စိတ်ရော ကိုယ်ပါ ကျန်းမာချမ်းသာ၍ ဘေးဘယာကင်းကွာ မေတ္တာတရားဖြင့် အေးချမ်းစွာ နေနိုင်ကြပါစေ....



Saturday, April 24, 2010

ခေတ်အမြင်နှင့် ဗုဒ္ဓဘာသာအကျဉ်း (မိတ်ဆက်)

ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်အတွင်း အွန်လိုင်းမှာ ကျမ မိတ်ဆွေဟောင်း တယောက်နဲ့ ကြုံရပါတယ်။ ဒီမိတ်ဆွေက ဗုဒ္ဓဘာသာဝင်များအတွက် စေတမန်ဆိုတဲ့ ဆိုက်ဒ်ကို သွားသွားလည်ပတ် ဖတ်ရှုပြီး သူပြောတာ လည်း ဟုတ်သလိုလိုဆိုတဲ့ အတွေးဝင်လာပြီး ငါးပါးသီလကိုတောင် ဘုရားဟော ဟုတ်မဟုတ် မယုံကြည်ချင် စိတ် ဖြစ်လာပါတယ်။ ဒါပေမဲ့ ကျမကို မေးခွန်းပေါင်းများစွာ မေးပါတယ်။ အစပိုင်းမှာတော့ ကျမ တတ်နိုင် သလောက် ဖြေကြားပေးခဲ့တယ်။ သိသလောက် ရှင်းပြပေးခဲ့တယ်။ ဒါပေမဲ့ ထိုသူကတော့ ဆက်လက် သံသယ ၀င်တုန်းပါပဲ။ ဗုဒ္ဓဘာသာဝင်တယောက် ဖြစ်ပြီးမှ ဒီလိုသံသယ၀င်နေတာ သိပ်ကို ဆိုးရွားတဲ့ကိစ္စပါ။ အင်မတန်မှ သနားစရာကောင်းပါတယ်။ သူတဦးတည်း မဟုတ်ပါဘူး။ အားလုံးသော နဝေတိမ်တောင် ဖြစ်သွားသူများကို ဆိုလိုတာပါ။ ကိုယ့်သဒ္ဒါမခိုင်ရင် မသွားရောက် မဖတ်ရှုသင့်တဲ့ နေရာကို အစဉ်သွားရောက်ဖို့ မသင့်တော် ပါဘူး။ ဒါပေမဲ့ ၀မ်းသာစရာလို့ပဲ ပြောရမလား….. အဲဒီ့လူဟာ သိလိုစိတ် ရှိနေပါတယ်။ အမှန်တကယ် မြတ်စွာ ဘုရားရှင်ရဲ့ တရားတော်တွေကိုလည်း ယုံကြည်သတဲ့လေ။ မယုံနိုင်တာက ဇာတ်တော်တွေကိုပါတဲ့။ သဒ္ဒါမခိုင် ဉာဏ်မပါ ပါဘဲ မိမိရဲ့ လောကီအသိလောက်နဲ့ သံသယ မ၀င်သင့်တာကို သံသယ ၀င်လာတာဟာ အင်မတန် မှ ၀မ်းနည်းဖို့လည်း ကောင်းနေပါတယ်။ ဘာပဲဖြစ်ဖြစ် အဲဒီ့လူအတွက် ကျမ ပေးနိုင်တဲ့အကူအညီတခုဟာ ဓမ္မစာပေတွေ ဖတ်ရှုလေ့လာဖို့ပါပဲ။ လောလောဆယ်မှာ အဲဒီ့လူ ဖတ်ဖို့ စာအုပ်လေးတအုပ် ရှာပေးလိုက်ပါ တယ်။ အဲဒီ့စာအုပ်ဟာ သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့၊ ၀ဇီရာ ရာမ ကျောင်းတိုက် ပဓာနာ နာယက ဆရာတော် အရှင်ဘဒ္ဒန္တနာရဒ မဟာထေရ အင်္ဂလိပ်ဘာသာဖြင့် ရေးသားတော်မူတဲ့ “Buddhism in a Nutshell” စာအုပ် ကို ဒေါက်တာမင်းတင်မွန် ဘာသာပြန်ထားတဲ့ “ခေတ်အမြင်နှင့် သိမှတ်စရာ ဗုဒ္ဓဘာသာ အကျဉ်း” စာအုပ်ပဲ ဖြစ်ပါတယ်။ ဒီစာအုပ်ကို ဖတ်ဖူးသူများလည်း ရှိပါလိမ့်မယ်။ မဖတ်ရသေးသူများအတွက်ရော ဖတ်ပြီးမှ အကြိမ်ကြိမ် ဖတ်ရှုလိုတဲ့ ဓမ္မမိတ်ဆွေများအတွက်ပါ ရည်ရွယ်ပြီး တပိုင်းချင်းစီ ကျမ ပို့စ်တင်ပေးပါ့မယ်ရှင်။ စာအုပ်ထဲမှာက အင်္ဂလိပ်-မြန်မာ နှစ်ဘာသာ ပါပါတယ်။ စာအုပ်တအုပ်လုံးကို တင်မပေးလိုက်တာ ကျမလို မိတ်ဆွေတွေ များနေမှာ စိုးလို့ပါ။ စာတပိုင်းချင်းစီ ဖတ်ရတာ အဆင်ပြေပေမယ့် စာအုပ် တအုပ်လုံးကို အစ အဆုံးဖတ်ဖို့ရာ ကျတော့ တော်တော်နဲ့ မဖတ်ဖြစ်တော့ဘူးလေ  ….။ ပြီးတော့ စာအုပ်ကို www.dhammadownload.com မှာ ဒေါင်းလုပ် ရယူနိုင်ပါတယ်။

- ဗုဒ္ဓသည် နတ်ဘုရားလော၊ ကယ်တင်ရှင်လော။
- ဗုဒ္ဓသည် လူ့သမိုင်းမှာ အကြီးကျယ်ဆုံးပုဂ္ဂိုလ်တဦးဟု ဆိုပါသလား။
- ဓမ္မသည် ဒဿနာပညာလော၊ ဘာသာရေးလော။
- ဗုဒ္ဓ၏ ထူးခြားချက်များက ဘာတွေလဲ။
- ကမ္မနိယာမက မိမိ၏ ဘ၀ကံကြမ္မာကို မိမိ ဖန်တီးတယ် ဆိုပါလား။
- အတိတ်ဘ၀၊ နောက်ဘ၀များ ရှိခြင်းကို ဘယ်လိုယုံကြည်ရမလဲ။
- လောကမှာ ဆင်းရဲဒုက္ခ အလုံးစုံက ဘယ်လိုပေါ်ပေါက်လာလဲ။
- ကမ္ဘာတွေးခေါ်ပညာရှင်များက အနတ္တ၀ါဒကို ဘယ်လိုမြင်သလဲ။
- ကမ္ဘာလောကတခုလုံး မီးဟုန်းဟုန်း တောက်လောင်နေတယ် ဆိုပါလား။
- နိဗ္ဗာန်ကို အဘိဓမ္မာ၊ စိတ်ပညာ၊ ကိုယ်ကျင့်ပညာ ရှုထောင့်အသီးသီးမှ ဘယ်လိုရှုမြင်သလဲ။
- နိဗ္ဗာန်သို့ သွားရောက်နိုင်သောလမ်းက ဘာလဲ။ ဘယ်လိုသွားရမလဲ။

စတဲ့အကြောင်းအရာတွေ ပါဝင်တဲ့ စာအုပ်ကောင်းတခုပါ။ ပို့စ်တင်ပေးရာမှာတော့ တနေ့တာ အချိန် ပေးနိုင်သလောက်ကို စာရိုက်ပြီး တင်ပေးပါ့မယ်ရှင်။ ဒီအကြောင်း အရာတွေဟာလည်း ကျမတို့သည် လည်းပဲ သိသင့်သိထိုက်ပါတယ်။ ခေတ်အမြင်နဲ့ ဗုဒ္ဓဘာသာကို ပေါင်းစပ်ဖော်ပြပေးထားတဲ့ တန်ဖိုးကြီးတဲ့ စာအုပ်ပါပဲ။
ပထမဦးစွာ စာပိုဒ်လေး တပိုဒ်နဲ့ မိတ်ဆက်ပေးထားပါမယ်။

“ ဗုဒ္ဓဘာသာသည် သိပ္ပံပညာနှင့် ကိုက်ညီကြောင်းမှာ ယုံမှားဖွယ် မရှိချေ။ သို့သော် ၄င်းတို့ကို မျဉ်းပြိုင် အတိုင်းသွားနေကြသော သင်ပြမှုနှစ်ရပ်ဖြစ်သည်ဟု မှတ်ယူရမည်။ အဘယ့်ကြောင့်ဆိုသော် သိပ္ပံပညာ သည် ရုပ်ပိုင်းဆိုင်ရာ အမှန်တရားများနှင့် အဓိက သက်ဆိုင်၍ ဗုဒ္ဓဘာသာသည် ကိုယ်ကျင့်တရားနှင့် စိတ်ပိုင်းဆိုင်ရာ အမှန်တရားများကို အလေးထားသောကြောင့် ဖြစ်၏။ ဘာသာရပ်အကြောင်းအရာနှစ်မျိုး မှာ ကွဲပြားနေကြ၏။”

မိတ်ဆွေများအားလုံး… စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံ၍ စစ်မှန်သော အသိတရား(၀ါ) ဆင်ခြင်တုံတရားများနှင့် ပြည့်စုံကြပါစေ။

မေတ္တာဖြင့်
ထိပ်ထား

4 comments:

OpaKanaung said...

ပြောပြန်ရင်လဲဘာသာမရှိသူလို့အထင်ခံရအုံးမယ်..ကိုယ်က ငယ်ငယ်ကထဲကအခုထိ မျက်နှာသစ်ရင် ရတနာ သုံးပါး ရွတ်ပြီးအိပ်တယ်.ညအိပ်ရင် အနတောအနတ ငါးပါး ရှစ်ခိုးပြီးအိပ်တယ်..ဒါက လူတစ်ယောက်မှာ ကိုးကွယ်ရာ ရှိရမယ်ဆိုတာရယ်.ဒီဘာသာကြားမှာ ကြီးပျင်းလာတဲ့သူမို့လို့ ..နိဗာန်ကို မြင်နိုင်တဲ့ ဥာဏ်လဲ မရှိဘူး၊ကိုယ်တိုင်ရောက်အောင်လဲ မကျင့်နိုင်ဘူး. အဲဒီတော့ နိဗာန်ဆိုတာကို မရှိဘူးဆိုပြီး မပြောနေတော့ဘူးလေ..ခက်တာက ဇာတ်ကြီး ဆယ်ဘွဲ့ကို မယုံတာ..ဟိုနေ့က နှစ်ဆန်းတစ်ရက်နေ့တရားနာတယ်..တရားစတဲ့အချိန်မှာ သြကာသက စပြီးစဉ်းစားတော့တာပဲ.. မြန်မာလိုဆိုတော့ နားလည်တယ်လေ.နောက်ပိုင်း ပါဋိ(မရိုက်တတ်လို့)လိုတွေကျ နားမလည်တော့ဘူး.. သုတ်တွေတော့ ရွတ်သွားတယ်..ဒါပေမယ့် အဲ့ဒီသုတ်တွေက လူတောင်နားမလည်တာ သရဲက ဘယ်လိုနားလည်သွားမှာလဲ..လူကနတ်ဖြစ်ရင်အဲဒီဘာသာ အလိုလိုတတ်သွားတာလား ဘာလားဆိုပြီး စဉ်းစားနေတာ..နောက်တော့ ငါးပါးသီလ..အလယ်အလတ်လမ်းစဉ်ကျင့်ပါဆိုတဲ့ဘုရားက အရက်ကိုလုံးဝမသောက်နဲ့လို့ဟောခဲ့တာ တကယ် ဟုတ်လို့လားပေါ့..တစ်နေ့ တစ်ပတ်လောက်သောက်ရင် စားဝင်အိပ်ပျော် နှလုံးကောင်းတယ်ဆိုပြီး စာအုပ်ထဲမှာ ဖတ်ဖူးတယ်..အာရှကလွဲရင် ဥရောပမှာ မသောက်တတ်တဲ့အမျိုးသားက ခပ်ရှားရှားမဟုတ်လား..မသတ်နဲ့..အသားမစားနဲ့..မခိုးနဲ့..အလုပ်လုပ်..မပြစ်မှားနဲ့..တစ်အိမ်ထောင်စနစ်..မလိမ်နဲ့.ရှေ့နေမလုပ်ရ..မသောက်ရ..ရေပဲသောက်..ဒီခေတ်အခါမှာ မကိုက်ညီတော့ဘူးလေ..
သုတ်တွေရွတ်လို့နားမလည်ဘဲထိုင်ရင်း ကံငါးပါးကို စဉ်းစားလိုက်တာ.ဘုရားကလျှော့သောက်ဖို့ပြောမယ်..ဘုန်းကြီးက နည်းနည်းထပ်လျှော့ခိုင်းမယ်.. ရပ်ကွက်အိမ် လူကြီးတွေက မသောက်ခိုင်း.. ခေတ်ကာလ ကြာတော့ လုံးဝမသောက်ရဆိုပြီး ဖြစ်သွားတာထင်တယ်..ကိုယ်သာ တစ်ခြားဘာသာဝင်ဆို ဒီထက်ပိုပြီး ထောက်ပြနိုင်မှာ.. ဒေါက်တာမင်းတင်မွန်စာအုပ်က ကောင်းပါတယ်..သုံးဆယ့်တစ်ဘုံဆိုတာကော သူကော သေချာယုံရဲ့လား. .ငရဲ ဘယ်မှာလဲ.. နတ်ပြည်ဘယ်မှာလဲ..မြမိုရ်တောင် ဘယ်မှာလဲ.. စတုလောကပါလနတ်မင်းကြီး ဘယ်မှာလဲ.. သရဲ.တစ္ဆေ၊ပြိတ္တာတွေ ဘယ်မှာလဲ..လူနဲ့တိရစ္ဆန် ၊(ဂြိုဟ်သားတွေမပါ)ပဲ ရှိနေတဲ့လောကကြီးမှာ မဖြစ်နိုင်တာတွေနဲ့ တန်ဆာဆင်ထားတယ်လို့ကော ညီမ မယူဆလို့လား..ကိုယ်စေတမာန်ဘလော့ကို ဖတ်ကြည့်တယ်..ကွန်မန့်တွေကို ပိုဖတ်ဖြစ်တယ်.. ၂၁ ရာစုကလေးတွေက ဒါကို စိတ်ဝင်စားကြတယ်..ကိုယ့်သားသမီးတွေက ဘာသာစုံလူမျိုးတွေနေတဲ့ကျောင်းမှာစာသင်လို့ သူတို့ အိမ်ပြန်ရောက်လို့မေးလာမယ့် ဒီလိုမေးခွန်းတွေကို ကိုယ်တို့ဖြေပေးဖို့ လိုအပ်တာကိုး. . ဒါကို သိချင်ရင် ဘယ်ကျမ်း ဘယ်စာအုပ်ကိုဖတ်၊ ဒါကိုသိချင်ရင် နားလည်တဲ့ဘုန်းကြီးကိုမေး၊ အဖေလဲ မသိဘူး..သာသနာနှစ်ပေါင်း ဒီလောက်ကြာတဲ့ အချိန်မှာ ရာဇ၀င်ထဲကလူတွေက လွဲရင် နတ်ပြည်ရောက် နေတဲ့သူ တစ်ယောက်မှ မရှိဘူး.. ဘုရားရှိတုန်းက ဟောပေးတယ်.. ဘယ်သူကတော့ ဘာလုပ်လို့နတ်ပြည်ရောက်နေတာ.
ဒါဆိုဒီခေတ်ကလူတွေရဲ့ နောင်ဘ၀တွေကို နောင်ဘုရားပွင့်ပြီးမှ ဟောမယ့် ဇာတ်တော်ထဲ ပြန်ရှာရမလို ဖြစ်နေပြီလေ..ဒီဘာသာကို ကိုးကွယ်ရင် ဒီဘာသာအကြောင်းကို ဒီထက်ပိုသိဖို့ လိုမှာပေါ့.ရှင်အရဟံရောက်မှ မြန်မာမှာ ဗုဒဖြစ်တာပါ
ဒါတွေပြောလို့ ဘယ်လိုငရဲကြီးမလဲတော့ မသိဘူး.. မသိတာကို သိအောင်လုပ်ရမယ်ဆိုပြီး ဘုရားက ဟောဖူးမယ်ထင်တယ်..ဒါလဲ ဘုရားရဲ့စကား ကိုနားထောင်တာပါပဲ.. ရေး.. များများသာရေး..မြန်မာလိုရေး..ပုံပြင်တွေ၊ဒဏ္ဍာရီတွေ၊ ကိုယ်တိုင်တွေးပြီး လက်မခံနိုင်တာတွေကို ဇွတ်မရေးနဲ့.ကောင်မလေး

ထိပ်ထား said...

ကိုယ့်မှာရှိတဲ့ အသိဉာဏ်က ဘယ်လောက်ရှိလဲ။ ကိုယ့်မှာ သီလ ဘယ်လောက် လုံပြီလဲ။ ကိုယ့်မှာ ဘာဝနာ ဘယ်လောက် အားထုတ်ပြီးပြီလဲ။ ကိုယ့်မှာ တခုမှ မရှိသေး၊ မလုပ်သေးဘဲနဲ့ လက်မခံနိုင်ဘူးဆိုတာ လက်မခံတဲ့လူအတွက်ကတော့ ဟုတ်သယောင်နဲ့ အများကကြည့်ရတော့ တမျိုးလေးပဲနော်။ ဘာကိုမှ မလေ့လာသေးပါဘဲ၊ မယုံနိုင်ဘူးဆိုတာ မဖြစ်သင့်သေးပါဘူးအကို၊ ဘာသာတိုင်းကို လေ့လာပြီးမှ ဆုံးဖြတ်ပါ။ ဟိုတခါမေးတဲ့ ကိုရမ်ကျမ်း မြန်မာဘာသာပြန်ရှိလား ဆိုတာမျိုးကိုတော့ သက်ဆိုင်ရာ သက်ဆိုင်ရာ လူတွေဆီကနေ မေးပါ အကို။ သိချင်တာလေးတွေကို ဒီလိုရေးတင်လိုက်တဲ့အတွက် ကောင်းပါတယ်။ ဟုတ်ပါတယ်... အရက်မသောက်တဲ့ လူက ခပ်ရှားရှားရယ်.. လိမ်မပြောတဲ့လူက ခပ်ရှားရှားရယ်လေ... ဒါတွေက အစတည်တဲ့ လူတွေရဲ့ ဆိုးရွားလာတဲ့ စရိုက်တွေကြောင့်ဘဲ ကမ္ဘာလောကကြီးမှာ ကပ်တွေ အမျိုးမျိုး ဆိုက်လာရပါတယ်။ လောဘမီး၊ ဒေါသမီး၊ မောဟမီးတွေရဲ့ လောင်မြိုက်မှုဟာ ကမ္ဘာတခုလုံးကို အကျိုးပေးနေပါပြီ... ဒီလို လက်တွေ့ကျကျ မှတ်ယူနိုင်ရမယ်။ လေ့လာနိုင်ရပါမယ်။ သိပ္ပံပညာရှင်တွေရှာဖွေတွေ့ရှိခဲ့၊ရှာဖွေဆဲအရာတွေဟာ မြတ်ဘုရားဟောကြားပြီးသားတွေပါ။ ဒါကို ထောက်ရှုပြီး ပြန်စဉ်းစားပါ။ သိပ္ပံပညာဟာ မြတ်စွာဘုရားရှင် သိတော်မူခဲ့သော အရာတွေကို နောက်ကနေမှ အနည်းငယ် လိုက်လံ သိရတာပါ။ လောကမှာ သိပ္ပံပညာ မရှိခင်တည်းက မြတ်စွာဘုရား ဟောကြားခဲ့ပြီးသားတွေပါ။ ဒါကြောင့် သိပ္ပံက မတွေ့ရှိနိုင်လို့ ဘုရားဟောတာ မယုံနိုင်ဘူးဆိုတဲ့ (နတ်ပြည်ဘယ်မှာလဲ၊ ငရဲဘယ်မှာလဲ မေးခွန်း)မေးခွန်းအတွက် အဖြေဟာ ရှင်းရှင်းပါပဲ။ ပါရမီတွေ များစွာ ဖြည့်ကျင့်ပြီးမှ ကျင့်ကြံအားထုတ်ပြီးမှ သိလာတဲ့အသိတွေကို ပါရမီ မဖြည့်ရသေးဘဲ ကျင့်ကြံမှုမရှိသေးဘဲ ဘယ်သောအခါမှ ကိုယ်တိုင်သိလာမှာ မဟုတ်ဘူးဆိုတာကို ပြောကြားရင်း

မေတ္တာဖြင့်
ထိပ်ထား

ထက်စုနှင်းဆီ said...

ဇာတ်တော်တွေ မယုံဘူးပဲ ထားပါတော့.
တခုပဲ မေးချင်ပါတယ်.
ကိုယ်ပြုတဲ့ကံ ကိုယ်ပြုခဲ့တဲ့ စေတနာ အကျိုးအတိုင်း ကိုယ့်ကို ပြန်သက်ရောက်စေပါတယ်ဆိုတာ ယုံပါသလား

ဒါမှမဟုတ် လူတွေကို တယောက်ယောက်က ဖန်ဆင်းတယ်ဆိုတာ ယုံသလား..

အဲဒါဆို လူတွေ ဘာကြောင့် ဆင်းရဲချမ်းသာ ရုပ်ချောရုပ်ဆိုး ဥာဏ်ကောင်းဥာဏ်မဲ့ အသိုင်းအဝိုင်းရှိမရှိ ဘာကြောင့် အဲဒီလောက်ကွာခြားရသလဲ.

တချို့လူတွေ စိတ်ဓာတ်မာချာပြီး တချို့ဘာလို့ ရူးသွပ်ကြသလဲ. အဲဒါကို အဖြေရှာကြည့်ဖို့ လိုပါတယ်.

အဲဒါအားလုံးရဲ့ အဖြေက ငါးပါးသီလ လုံမလုံပေါ်မှာ မူတည်နေလို့ပါ..ကံ-ကံ၏အကျိုး သက်ရောက်မှုကွာခြားနေလို့ပါ။

ပထမဆုံး သူတပါးအသက်သတ်ခဲ့သူတွေက ကံ-ကံ၏အကျိုးအတိုင်း အသက်တိုပြီး အနာရောဂါ များကြပါတယ်.. ရုပ်ဆိုး အကျည်းတန်ပြီး ရောဂါထူပြောကြပါတယ်. (တယောက်ယောက်က ဖန်ဆင်းထားတာပါဆိုရင် ဘာလို့ အတူတူမဖန်ဆင်းပဲ အဲလောက်ကွာခြားရပါသလဲ)

သူများဥစ္စာ ခိုးယူခဲ့သူများက စည်းစိမ်မရှိ မွဲတေပြီး၊ ရှိပြန်ရင်လဲ ရန်သူမျိုးငါးပါး ဖျက်ဆီးလို့ အလွယ်တကူ ဆုံးရှုံးရတတ်ပါတယ်.. ဖြစ်လေရာဘဝမှာ သူများ အထင်အမြင်သေးခြင်း မယုံလွယ်ခြင်းကိုလဲ ခံရတတ်ပါသေးတယ်.။

သူတပါးသားမယားဖျက်စီးခဲ့သူများကတော့ မိန်းမစစ်စစ် ယောကျာ်းစစ်စစ် ဘဝမရရှိပဲ. မိန်းမရှာ ယောကျာ်းရှာဖြစ်ကြပြီး လူအများ၏ ဖျက်စီးခြင်း အရှက်ခွဲခြင်း ခံရတတ်ပါတယ်။

မုသားစကား အပြောများသူတွေကတော့ ဖြစ်လေ ရာ ဘဝမှာ သူတပါး၏ ယုံကြည်မှုကို မခံစားရခြင်း၊ သူတပါး၏ သပုတ်လေလွင့်ပြောဆိုမှုကို ပြန်လည်ခံစားရခြင်း၊ သွားခေါခြင်း သွားမညီညာခြင်း ပါးစပ်နံခြင်း စသည့် အကျိုးဆက်များကို ပြန်လည်ခံစားရတတ်ပါတယ်.

သေရည်သေရက် သောက်သူများကတော့ ဖြစ်လေရာဘဝမှာ ရူးသွပ်တတ်ခြင်း၊ ဥာဏ်မကောင်းခြင်း၊ စာသင်၍မရခြင်း၊ ဦးနှောက်မပြည့်မီခြင်း၊ စသည့်အကျိုးဆက်များကို ခံစားရနိုင်ပါတယ်။

ဒါတွေက ငါးပါးသီလမစောင့်ထိန်းခြင်း၏ မကောင်းသောအချက်များကို အကျဉ်းချုပ်ဖော်ပြခြင်းပါ. အဲဒါတွေကို မယုံဘူးဆိုရင်လဲ ငါးပါးသီလကို ဖောက်ဖျက်ကြည့်လိုက်လေ. နောင်ဘဝမကူးပါဘူး အခုဘဝမှာပဲ မကောင်းတဲ့ အကျိုးဆက်ကို ကျိန်းသေခံစား ရမှာပါ။ မြတ်စွာဘုရား သာသနာအဆုံးအမဆိုတာ ပုံပြင်တွေ ဒဏ္ဍာရီတွေကို ယုံကြည်ဖို့ထက် လက်တွေ့လိုက်နာကျင့်သုံးဖို့က ပိုပြီး အရေးကြီးပါတယ်။

မြတ်ဘုရားသာသနာကို လက်ခံနိုင်ဖို့ ဆိုတာကလဲ အသိဥာဏ်မပြည့်စုံ မကြွယ်ဝသူတွေအတွက် သိပ်ကို ခက်ခဲပါတယ်။ စဉ်းစား ဆင်ခြင်တုံတရား မပြည့်စုံသူတွေအတွက်ကတော့ မတန်မရာဖြစ်နေတတ်ပါတယ်။ အဲဒီတော့လဲ မတန်မယ့်အတူတူ ကိုယ်သန်ရာကိုပဲ လျှောက်လှမ်းပါလို့ အကြံပြုချင်ပါတယ်။

Anonymous said...

ငါးပါးသီလထဲက တခြားဟာတွေတော့နှိုင်းယှဉ်မပြတတ်ဘူး... အရက်သောက်ရင် ဖြစ်လေရာဘဝမှာ ရူးသွပ်တတ်ခြင်း၊ ဥာဏ်မကောင်းခြင်း၊ စာသင်၍မရခြင်း၊ ဦးနှောက်မပြည့်မီခြင်း၊ စသည့်အကျိုးဆက်များခံစားရ မခံစားရတော့ လက်တွေ့မသိလို့ မပြောပြတတ်ဘူး.. အရက်သောက်တာများရင် မှတ်ဥာဏ်နည်းလာတာ... များများသောက်ရင် အရက်နာကျပြီး အလုပ်ပျက်တာ ကတော့လက်တွေ့ပဲလေ...... အရှင်ဂေါတမဘုရားက လက်တွေ့ကျတဲ့... ဟာတွေပဲ ဟောခဲ့တာပါ.....