ၇ နာရီ ၈ နာရီလောက်ပဲ သတိရဖြစ်နေတဲ့ သေခြင်းတရားဟာ ကျမရဲ့ အဖိုးကို ခေါ်ဆောင်သွားပြီဆိုတဲ့ သတင်းကို ကြားလိုက်ရလို့ပဲ ဖြစ်ပါတယ်။ စနေနေ့ ၁၁နာရီမှာ ဆုံးပါးသွားခဲ့ပြီး အကျယ်အကျယ်မလုပ်နဲ့.. သေတာနဲ့ သဂြိုလ်...ဆိုတဲ့ အဖိုးရဲ့စကားအရ တနင်္ဂနွေနေ့မှာ သဂြိုလ်ခဲ့တာကို ဒီ တနင်္လာနေ့ ညနေမှာ ကျမသိခဲ့ရပါတယ်။

၎နှစ်အရွယ်ကနေ ၁၃နှစ်အရွယ်အထိ အမေအနားမှာ မရှိတဲ့အချိန်၊ အဖေ အလုပ်ကိစ္စနဲ့ ခရီးထွက်ရချိန်တွေမှာ စားချိန်တန်စား၊စာကြည့်တန်ကြည့်၊ဘုရားရှိခိုးချိန်တန်ရှိခိုး၊ အိပ်ချိန် တန်အိပ်ဖို့ အမြဲတမ်း အစီအစဉ်တကျ သတိပေးလုပ်ဆောင်ပေးခဲ့တဲ့ အဖိုးဖြစ်တာကြောင့် ကျမ မျက်ဝန်းမှာ တချက်ကလေးမျက်ရည်ဥတွေ ဝေ့၀ဲခဲ့ပါတယ်။ ဒါပေမဲ့ ဘဘ တရားရှိခဲ့မှာပါဆိုတဲ့ အသိဝင်လာပြီး ကျမအဒေါ်ကို မေးလိုက်တဲ့အချိန်မှာ ---- ကျောက်ကပ်ကြောင့် တကိုယ်လုံးဖောယောင်လာတဲ့တိုင် လူနာလာမေးသူတွေနဲ့ ငိုနေကြတဲ့သားသမီးတွေ ကိုတောင် တရားပြန်ဟောခဲ့ပြီး တချက်ကလေးတောင် အသက်ငင်မသွားဘဲ ငြိမ်ကျသွားပြီး အသက်ဆုံးပါး သွားပါတယ်ဆိုတဲ့ စကားကို ကြားလိုက်တဲ့အခါမှာ ကျမ၀မ်းသာသွားခဲ့ပါတယ်။ ၇၈နှစ်ဆိုတာ လူ့သက်တမ်းစေ့ ခဲ့ပါပြီ။ သတိလေးမပျက်ဘဲ ဝေဒနာတွေကို ကျော်လွှားကာ ရုပ်နာမ်နှစ်ပါးချုပ်ငြိမ်းသွားခဲ့ပါပြီ။ မြေးတယောက် အနေနဲ့ ဒါကိုတောင်မှ ၀မ်းမသာရင် ဘယ်လိုကိစ္စမျိုးအတွက် ၀မ်းသာရပါမလဲ။ တနေ့အားလုံးသေကြရမှာကို သိပေမဲ့ သေခြင်းကောင်းနဲ့သေခဲ့တော့ ကျမမှာ ၀မ်းသာခဲ့ရပါတယ်။ ကိုယ်တိုင်ရော ဒီလိုမျိုး သေနိုင်ပြီလားလို့ မေးခွန်းတွေမေးရပါတယ်။ တကယ်တော့ တကယ်တမ်း သေခြင်းနဲ့ ရင်ဆိုင်တဲ့အခါ ခံနိုင်ဖို့ နေ့တိုင်းကို သေနေ့အဖြစ် နှလုံးသွင်းကြည့်ရမှာပဲလို့ ကျမအတွေးလေးဝင်လာမိရင်း သေဆုံးချိန်မှာ သတိလေးဝင်နိုင်ဖို့ ဘယ်လောက်အရေးကြီးကြောင်းနဲ့ သတိရှိတဲ့သေခြင်းသည် ဘယ်လောက်မြတ်ကြောင်းကို ကျမ သိရှိခဲ့ရ ပါတယ်။

အမြဲတမ်းသေရမယ်ဆိုတဲ့ သတိလေးကပ်ထားလေ... သေရမယ့်အချိန်မှာ သတိရှိလေလေပါပဲရှင်။ ဒါကြောင့် အားလုံးပဲ သေဆုံးခါနီး သတိရှိစေဖို့ အချိန်တိုင်းမှာ သေရမယ်ဆိုတဲ့ သတိလေးရှိစေချင်ပါတယ်။


မေတ္တာဖြင့်
ထိပ်ထား

(၂၆၊ ၆၊ ၂၀၁၀ တွင် ဆုံးပါးသွားခဲ့သော အသက် (၇၈) နှစ်ရှိ အဖိုးဦးတင်သိန်း(ဘဘ) ၏ ကျေးဇူးများကို ရည်ရွယ်ဦးညွှတ်၍ ရေးသားအပ်ပါသည်။)



1 comment:

သုခုမလေဒီ said...

ဟုတ်ပါတယ် သေခြင်းတရားကို နှလုံးသွင်းနိုင်ဖို့ကို အခုကတည်းက ကြိုးစားရပါမယ်။ အသိပေးတဲ့အတွက် ကျေးဇူးပါ။ အဖိုးလိုဖြစ်နိုင်ဖို့က အများကြီးလိုပါသေး တယ်။