စိတ်ရော ကိုယ်ပါ ကျန်းမာချမ်းသာ၍ ဘေးဘယာကင်းကွာ မေတ္တာတရားဖြင့် အေးချမ်းစွာ နေနိုင်ကြပါစေ....



Sunday, May 16, 2010

ကိုယ်စီခပ်နှိပ်ကြပါစို့............ (၃)

သောကြာနေ့ (၁၄-၀၅-၂၀၁၀) မှာ သင်ကြားခဲ့သည်များကို ရေးသားမှာ ဖြစ်ပါတယ်ရှင်.. ဒီနေ့မှာတော့ ပထမ စီစဉ်ထားတာတွေက များတယ်.. ဒါပေမဲ့ ကလေးတွေက မေးခွန်းတွေ အများကြီးပြန်မေးတော့ အချိန်က မလောက်မငဖြစ်သွားပါတယ်… ပထမဆုံး ကျမ ကလေးတွေကို သင်ပေးမယ်ဆိုပြီး စဉ်းစားဆုံးဖြတ်လိုက်တဲ့ အကြောင်းအရာလေးတွေကို ဖော်ပြပေးချင်ပါတယ်။

ဒါနခန်း၊သီလခန်း၊ဘာဝနာခန်း၊ ဗုဒ္ဓ၀င်၊ ခုနှစ်နေ့ဘုရားရှိခိုး၊ သရဏဂုံဆောက်တည်ခြင်းနှင့် အကျိုး၊ ကုသိုလ်၊ အကုသိုလ်၊ အပယ်လေးဘုံ၊ မင်္ဂလာတရား၊ ဂုဏ်တော်နှင့် ကျေးဇူး၊ ခင်ပွန်းကြီး (၁၀)ပါး၊ ၂၄ ပစ္စည်း၊ သမ္ဗုဒ္ဓေ၊ ဦးချ ကန်တော့နည်း၊ အဘိဓမ္မာအကျဉ်းချူပ်( အချိန်ရလျှင်)

၁၄ - ၀၅ - ၂၀၁၀ မှာတော့

ဒါနခန်းတွင် - ဒါနပြုရာတွင် လောဘနှင့် မစ္ဆရိယကို ပယ်ဖြတ်ခြင်းဖြစ်ကြောင်း၊ လောဘသည် မည်သည့်အခါ မှ ရောင့်ရဲမှုမရှိဘဲ လိုချင်တပ်မက်မှုကို ခေါ်ပြီး မလှူနိုင်မတန်းနိုင်အောင် နှမြောတွန့်တိုကပ်စေးနဲခြင်းကို မစ္ဆရိယ လို့ခေါ်ကြောင်း ပြောပြခဲ့ပါသည်။ လောဘနဲ့ မစ္ဆရိယဟာ အပါယ်ကျစေပါတယ်။ အပါယ်မကျသေးတာမှ ယခု ဘ၀ နောက်ဘ၀များမှာ ဆင်းရဲနွမ်းပါးစေပါတယ်။ ထိုလောဘနှင့် မစ္ဆရိယတို့ကို အနိုင်ယူပြီး ပေးကမ်းလှူဒါန်း ခြင်းသည် အများအကျိုးကို သယ်ပိုးခြင်းဖြစ်၍ ကုသိုလ်ကောင်းမှုဖြစ်ပါတယ်။ ဒါနကောင်းမှုသည် မျက်မှောက်၊ တမလွန် ချမ်းသာပြီး နိဗ္ဗာန်ရောက်သည်အထိ ကောင်းကျိုးပြုပါတယ်။ ချမ်းသာသမျှသည် ဒါန၏ အကျိုးတရား ဖြစ်ပါသည်။ စတဲ့ အကြောင်းအရာပေါ်မှာ အခြေခံထားပြီး ကျမ ပြောပြခဲ့ပါတယ်။ ပြီးတဲ့နောက်မှာတော့ ဆွမ်းကပ်လှူကျိုး၊ ရေလှူကျိုး၊ ပန်းလှူကျိုး၊ မီးလှူကျိုး၊ တံမြက်လှည်းခြင်းအကျိုး တို့ကို လင်္ကာလေးတွေနဲ့ သင်ပြကျက်မှတ်စေခဲ့ပါတယ်။

ပြီးတဲ့နောက်မှာ ဗုဒ္ဓ၀င် အကြောင်းပြောပြခဲ့ပါတယ်။

ကလေးတွေရဲ့ မေးခွန်းတွေက တအားများလွန်းတဲ့အတွက် ကျမသေသေချာချာ မှတ်သား မထားပါဘူး။ ဘုရား ဆိုတာ တပါးတည်းလို့ ပြောကြတယ်ဆိုတဲ့ မေးခွန်းကို ကျမအနေနဲ့ ဖြေခဲ့တာကတော့ ပွင့်တော်မူပြီးတဲ့ ဘုရား ပေါင်းများစွာ ရှိကြောင်းကို ပြောပြခဲ့ပါတယ်။ ဒါပေမဲ့ လက်ရှိကျမတို့ဟာ ဂေါတမ မြတ်စွာဘုရားရှင် သာသနာ တော် တွင်းမှာ ဖြစ်ကြောင်းကို ပြောပြခဲ့ပါတယ်။ ပြီးတော့ ဒီမေးခွန်းနဲ့ ဆက်စပ်နေတာက တပါးတည်းဆိုတဲ့ အတွက် မြတ်စွာဘုရားရှင်ကို ဖန်ဆင်းရှင်ဘုရားအဖြစ် ထင်သွားမှာ စိုးတဲ့အတွက် ထိပါးတိုက်ခိုက်လိုတဲ့ သဘောမပါဘဲ အခြားဘာသာတို့ရဲ့ အန္တိမ ပန်းတိုင်နဲ့ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အန္တိမ ပန်းတိုင်ကို ခွဲခြားပြောပြခဲ့ ပါတယ်။ ဘုရားတိုင်းဟာလည်း လူသားအဖြစ်ကနေ ပါရမီမြောက်များစွာဖြည့်ပြီး ဇွဲလုံ့လ၀ီရိယတို့နဲ့ အားထုတ်ခဲ့ပြီး တကယ်ရှိနေတဲ့ တရားတွေကို ဆရာမရှိဘဲ တွေ့မြင်ခဲ့တယ်ဆိုတဲ့အကြောင်းကို ပြောပြခဲ့ပါတယ်။ ဒီမေးခွန်းအတွက် ဖြည့်စွက်အကြံပေးချင်တာများ ရှိမယ်ဆိုရင် ကွန်မန့်ထားခဲ့ပါရှင်။

နောက်ဆုံးအဆုံးသတ်အနေနဲ့ ဒါနအကျိုးပြ အဖြစ် အနုရုဒ္ဓ မင်းသားရဲ့ မရှိမုန့် ပုံပြင်ကို ပြောပြပြီး ယဉ်ကျေးလိမ္မာ သံပေါက် ကဗျာနဲ့ အဆုံးသတ်ခဲ့ပါတယ်။

မေတ္တာဖြင့်
ထိပ်ထား

No comments: