စိတ်ရော ကိုယ်ပါ ကျန်းမာချမ်းသာ၍ ဘေးဘယာကင်းကွာ မေတ္တာတရားဖြင့် အေးချမ်းစွာ နေနိုင်ကြပါစေ....



Tuesday, December 8, 2009

မေတ္တာနဲ့ သာ

ကမ္ဘာလောကကြီးရဲ့ အဓိက အကျဆုံး မရှိမဖြစ် လိုအပ်တဲ့ အရာတခုကို ပြရမယ်ဆိုရင် "မေတ္တာတရား" ကိုပဲ ပြရပါလိမ့်မယ်။ မေတ္တာတရားသာ မရှိဘူးဆိုရင် ကျမတို့  လောကကြီးမှာ စစ်ပွဲတွေ၊ အမုန်းတွေ၊ အာဃာတ တွေနဲ့  ပြည့်နှက်သွားမှာပါ။ ကျမတို့ အားလုံးရဲ့ ရင်ထဲမှာ မေတ္တာတရားလေးတွေ ကိုယ်စီ ကိန်းအောင်း နေ ကြပါတယ်။ ကျမ တို့ လို လူသားတွေ မပြောနဲ့ ။ ခွေးလေး ကြောင်လေးတွေတောင်မှ သူတို့ သားသမီးတွေ အပေါ်မှာ မေတ္တာ ထား တတ်ကြတယ် မဟုတ်ပါလားရှင်။ ဒီနေရာမှာ ချစ်တာနဲ့  မေတ္တာကို တူညီတယ်လို့  ထင် ကြတယ်။ ချစ်တာဟာ မေတ္တာဖြစ်နိုင်ပေမဲ့ ကျမတို့ တွေ ပြောပြောနေတဲ့ ချစ်တယ် ဆိုတာကတော့ မေတ္တာ မဟုတ်ပါဘူး။ ကျမတို့  ပြောပြော နေကြတဲ့ အချစ်ဟာ တဏှာ ရမ္မက်သက်သက်သာလို့  ပြောရင် ကျမ မမှားဘူး လို့ ယုံကြည်ပါတယ်။ လူတယောက်ကို ချစ်တယ်လို့ ပြောလိုက်တဲ့နောက်မှာ အဲဒီ့လူကို လိုချင်တာတွေ၊ ပိုင်ဆိုင် ချင်တာတွေ ပါလာတယ်။ မိတ်ဆွေ အပေါင်းအသင်းတွေကို ချစ်တယ်ဆိုတာတောင် သူတို့ ရဲ့ ဂရုစိုက်မှုကို ခံချင်ကြတယ်။ ပြီးတဲ့နောက် ကိုယ့်အပေါ် မကောင်း၊ ကိုယ့်ကို ဂရုမစိုက်တော့တဲ့ အခါကျရင် မုန်းသွားတယ်ဆို ပြီး ဖြစ်ပါရောလား။ မုန်းတတ်တယ်ဆိုရင်တော့ မေတ္တာမထားတတ်သေးတာလို့ ပဲ ပြောရပါတော့မယ်။
မေတ္တာစစ်ဟာ ဘယ်သောအခါမှ မပျက်သုဉ်းပါဘူး။ မေတ္တာပျက်ချင်တယ်ဆိုရင် ကျမတို့ ရဲ့ မေတ္တာဟာ မစစ်မှန်သေးပါဘူး။ မစစ်မှန်တဲ့ မေတ္တာနဲ့ စစ်မှန်တဲ့ မေတ္တာဘာကွာပါသလဲ။ တခုတည်းပါပဲ။ စစ်မှန်တဲ့ မေတ္တာ ဟာ အတ္တမပါ၊ ချူပ်ချယ်မှုကင်းပြီး မစစ်မှန်တဲ့ မေတ္တာဟာ အတ္တတွေ လွှမ်းခြုံထားတာပါ။ တနည်းဆိုရရင် စစ်မှန် တဲ့မေတ္တာဟာ တဖက်လူက ကိုယ့်အပေါ်မှာ ဘယ်လိုသဘောထားပါစေ.. ကိုယ့်ဘက်က မေတ္တာထားနိုင်တဲ့ သဘော၊ မပြောင်းလဲတဲ့ သဘောပါ။ မစစ်မှန်တဲ့ မေတ္တာကတော့ သူကတောင် ဒီလို လုပ်သေးတာ ငါက ဘာလို့  မလုပ်နိုင်ရမှာလဲ.. သူမကောင်းရင် ကိုယ်ကောင်းနေစရာ မလိုဘူးဆိုတဲ့ သဘောလေးပါပဲ။ မစစ်မှန်တဲ့ မေတ္တာနဲ့  စစ်မှန်တဲ့ မေတ္တာဟာ ကျမတို့ ကို ဘယ်လို အကျိုးသက်ရောက်မှုတွေ ပေးသလဲ။
ကျမတို့ လှုပ်ရှားရုန်းကန်သွားလာနေရတဲ့ လောကကြီးမှာ ပုံစံမျိုးစုံသော လူသားတွေနဲ့ ဆုံတွေ့ ကြရတယ်၊ စိတ်ဓါတ်ပေါင်းစုံ၊ ပြုမူမှုပေါင်းစုံနဲ့ ကြုံကြရတယ်။ ကိုယ်ကောင်းပေမဲ့ ကိုယ့်အပေါ်မကောင်းသူတွေနဲ့ ကြုံကြရ တယ်။ ကိုယ့်ဘက်က ဘယ်လို စိတ်ရင်းပဲ ထားပါစေ.. ကိုယ့်အပေါ် မလိုသူတွေနဲ့ ကြုံကြရတယ်။ ဒီအရာတွေ အားလုံးကို မတုန်မလှုပ်ရင်ဆိုင်နိုင်တာ မေတ္တာပါ။ ခွင့်လွှတ်သည်းခံတယ်ဆိုတဲ့ နေရာမှာ ပြဿနာ မဖြစ်ချင်လို့  သည်းခံလိုက်တာဟာ ရင်ထဲမှာ အစိုင်အခဲ ဖြစ်နိုင်ပါတယ်။ ရင်တွင်းမှာ မေတ္တာတရားကိန်းအောင်းနေလို့  ခွင့်လွှတ်နိုင်တာကမှ အနှစ်သာရ ပြည့်ဝစွာနဲ့ အနိုင်ရလိုက်ခြင်းပါ။ သူမကောင်းလို့ ကိုယ်လိုက်မကောင်း သူဆဲလို့  ကိုယ်ဆဲ သူရန်တွေ့ လို့ ကိုယ်ရန်တွေ့ မယ်ဆို၇င် ကျမတို့ လှလှပပကြီး ရှုံးနိမ့်တာပါပဲ။ ကိုယ့်ရဲ့ ဂုဏ် သိက္ခာနဲ့ ပညာကို ဆုံးရှုံးလိုက်ရသလိုပါပဲ။ ပညာဆိုရာမှာ ဥာဏ်ပညာကို ဆိုလိုတာပါ။ မေတ္တာထားပြီး နေမယ်ဆို ရင်တော့ အနှိုင်းမဲ့တဲ့ စိတ်ဧ။် ချမ်းသာခြင်းနဲ့ ပြည့်စုံနေမှာပါ။ ဒီတော့ ကျမတို့ ရဲ့ ဂုဏ်သိက္ခာနဲ့  ပညာကို အဆုံးရှုံး ခံမလား။ စိတ်ချမ်းသာစွာ နေကြမှာလား...... ဘာလုပ်ကြမလဲ။
ကျမတို့ ဟာ ကိုယ့်သွေးကိုယ့်သား ကိုယ့်ဆွေမျိုးမှ ချစ်စရာလို့ ထင်ကြမှာလား.. တကယ်တော့ ကျမတို့ ရဲ့ မြတ်စွာဘုရားရှင် ဟောကြားခဲ့သလိုပဲ.. ကျမတို့ ဟာ အတိတ်ဘ၀ရဲ့ တနေရာရာမှာ ဆွေမျိုးတွေ ဖြစ်ဖူးခဲ့ကြ တယ်။ ဆွေမျိုးမတော်ခဲ့သူ မရှိဘူးရယ်တဲ့... ဒါဆို ကျမတို့ အားလုံးဟာ ဆွေမျိုးတွေပါနော်.. သတ္တ၀ါတွေ အားလုံး အပေါ်မှာ မိခင်ပမာ မေတ္တာစိတ်ထားရှိမယ်ဆိုရင် ကမ္ဘာလောကကြီးဟာ မေတ္တာဓါတ်တွေ လွှမ်းခြုံသွား တော့မှာပါ။ လောဘ၊ဒေါသ၊မောဟ အားတွေ ကြီးပြီး ကပ်တွေ အမျိုးမျိုး ဆိုက်ကပ်နေတဲ့ ကမ္ဘာလောကကြီးကို ကျမတို့  မေတ္တာဓါတ်နဲ့  လွှမ်းခြုံလိုက်ရအောင်လား... အပြုံးတုတွေနဲ့  ဟန်ဆောင် ပြုံးပြနေမယ့်အစား နှလုံးသား ထဲမှာ မေတ္တာစိတ်လေးတွေ မွေးကြရအောင်လား... ပြောတာလွယ်တယ်.. လက်တွေ့ ခက်တယ်လို့  မထင်ပါနဲ့  နော်.. ဘယ်သူ့ ကိုမှ အမုန်းမပွားဘဲ ငါ့သားသမီးသာဆိုရင် .. ဆိုတဲ့ စိတ်ကလေးနဲ့ ဆက်ဆံလိုက်မယ်ဆိုရင်လေ.. လောကကြီးဟာ မေတ္တာတရားရဲ့ အစွမ်းနဲ့  တကယ့်ကို လှပ လာမှာပါ။ မေတ္တာစစ်ကို မွေးမြူလိုက်ကြပြီဆိုရင် အရာအားလုံးဟာ ကြည်နူးချမ်းမြေ့စရာတွေရယ်ပါ.. မှန်ပါတယ်.. ကျမလည်း အပြည့်အ၀ မေတ္တာ မထားနိုင်သေး ပါဘူး.. သို့ ပေမဲ့. ကျမတို့  စိတ်လေးတွေကို ဖြေးဖြေးချင်းပြုပြင်ကြတာပေါ့.... အစဉ်သတိလေး ကပ်နေပြီးတော့ နေမယ်ဆိုရင် ကျမတို့ စိတ်အစဉ်မှာ မေတ္တာစိတ်လေးတွေ ဖြစ်တည်ကြတော့မှာ အသေအချာပါ.... မေတ္တာလို့  ထင်နေတဲ့ အတုအယောင် တဏှာရမ္မက်တွေကို ချန်ထားရစ်ခဲ့ပြီး စစ်မှန်သော မေတ္တာတရားနဲ့  ချစ်လိုက်ကြ ရအောင်လား.... ဟုတ်ပါတယ်.. ဒီလိုသာဆို ကျမတို့ ကမ္ဘာလောကကြီးဟာ သာယာအေးချမ်းသွားမှာပါ..


ထိပ်ထား

1 comment:

မောင်ကြီး said...

မေတ္တာအစွမ်း ကမ္ဘာလွှမ်း အေးချမ်းကြပါစေ ...
ဆက်ရေးနော်၊ အားပေးနေပါတယ်။