စိတ်ရော ကိုယ်ပါ ကျန်းမာချမ်းသာ၍ ဘေးဘယာကင်းကွာ မေတ္တာတရားဖြင့် အေးချမ်းစွာ နေနိုင်ကြပါစေ....



Saturday, May 8, 2010

ကိုယ်စီခပ်နှိပ်ကြပါစို့......... (၂)

ဒီနေ့ဟာ ဒုတိယမြောက်နေ့ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ မနက် ၉နာရီကနေ စပြီး သင်ကြားဖြစ်ပါတယ်။ ပထမပိုင်း ကလေးတွေ သင်ရမယ့် ပန်းချီသင်တန်းမှာ ပန်းချီဆရာ မလာတဲ့အတွက် အခြေခံဗုဒ္ဓဘာသာ အသိတရားလေးတွေကို သင်ကြားဖို့အချိန်ပိုမိုလို့ ရရှိခဲ့ပါတယ်။ ဒီနေ့မှာလည်း စစချင်းမှာတော့ ၅မိနစ်တာ တရားထိုင်ဖြစ်ပါတယ်။ ကလေးတွေဟာ ပထမတရက်မှာပဲ ထိုင်ခဲ့ဖူးတဲ့အတွက် သိပ်အများကြီး ရှင်းပြနေ စရာမလိုပဲကို ထိုင်ကြပါတယ်။ ၅မိနစ်ပြီးတဲ့နောက်မှာ သရဏဂုံဆောက်တည်ခိုင်းလိုက်ပါတယ်။ သရဏဂုံ ဆောက်တည်ပြီးနောက်မှာတော့ ကျမက သရဏဂုံဆိုတာ ဘာလဲ၊ဘာကြောင့်ဆောက်တည်ကြရသလဲ ဆိုတာ ကို ရှင်းပြပြီး…. ဘုရားရဲ့ ကျေးဇူး၊ တရားရဲ့ ကျေးဇူး၊ သံဃာရဲ့ ကျေးဇူးတွေကို ပေါ်လွင်ထင်ရှား သိနားလည်လာအောင် ပြောပြပေးပါတယ်။ ၁၀ မိနစ် ၁၅ မိနစ်လောက် အချိန်ကြာသွားပေမဲ့ အဓိက အနှစ်ချူပ် ပြောရရင် ဗျာဒိတ်ခံချိန်မှာ မိမိဘာသာမိမိ သံသရာက လွတ်မြောက်နိုင်ပေမဲ့ ဝေနေယျတွေကို ငဲ့ပြီး လေးသချေ င်္နဲ့ ကမ္ဘာတသိန်း ပါရမီတွေ ဖြည့်ဆည်းခဲ့ပြီး(တနည်း ပေးဆပ်မှုတွေ အများကြီး လုပ်ခဲ့ပြီး) ဝေနေယျတွေကို ကယ်တင်ဖို့ ပွင့်ထွန်းတော်မူလာတဲ့အတွက် ဘုရားရှင်ရဲ့ ကျေးဇူးကြီးမားကြောင်း၊ လိုက်နာကျင့်ကြံရင် လိုက်နာ ကျင့်ကြံသလောက် ကောင်းကျိုးတွေရတဲ့အတွက် တရားတော်ရဲ့ ကျေးဇူး ကြီးမားကြောင်း၊ မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့တဲ့ တရားတော်မြတ်တွေကို ဒီနေ့ဒီအချိန်အထိ သိရှိနိုင်အောင် ထေရ်(ရဟန်းအဆက်ဆက်) အဆက်ဆက် ထိန်းသိမ်းလက်ဆင့်ကမ်းလာတဲ့ ကျေးဇူးကြီးမားကြောင်းတွေကို ပြောပြခဲ့ပါတယ်။

ပြီးတဲ့နောက်မှာတော့
မ၊ သိ၊ ကြ၊ လတ်၊ တွေး၊ ဆ၊ အပ် နေ့မြတ်ခုနှစ်ထွေ။
သန်၊ ဖွား၊ တော၊ ပွင့်၊ စပ်၊ စု၊ သင့် ရှင်ပင့်သာကီဆွေ။
ဆိုတဲ့ လင်္ကာလေးကို ၃ကြိမ်ရွတ်ဖတ်စေပြီး တခုချင်းစီကို နေ့နဲ့တကွ ရှင်းလင်းရေးသားပေးခဲ့ပါတယ်။ ရှင်းလင်းပြီး ကလေးတွေကို တရက်တည်းမှာပဲ ခေါင်းထဲစွဲမြဲမှတ်မိသွားစေရန် ရွတ်ဖတ်စေခဲ့ပါတယ်။ ပြီးတဲ့ နောက်မှာတော့ ခုနှစ်နေ့ ဘုရားရှိခိုးထဲက ပထမအပိုဒ်ဖြစ်တဲ့ (မ-သန်) သန္ဓေယူသောနေ့ အပိုဒ်ကို ရွတ်ဖတ် စေပြီး အလွတ်ကျက်စေခဲ့ပါတယ်။

ဘုရားရှင့်ပွင်ပေါ်သည့် အကျိုးကျေးဇူး
၁) ဘုရားရှင်တော် မပွင့်ပေါ်လျှင်
လူတော်အများ စိတ်ကောင်းထားလည်း
ဤကားကုသိုလ် အကုသိုလ်နှင့်
ထိုထိုဘုံဘ၀၊ မသိကြ၊ များလှအပြစ်တွေ။
၂) ဘုရားရှင်တော် ပွင့်ထွန်းပေါ်၍
ဟောဖော်ညွှန်ကြား မြတ်တရားကြောင့်
ဤကားကုသိုလ်၊ အကုသိုလ်နှင့်
ထိုထိုဘုံဘ၀ သိကြရ၊ များလှ ကျေးဇူးတွေ။
(မဟာဂန္ဓာရုံ ဆရာတော် အရှင်ဇနကာ ဘိဝံသ)

ပြီးတဲ့နောက်မှာတော့ ဒါန၊ သီလ၊ ဘာဝနာ အကြောင်းလေးကို ပြန်သွားပြီး.. ကွန်မန့်မှာ မထက် ပေးခဲ့တဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ရေးသားကူးယူ မှတ်သားစေခဲ့ပါတယ်။

ဒါနဆိုတာ - ကိုယ်ကျိုးစွန့်ပြီး အများအကျိုးအတွက် လိုအပ်သောနေရာများမှာ စေတနာထက်သန်စွာဖြင့် လုပ်အားဒါန၊ ငွေအားဒါန၊ ပစ္စည်းဒါန၊ ဝန်ဆောင်မှုဒါနများ ပေးလှူခြင်းကို ခေါ်တာပါ။

သီလဆိုတာ - ကောင်းမွန်သော သူတပါးမထိခိုက်စေသော မနောကံ စိတ်စေတနာကို အခြေခံပြီး ကာယကံနှင့်ဝစီကံကို ထိန်းသိမ်းစောင့်ရှောက်ခြင်းကို ခေါ်တာပါ။

ဘာဝနာဆိုတာ - စိတ်၏ တည်ကြည်ခြင်းနှင့် သန့်စင်ခြင်းကို အမြဲတမ်းပြုလုပ်ခြင်းနှင့် မြတ်ဘုရား၏ အဆုံးအမကို တသွေမတိမ်းလိုက်နာဆောင်ရွက်ခြင်းကို ခေါ်တာပါ။

ပြီးတဲ့နောက်မှာတော့ ဒီနေ့အတွက် ၃၈ဖြာမင်္ဂလာတရားတော်လာ မင်္ဂလာတပါးဖြစ်တဲ့
ပဏ္ဍိတာ နဉ္ဇ သေ၀နာ၊
ဧတံ မင်္ဂလ မုတ္တမံ။
ပညာရှိကို ဆည်းကပ်ခြင်းသည် မြတ်သော မင်္ဂလာမည်၏။ အကြောင်းကို ပြောပြခဲ့ပါတယ်။

ခေါင်းဆောင်နှစ်ဦး
လက်သမား တစ်ထောင်နေတဲ့ လက်သမားတို့ရွာကြီး တစ်ရွာရှိခဲ့တယ်။ အဲဒီ့ရွာမှာ ရှိတဲ့ လူတွေဟာ နေလာ ရင်းနဲ့ ကြွေးတွေများပြီး ဆင်းရဲမွဲတေကုန်ကြလို့ တနေ့မှာတော့ ပင်လယ်သမုဒ္ဒရာထဲ ရွက်လွှင့်ပြီး နေရာသစ် ရှာမယ်ဆိုပြီး လုပ်ကြတာပေါ့။ သူတို့ရဲ့ မိသားစုတွေကိုပါ ခေါ်တင်နိုင်တဲ့ လှေကြီးကို ဆောက်ပြီး ရွက်လွှင့်ရင်း နဲ့ သာယာလှတဲ့ ကျွန်းတကျွန်းကိုတွေ့တယ်။ ကျွန်းကို သူတို့ရောက်တဲ့အခါမှာ ကျွန်းပေါ်မှာ နေထိုင်နေတဲ့ လူသားတဦးရှိတယ်။ အဲဒီ့လူသားက ပြောတယ်။ မိတ်ဆွေတို့.. ကျွန်းပေါ်မှာ နေလို့တော့ ရတယ်။ ကျွန်းကြီး ဟာ သိပ်သာယာပြီး သစ်သီးဝလံတွေနဲ့ ပေါပါတယ်.. ဒါပေမဲ့ သင်တို့ ကျွန်းပေါ်မှာ ကျင်ကြီးကျင်ငယ်သွားတဲ့ အခါမှာ ပြီးသွားရင် သဲနဲ့ပဲဖြစ်ဖြစ် ဖုံးခဲ့ပါ။ ကျွန်းပေါ်မှာရှိတဲ့ တန်ခိုးကြီးတဲ့ နတ်တွေက မကြိုက်တဲ့အတွက် သတိထားနေဖို့ပြောတယ်။

အဲဒီ့မှာ အဖွဲ့နှစ်ဖွဲ့ရှိပါတယ်။ တဖွဲ့ဆီမှာ ၅ရာစီ ရှိပြီး ခေါင်းဆောင်တယောက်စီရှိကြတယ်။ လက်သမားတွေ ဟာ ကြံကို သေရည်အဖြစ်လုပ်ပြီး သောက်ကြတယ်။ မူးရူးပျော်ပါးပြီး ကျင်ကြီးကျင်ငယ်ကို ဒီတိုင်းစွန့်ကြတယ်။ အဲဒီ့အခါမှာ နတ်တွေက စိတ်ဆိုးပြီး နောက် ၁၅ရက်နေရင် ကျွန်းကို ပင်လယ်ရေတတ်စေပြီး ဆေးပစ်ဖို့ လုပ်ကြတယ်။ စိတ်သဘောထားကောင်းတဲ့ နတ်သားတပါးက လက်သမားတွေကို လာသတိပေးပါတယ်။ နောက်ထပ် စိတ်ထားမကောင်းတဲ့ နတ်သားကလည်း ထပ်လာပြီး ပထမနတ်သားက မိတ်ဆွေတို့ကို ဒီကျွန်းမှာ မနေစေချင်လို့ စိတ်ယုတ်မာနဲ့ပြောကြောင်း၊ မိတ်ဆွေတို့ ကျွန်းပေါ်မှာ ပျော်ပျော်ပါးပါး ဆက်နေနိုင်ကြောင်း လာပြောတဲ့အခါ ခေါင်းဆောင်တဦးကတော့ သူ့နောက်လိုက်တွေကို သဘောင်္တစီး ဆောက်လုပ်ထားဖို့ ပြောပေမဲ့ အခြားခေါင်းဆောင်ကတော့ မလိုပါဘူး…ဆိုပြီး နေသတဲ့။ တကယ်တမ်း ၁၅ ရက်ပြည့်လို့ ရေကြီး လာတဲ့အခါ သဘောင်္ပြင်ဆင်ထားတဲ့ ခေါင်းဆောင်က သူ့နောက်လိုက်တွေကို သဘောင်္ပေါ်တတ်စေပြီး အခြားအဖွဲ့ကိုပါ ခေါ်ပေမဲ့လည်း အခြားအဖွဲ့ဟာ ရေဟာ ကျွန်းဆေးဖို့လောက်ပဲ တတ်မှာပါဆိုပြီး ပေနေရာက ရေဟာ ဒူးခေါင်းကနေ ပေါင်၊ ပေါင်ကနေ ခါး၊ ခါးကလည်း ရင်ဆို့၊ ရင်ဆို့ကနေ လည်ပင်း၊ လည်ပင်းကနေ ခေါင်းအထိပါ မြုပ်သွားပါတော့တယ်။ ခေါင်းဆောင်ကောင်းရဲ့ စကားကို နာခံတဲ့ နောက်လိုက်တွေဟာ အသက်ဘေးက ချမ်းသာရာရပြီး ခေါင်းဆောင်ဆိုးရဲ့ စကားကို နာခံတဲ့နောက်လိုက်တွေဟာတော့ အသက်သေဆုံးရပါတယ်။

ပြီးတဲ့နောက်မှာ ကလေးများကို သူတို့၏ ထင်မြင်ချက်ကလေးများကို ပြောဆိုဆွေးနွေးစေပြီး ဆုံးမစာ သံပေါက်ကဗျာများကို ရွတ်ဆိုစေကာ ဒုတိယမြောက်နေ့ကို အဆုံးသတ်ခဲ့ပါတယ်ရှင်။

(လိုအပ်သည်များဖြည့်စွက်ခြင်း၊ အကြံပြုခြင်း၊ ပြုပြင်ပေးခြင်းများ ပြုကြပါရန် ဓမ္မမိတ်ဆွေ၊ မောင်နှမ များအား မေတ္တာရပ်ခံပါတယ်ရှင်။)

မေတ္တာဖြင့်
ထိပ်ထား

No comments: