စိတ်ရော ကိုယ်ပါ ကျန်းမာချမ်းသာ၍ ဘေးဘယာကင်းကွာ မေတ္တာတရားဖြင့် အေးချမ်းစွာ နေနိုင်ကြပါစေ....



Tuesday, December 8, 2009

တုနှိုင်းမရသော

"ဆရာမ .. သမီးလေ တချိန်က ကျောင်းသားဘ၀ကို အရမ်းသတိရတယ်.. ခုန်ပေါက် ပြေးလွှား ဆော့ကစား ကြတယ်.. စာသင်ချိန်မှာ စာသင်ကြတယ် စာကျက်ချိန်မှာ စာကျက်ရတယ်.. သမီးတို့ ကလေးဘ၀ ကျောင်းသား အဖြစ်နဲ့  ရှိစဉ် တုန်းက ဆရာမတို့ ရဲ့မေတ္တာတရားကို တန်ဖိုးမထားသလိုများ ဖြစ်ခဲ့လေသလား.. ဟုတ်တယ် ဆရာမရယ်... ကောင်းစေချင်လို့  ဆရာမ ဆူရင်လည်း ရှေ့ တင်မှာ နားထောင်ပေမဲ့ ကွယ်ရာမှာ ဆရာမ မကောင်းကြောင်း ပြော မိတဲ့အခါတွေ ရှိတယ်... ဒါတွေကို သိရဲ့သားနဲ့ တုတ်ကို တချက်လေးတောင် မကိုင်တဲ့ ဆရာမရဲ့ နှလုံးသားကို သမီး လေးစားတန်ဖိုးထားနေမိပါပြီလေ.... "

နီလာရဲ့ တကိုယ်တည်း ငြီးတွားသံနဲ့ အတူ အတိတ်အရိပ်တို့ က တဖြေးဖြေး ပုံပေါ်လာပါတယ်...

" ဟဲ့ သမီး.. နီလာ ဘာလုပ်နေတာလဲ.. စာမေးပွဲနီးနေပြီလေ... စာတွေ အခုထိ မရသေးဘူးလား.. ဒီကလေးတွေ ပေါ့ပေါ့ဆဆနဲ့ .... ဒီလိုနဲ့ တော့ အောင်မှာ မဟုတ်ဘူး နီလာ.. စာကျက်ရမယ်.. စာဖတ်ရမယ်.. သင်တဲ့အချိန်မှာ သေသေချာချာ နားထောင်ရမယ်.. ဒါမှ သမီး စာတတ်မယ်... "

"ဟုတ်...." လို့ တခွန်းတည်းနဲ့ ပြန်ပြောရင်း ရင်ထဲမှာ အောင့်သက်သက်ဖြစ်သလို မျက်နှာကလည်း စူပုပ်သွားလို့ သူငယ်ချင်းတွေကတောင် တားယူခဲ့ရပါတယ်။

" ဟဲ့.. မူမူ. ဆရာမက တော်တော်အပေါက်ကြမ်းတယ်နော်.. ပွစိပွစိနဲ့ .. အကုန်လုံး သူ့ အရာကျနေတာပဲ.. လိုက်ပြောနေတော့တာ.. ငါတော့ လုံးဝ မကျေနပ်ဘူးဟာ.. ငါလည်း စာကျက်တာပဲ.. မရတာလည်း မဟုတ်ဘူး. ထေ့နေတဲ့ဟာကို ငါ့ကို လာပြီး ပြဿနာ ရှာတယ်.. တော်ပြီ. ဒီဆရာမနဲ့ နောက်နှစ်မဆုံရအောင် စာမေးပွဲကို ကွင်းလုံးကျွတ်အောင်အောင် ဖြေမယ်လို့ ငါ ဆုံးဖြတ်လိုက်ပြီ"

"အေး.. နင် စာမေးပွဲအောင်အောင် ဖြေမယ်ကြားလို့ ငါ ၀မ်းသာပါတယ်.. ဒါပေမဲ့ ဆရာမကို စော်ကားသလို ဖြစ်နေတာတော့ နင့်အတွက် မကောင်းဘူး.. ဆရာဆိုတာ အနန္တကျေးဇူးရှင်တပါးပဲဟာ.. အဲလိုတော့ မပြောပါနဲ့ .. ဆရာမကလည်း နင့်ကို စာမေးပွဲ ကျမှာ စိုးလို့ ပြောတာပါ... နင်သိတဲ့အတိုင်းပဲ.. ငါတို့  ဆယ်တန်းစာမေးပွဲဆို တာ တော်ရုံနဲ့ အောင်ဖို့ ဆိုတာ မလွယ်ဘူး... စိတ်ထဲ မထားပါနဲ့ ဟာ"

" နင်တို့ ကလည်း အဲဆရာမ ဘက်ကပဲ လိုက်နေ..."

သူမရင်ထဲမှာတော့ ဆရာမကို တကယ် စိတ်ဆိုးခဲ့တာပါ... ဆရာမ မသိလောက်ဘူးထင်ပြီး သူငယ်ချင်းတွေကို ပြန်ပြောခဲ့ပေမဲ့....

" ဆရာမ... ဆရာမ တပည့်နီလာကို မဆုံးမပါနဲ့ လား.. သူဟာသူ ကျချင်ကျ.. အောင်ချင်အောင်... ထားလိုက်ပေါ့. ဆရာမကွယ်ရာရောက်မှ ဆရာမ အတင်းတွေ လိုက်ပြောနေတာတော့ မကောင်းဘူး ဆရာမ..."

" သမီးရယ်.. အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန် ဆီးကာ၊ သင့်ရာ အပ်ပို့ ၊ ဆရာတို့  ကျင့်ဖို့ ဝတ်ငါးဖြာတဲ့... ဆရာတွေ ကျင့်သုံးရမယ့် ကျင့်ဝတ်အတိုင်း ဆရာမ လုပ်တာလေ သမီးရယ်... ဒီ့အတွက် သမီး နီလာက အပြစ်မြင်ရင်လည်း မြင်ပါစေ... ဆရာမ ကျေကျေနပ်နပ်ခံယူတယ်... ဆရာဟာ ဆရာအလုပ်ကို လုပ်ရမှာပေါ့"

" ဆရာမရယ်.. သမီးလေ.. အခု ဒီဘ၀ ရောက်ရတာ ဆရာမရဲ့ ကျေးဇူးတွေပါ..... အဲအချိန်တုန်းကသာ သမီး အကျင့်အတိုင်း နီးမှထလုပ်မယ်ဆိုရင် သမီး ဒီလို ပညာတတ်အမျိုးသမီး တဦးအနေနဲ့  မိသားစုရဲ့ဂုဏ်၊ ကျောင်း ရဲ့ဂုဏ်၊ လူမျိုးရဲ့ဂုဏ်၊ နိုင်ငံရဲ့ဂုဏ်ကို ဆောင်နိုင်တဲ့ နိုင်ငံခြား တက္ကသိုလ်တခုရဲ့ ပါမောက္ခဆိုတဲ့ ရာထူးကို ရတာ ပေါ့... သမီး သူငယ်ချင်း မူမူနဲ့ ပြန်တွေ့ တုန်းက ဆရာမဟာ သမီး ဆရာအပေါ် အမျက်ထားခဲ့တာကို သိသိနဲ့  အပြစ်မယူခဲ့ဘူးဆိုတာ သိရတဲ့အချိန်မှာ သမီးလေ.. မျက်ရည်တောင် ကျမိပါတယ်.... တကယ်တော့ တချိန်က သမီး သိပ်ကို မိုက်မဲခဲ့တာပါ.. ဒါပေမဲ့ သမီး ဆရာဆိုတဲ့ နေရာကို ရောက်ခဲ့တဲ့အချိန်မှာတော့ ဆရာဆိုတဲ့  ဂုဏ်နဲ့  ဆရာတယောက်ရဲ့ တပည့်တွေအပေါ်ထားရမယ့် မေတ္တာတရားကို သိလာတယ်.. ဒီအချိန်မှာတော့.. သမီး လေ.. ဟိုးအဝေးက ပျဉ်ထောင်အိမ်အိုလေးရဲ့ ပက်လက်ကုလားထိုင်လေးပေါ်မှာ ထိုင်နေပြီး မြေးမလေး စာဖတ် ပြတာကို နားစိုက်ထောင်နေမယ့် အသက် ၇၀ကျော်နေတဲ့ သမီး ဆရာမရဲ့ မျက်နှာကို မြင်ယောင်နေမိရင်း ကန်တော့လိုက်ပါတယ် ဆရာမရယ်.... "

သူမရဲ့ လက်အစုံဟာ နှဖူးနဲ့  ထိသွားပြီး သူမရဲ့ မျက်ဝန်းမှာလည်း မျက်ရည်စတွေနဲ့ ... လောကမှာ ဘာနဲ့ မှ နှိုင်း မရနိုင်တဲ့ ဆရာဆိုတဲ့ ကျေးဇူးရှင်ရဲ့ ကျေးဇူးတရားကို သူမနားလည်သွားပြီလေ... ဟုတ်ပါရဲ့.. ဆရာဆိုတာ တုနှိုင်း မရနိုင်သော ကျေးဇူးရှင်ပါပေတကား.........

(ဖြစ်ရပ်မှန်လေး တခုအား နောက်ခံထား၍ ရေးသားထားပါသည်။ စာအရေးအသား သိပ်မညက်ညောဘဲ ဖတ်ရတာ စာကြမ်းနေပါက သည်းခံကြပါရှင်.. နောက်များမှာ ပိုမိုကောင်းအောင် ကြိုးစားရေးသားသွားပါမယ်)

ထိပ်ထား

2 comments:

Anonymous said...

ဆရာတွေ ဆိုတာ တုနှိုင်းမဲ့ ဂုဏ်ကျေးဇူးရှင်တွေ ပါပဲ။ နာနာကျင်ကျင်၊ အပြစ်မြင်တိုင်း၊ ဝမ်းတွင်းမသို၊ ဟုတ်တိုင်းဆို ပြီး ဆုံးမခဲ့ကြလို့ တပြည့်တွေရဲ့ ဘဝလေးတွေ လှပလာတာပေါ့ဗျာ။

winmyint said...

တိုက်တိုက်ဆိုင်ဆိုင်ပါပဲ အမ.. ဒီနေ့ ကျွန်တော်လည်း အနန္တောအနတ္တငါးပါး၏ ဂုဏ်ကျေးဇူးတွေကို နှလုံးသွင်းပြီးတော့ စာကြောင်းလေးတစ်ကြောင်းထွက်လာပါတယ်... -- ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့၏ ကျေးဇူးကြောင့်သာလျှင် ရှင်သန်ခွင့်ရသော နေ့ရက်များ မင်္ဂလာရှိလာတာပါ... ဆိုတဲ့ အနှစ်ချုပ်လေးပါ..
အခု ဆရာ့ကျေးဇူးကို ဖတ်လိုက်ရတော့ ပိုပြီးတော့ အဓိပ္ပာယ်ရှိပြီး လေးနက်သွားပါတယ်.. ကျေးဇူးတင်ပါတယ်...
ကျန်းမာ အေးမြပါစေ..