စိတ်ရော ကိုယ်ပါ ကျန်းမာချမ်းသာ၍ ဘေးဘယာကင်းကွာ မေတ္တာတရားဖြင့် အေးချမ်းစွာ နေနိုင်ကြပါစေ....



Friday, May 28, 2010

ကိုယ်စီခပ်နှိပ်ကြပါစို့---------

အားလုံးပဲ မင်္ဂလာပါ... စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေ.......

ကြားထဲမှာ ကျမ ပို့စ်တင်နိုင်ဖို့ အချိန်လုံးဝ မရဖြစ်နေတာကြောင့်ရော၊ ကျန်းမာရေးချို့တဲ့မှု အချို့ကြောင့်ရော နောက်ဆက်သင်ခဲ့တဲ့ (၅)ရက်စာကို မရေးနိုင် မတင်နိုင်ခဲ့ပါဘူး...

အခုလည်းပဲ အချိန်များများရလားဆိုတော့ကာ မရသေးပါဘူးရှင်... ဓမ္မမိတ်ဆွေ၊ ဓမ္မမောင်နှမတွေကို ပို့စ်တင် မယ်ပြောပြီးခါမှ အကြောင်းကြောင်းတွေကြောင့် မတင်နိုင်တဲ့အတွက် ကတိပျက်သလိုခံစားလာရလို့ပါ။ အားလုံး ပဲ သည်းခံခွင့်လွှတ်ပေးကြပါရှင်.. လာမယ့် တနင်္လာနေ့ကစပြီး သေချာစွာ ပို့စ်တင်ပေးပါ့မယ်.... ဒီမှာတော့ ကျမ သင်ပေးခဲ့တဲ့ ၈ရက်တာ ကာလအပြီး ကလေးတွေရဲ့ ပြောင်းလဲမှုလေးတွေကို ပြောပြချင်ပါတယ်။

(၄) ရက်မြောက်နေ့မှာ သီလနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို အကျယ်တ၀င့်ပြောပြခဲ့ပါတယ်။ ကိုယ်တွေ့ အကြောင်းအရာတွေကို ပြောပြခဲ့ပါတယ်။ ကျမဟိုး ကလေးဘ၀တုန်းက သီလမလုံခြုံခဲ့မှုတွေနဲ့ နောက်ဆက်တွဲ ခံစားခဲ့ရတဲ့ ရောဂါဝေဒနာတွေ၊ သီလကို အတတ်နိုင်ဆုံး လုံခြုံအောင် ကြိုးပမ်းခဲ့ချိန်က စပြီး အခန့်မသင့်မှသာ ပေါ်ပေါက်လာတော့တာတွေကို ပြောပြ၊ သီလမလုံလို့ ကြောက်စရာကောင်းတာတွေကို ပြောပြခဲ့ပါတယ်။ အဲဒီ့နေ့မှာပဲ ကလေးတွေက သူတို့ အတတ်နိုင်ဆုံး စောင့်ထိန်းပါ့မယ်ဆိုတဲ့ ကတိကို အတင်းမတိုက်တွန်းရပါဘဲ ပေးခဲ့ကြပါတယ်။ နောက်ရက်တွေမှာ သူတို့ရဲ့ ကျောင်းအုပ်ဆရာမကြီးက ကလေးတွေ သီလချိုးဖောက်ရမှာ ကြောက်ရွံ့လာကြောင်း ပြန်ပြောပြလို့ ပီတိဖြစ်ခဲ့ရပါတယ်။

နောက်တခုက မနက်တိုင်း မှန်မှန် တရားထိုင်တာလေးကို ကလေးတွေ နှစ်ခြိုက်လာတာပါပဲ။ ကျမနဲ့ စာသင်ချိန် မှာတင် မဟုတ်ဘဲ သူတို့ရဲ့ဆန္ဒနဲ့ ညဘက် ဘုရားရှိခိုးပြီးချိန်တွေမှာပါ တရားထိုင်လာကြပါတယ်။ နာရီဝက်လို့ သတ်မှတ်ထားကြပေမဲ့ အချို့ကတော့ မနိုင်လို့ ၁၀ မိနစ် ၁၅ မိနစ် ထိုင်ကြပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီးလည်း ကြာကြာထိုင်နိုင်မှ တရားမဟုတ်ကြောင်းကို ကျမ ပြောပြခဲ့ပါတယ်။ တနာရီထိုင်နေပေမဲ့လည်း အဲဒါဟာ တရား မှတ်နေတာချည်းပဲ နေနိုင်ခြင်းမျိုးမဟုတ်ကြောင်းကိုလည်း ပြောပြခဲ့ပါတယ်။


နောင်ရက်များမှာတော့ မနက်ပိုင်းမဟုတ်တော့ဘဲ ညနေပိုင်း ၃နာရီခွဲကနေ ၄နာရီခွဲကို ပြောင်းလဲ သင်မှာပါ။ (ကျောင်းတွေပြန်ဖွင့်ပြီလေ)။

အားလုံးပဲ လိုအပ်တာများကို ဖြည့်စွက်ပြီး မှားယွင်းသည်များကို ပြုပြင်ပေးကြပါရှင်........

မေတ္တာဖြင့်
ထိပ်ထား

3 comments:

မောင်ကောင်း said...

ညီမရေ.. ကလေးတွေအတွက် ရင်ထဲမှာ ဘုရားတည်ပေးနိုင်ပါစေလို့ ဆုတောင်းမိပါတယ်..။
ဗုဒ္ဓရဲ့အဆုံးမတွေနဲ့ ယဉ်ကျေးကောင်းမွန်ပြီး အနာဂတ်ပန်းပွင့်လေးတွေ ပွင့်လန်းကြပါစေ..။
ကျန်းမာရေးလည်းဂရုစိုက်ပါညီမရေ..။
စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် စာပေများ ဆက်လက်ရေးသားနိုင်ပါစေ..။

what is good things said...

ကလေးတွေ အနာဂတ်လူတော် လူကောင်းများဖြစ်စေဖို့က လူကြီးတွေတာဝန်ပါပဲ။ အခုလို သင်ကြားပြသပေးတာ သိရလို့ ၀မ်းမြောက်မိပါတယ်။ ဆက်လက်ပြီး ကြိုးစား အားထုတ်နိုင်ပါစေ။

Anonymous said...

appreciated your activities.. May I know the location of that Buddhism Culture training for Children?