စိတ်ရော ကိုယ်ပါ ကျန်းမာချမ်းသာ၍ ဘေးဘယာကင်းကွာ မေတ္တာတရားဖြင့် အေးချမ်းစွာ နေနိုင်ကြပါစေ....



Tuesday, December 22, 2009

မွန်မြတ်သော စိတ်ထား

ထေရ၀ါဒ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတိုင်းရဲ့ စိတ်ထားဟာ မွန်မြတ်ကြတယ်လို့  ကျမငယ်စဉ် က သိရှိခဲ့ ဖူးတယ်.. အမြဲတမ်းပဲ ဗုဒ္ဓဘာသာတွေ ဖြစ်ပြီး ရိုင်းလိုက်တာလို့  ပတ်ဝန်းကျင်မှာ ပြောသံလေးတွေ ကြားဖူး တယ်.. တကယ်ပဲ ဗုဒ္ဓဘာသာဝင်တိုင်းဟာ ယဉ်ကျေးကြသလား ကျမ အဲဒီ့အချိန်တည်းက အပြန်ပြန် အလှန်လှန် ထပ်ခါ ထပ်ခါ စဉ်းစားဖူးတယ်.. အဲလို ဗုဒ္ဓဘာသာတွေ ဖြစ်ပြီး ရိုင်းလိုက်တာလို့  ပြောလိုက်တော့ အခြား ဘာသာ ၀င်တွေက ဘာဖြစ်သွားမလဲ… တကယ်တော့ ဗုဒ္ဓဘာသာဝင်ပဲ ဖြစ်ဖြစ် အခြားဘာသာဝင်ပဲ ဖြစ်ဖြစ် နှလုံးသားမှာ မွန်မြတ်တဲ့ စိတ်ထားလေးရှိမှသာ ယဉ်ကျေးတဲ့ လူသားတဦးဖြစ်မှာပါ….။

ကျမတို့ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ ကတော့ အထူးတလည်ကို စောင့်ထိန်းသင့်ပါတယ်..ကျမအခုကျမတို့  ဗုဒ္ဓဘာသာဝင်တွေ အထူးစောင့်ထိန်းသင့်တယ်လို့ ပြောနေကြတဲ့ တချိန်တည်းမှာပဲ အခြားဘာသာဝင် တွေဟာ လည်း ငါတို့ ဘာသာဝင်တွေဟာ ယဉ်ကျေးသူတွေ ဖြစ်ကိုဖြစ်ရမယ်လို့ မပြောနေဘူးလို့  ကျမတို့ မသိ နိုင်ပါ ဘူး။

ကျမတို့ ကမ္ဘာကြီးဟာ တိုးတတ်လာတာနဲ့ အမျှ ကျမတို့  မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင်တွေဟာ လည်း ခေတ်မီ တယ်ဆိုတဲ့ စကားလုံးလေးနဲ့ အတူ ယဉ်ကျေးမှု ပျက်သုဉ်းမှုဆီ ဦးတည်လာပါတော့တယ်.. ယဉ်ကျေးမှု နဲ့  တဆက်တည်းမှာပဲ ဖြူစင်တဲ့ မြန်မာလူမျိုး ဗုဒ္ဓဘာသာနွယ်ဝင်တို့ ရဲ့ စိတ်ထားတွေဟာလည်း အရောင်ပြောင်းမှု တွေ ဖြစ်လာပါတယ်.. မေတ္တာတွေ ပျက်လာကြတယ်.. ၀န်တိုစိတ်တွေ များလာကြတယ်.. နိုင့်ထက်စီးနင်းမှုတွေ ပေါလာတယ်….

ယဉ်ကျေးမှုပျက်သုဉ်းတာဟာ ဗုဒ္ဓသာသနာတော် ပျက်သုဉ်းဖို့ ပါပဲ.. ဘာကြောင့်လဲဆိုတော့ မြန်မာ တို့ ရဲ့ ယဉ်ကျေးမှုဟာ ဗုဒ္ဓ၀ါဒကို အခြေခံထားတဲ့အတွက်ကြောင့်ပါ.. ကျမတို့ တွေ ယဉ်ကျေးမှုပျက်သုဉ်းပြီး အမျိုး ပျောက်ကုန်တော့မှာ.. ဗုဒ္ဓသာသနာတော် ကွယ်ပြီး အမျိုးပျောက်ကုန်တော့မှာကို လက်ပိုက်ပြီး ကြည့်နေရမယ့်
အနေအထားမရောက်သေးပါဘူး.. အခွင့်အရေးတွေ အများကြီး ရှိပါသေးတယ်….။

ဒီလို ယဉ်ကျေးမှု ပျောက်ကွယ်တော့မှာကို မလိုလားရင် ဗုဒ္ဓသာသနာတော် ပျောက်ကွယ်မှာ မလိုလားရင် ပထမဆုံး လိုအပ်ချက်လေးဟာ စိတ်ထားလေးတွေ ပြုပြင်ဖို့ ပါ။ ကျမတို့ ရဲ့ စိတ်ထားတွေဟာ တကယ်ပဲ ဖြူစင်ရဲ့လား.. တစုံတခုကို လုပ်တော့မယ် ပြောတော့မယ် ပြုမူတော့မယ်ဆိုရင် တကယ်ပဲ ကောင်းစေချင်တဲ့ စိတ်ထားနဲ့ လား .. ၀န်တိုမှုသက်သက်နဲ့ လားဆိုတာကို ပိုင်းခြားဝေဖန်ရပါမယ်.. သူများရဲ့ စိတ် သူများရဲ့ လုပ်ရပ် သူများရဲ့ စကားကို ဝေဖန်တာဟာ နောက်မှာပါ….. ကိုယ့်ရဲ့စိတ်ထားကိုသာ မွန်မြတ်အောင် လုပ်ဖို့ သာ အရေး အကြီးဆုံးပါ……။

ဆရာတော်ဘုရားကြီးတွေဟာ ယဉ်ကျေးမှု အဆင့်အတန်းနိမ့်ပါးလာတဲ့ မြန်မာတမျိုးသားလုံးရဲ့ အကျိုးကို ငဲ့ပြီး ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်းတွေ ဖွင့်ပေးပါတယ်.. ငယ်စဉ်အခါ ကလေးဘ၀အရွယ် တည်းက ကလေး ငယ်တွေရဲ့ နှလုံးသားမှာ ဓမ္မစေတီ တည်ထားပေးဖို့ ပါ။ စာအုပ်တွေထိုင် ဖတ်နေရုံနဲ့  လမ်းဆုံးနေပြီး တကယ် တမ်းကျတော့ ပြောသင့်တဲ့ စကား မပြောသင့်တဲ့ စကားတောင် မခွဲခြားနိုင်တဲ့ ရိုင်းစိုင်းတဲ့သူတွေ ဖြစ်မလာစေဖို့  ပါ။

ကျမ ဒီလိုတွေ ပြောနေလို့  ကျမကိုယ်တိုင်ရဲ့ စိတ်ထားကလည်း မွန်မြတ်နေလို့ မဟုတ်ပါဘူး.. ကျမ ရေးတဲ့ စာတွေက ကျမကိုယ်ကျမ သတိပေးနေဖို့ လည်း ဖြစ်ပါတယ်.. ပြီးတော့ ကျမရေးတဲ့စာတွေကို လာဖတ်သူတွေ အနေနဲ့  နားလည်လက်ခံပြီး အသိလေးတခုလောက် ရသွားစေချင်တဲ့ ဆန္ဒလေးလည်း ပါပါတယ်.. ဒါက စကားမစပ်ပေါ့နော်… :) ဆက်ကြရအောင်….

ကျမတို့  ဗုဒ္ဓဘာသာဝင်ဆိုတဲ့ နာမည်ကို ခံယူထားသူတိုင်းဟာ ဗုဒ္ဓဘာသာရဲ့ အဆင့်အတန်းကို ကိုယ်စားပြု နေကြပါတယ်.. ကျမတို့ ပြောတဲ့ စကားတခွန်း ကျမတို့ ရေးတဲ့ စာတလုံးဟာ ကျမတို့ ကိုးကွယ်ရာ အဖြစ်ထားတဲ့ ဗုဒ္ဓသာသနာကို ကိုယ်စားပြုနေတာပါ။ သံဃာတော်တွေနဲ့ အဓိက သက်ဆိုင်ပေမဲ့ ဘာသာဝင် တဦးချင်းစီနဲ့ လည်း သက်ဆိုင်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုးကွယ်ရာဘာသာရဲ့ အဆုံးအမဟာ အဲဘာသာကို ကိုးကွယ်သူရဲ့ စိတ်ကို တည့်မတ်ပြုပြင်ပေးလို့ ပါပဲ..

ကျမတို့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးရဲ့ အဆင့်အတန်းဟာ ကျမတို့ ဘယ်လိုပြုမူတယ်။ ဘယ်လို တွေးခေါ်တယ်။ ဘယ်လို ပြောဆိုတယ် ဆိုတာနဲ့  တိုက်ရိုက် ထိစပ်နေပါတယ်။ ကျမတို့  ရဲ့ ပြုမူတွေးခေါ် ပြောဆိုမှုတွေဟာလည်း ကျမတို့ ရဲ့ ပကတိ ပင်ကိုယ်စိတ်ထားလေးကနေ လာတာပါ။ ဒါကြောင့် ကျမတို့ ရဲ့ စိတ်ဓါတ်လေးတွေ မွန်မြတ်ပါမှ ကျမတို့ ရဲ့ ဗုဒ္ဓဘာသာ အဆင့်အတန်း၊ လူမျိုးအဆင့်အတန်းကို ကျမတို့  မြှင့်တင် နိုင်မှာပါ။ နဂိုတည်းက မြင့်မား ပြီးဖြစ်တဲ့ ကျမတို့ ရဲ့ ဘာသာ ၊ လူမျိုး အဆင့်အတန်းတွေဟာ ကျမတို့  တွေကြောင့် နိမ့်ပါးသွားတယ်ဆိုတဲ့ အဖြစ် မျိုး အရောက်မခံဘဲ မြင့်မားလာရတယ်ဆိုတဲ့ အဖြစ်လေးနဲ့  ကျမတို့  တွေ မြန်မာလူမျိုးဗုဒ္ဓဘာသာဝင်တွေ ပီသ လိုက်ကြရအောင်နော်…. စိတ်ထားလေးတွေ မွန်မြတ်ဖို့ လိုလာပါပြီ ရှင်….
စိတ်ကိုလည်းပြင်ရုပ်လည်းပြင်၊ပြင်ဆင်တိုင်းရပြုတိုင်းလှ၊သုခနိဗ္ဗာန် တိုင်လိမ့်မယ် ။

ထိပ်ထား


3 comments:

winmyint said...

ကျမ ရေးတဲ့ စာတွေက ကျမကိုယ်ကျမ သတိပေးနေဖို့ လည်း ဖြစ်ပါတယ်.. ပြီးတော့ ကျမရေးတဲ့စာတွေကို လာဖတ်သူတွေ အနေနဲ့  နားလည်လက်ခံပြီး အသိလေးတခုလောက် ရသွားစေချင်တဲ့ ဆန္ဒလေးလည်း ပါပါတယ်..
------------------
ကောင်းမွန်တဲ့သတိပေးနှင့် မွန်မြတ်တဲ့ဆန္ဒကို လေးစားဂုဏ်ယူပါတယ်ညီမ..
ကျန်းမာစွာဖြင့် ကိစ္စ(မဖြစ်မနေလုပ်ဆောင်ရသောအရာ) ကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ပါစေ...

နွေဆူးလင်္ကာ said...

အနာဂတ်သိပ္ပံပညာရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မယ့် ကိုးကွယ်ရာဘာသာတစ်ခု ရှိခဲ့မယ်ဆိုရင် အဲဒါဟာ ဗုဒ္ဓဘာသာပဲ ဖြစ်လိမ့်မယ်လို့ အိုင်းစတိုင်းက ပြောဖူးပါတယ်

Unknown said...

ထိပ်ထားရေ
အားပါးတရဖတ်သွားတယ်