စိတ်ရော ကိုယ်ပါ ကျန်းမာချမ်းသာ၍ ဘေးဘယာကင်းကွာ မေတ္တာတရားဖြင့် အေးချမ်းစွာ နေနိုင်ကြပါစေ....



Wednesday, April 28, 2010

လက်တွေ့ကျပါတယ်……

ဘာသာဝင် တော်တော်များများပဲ ပြောရမလား၊ အချို့တ၀က်လို့ပဲ ပြောရမလား၊ မေးတော့ မေးကြတယ်ရှင့်။ အချို့ကလည်း မမေးဘဲနဲ့ ပုံပြင်သဘော မှတ်ယူကြတတ်တယ်။ ဒီနေ့တော့ မြင့်မိုရ်တောင် ဘယ်မှာလဲဆိုတဲ့ မေးခွန်းလေးတခု ကျမကို မိတ်ဆွေတယောက်က မေးလာပါတယ်။ ဇာတ်တော်တွေကို ယုံသလား မေးရာကနေ မြင့်မိုရ်တောင်ဆီ ရောက်သွားပါတယ်။ ဇာတ်တော်တိုင်းဟာ ကိုယ်ပြုတဲ့ မကောင်းမှု၊ ကောင်းမှုပေါ်မှာ အခြေ တည်ပြီး မကောင်းကျိုး၊ ကောင်းကျိုးရရှိခဲ့ပုံတွေကို သတိသံဝေဂယူနိုင်အောင် ဘုရားရှင်ဟောကြာပေးခဲ့တာ တွေပဲမို့ ကျိုးကြောင်းဆက်စပ်မှုရှိသော၊ ကုသိုလ်၊အကုသိုလ်အကျိုးပြသော အကျိုးရှိလှတဲ့ အရာတွေဖြစ်တယ် လို့ ကျမက လက်ခံထားပါတယ်။

မြင့်မိုရ်တောင် ဘယ်မှာရှိသလဲ….

သိပ္ပံပညာနဲ့ပဲ နှိုင်းယှဉ်ပြောကြပါစို့…. ကျမတို့တွေဟာ သိပ္ပံပညာရပ် တိုးတတ်လာသလို အသစ်အဆန်းတွေ ပါလို့ ပြောလေ့ရှိတဲ့ အရာတွေကို သိလာကြရပါတယ်။ ဒါပေမဲ့ တကယ်တမ်း ပြန်သုံးသပ်မယ်ဆိုတဲ့အခါမှာ သိပ္ပံရဲ့ ရှာဖွေတွေ့ရှိမှုတွေဟာ အသစ်တွေ မဟုတ်ပါဘူး။ အနန္တစကြာဝဋာလို့ ဘုရားရှင်ဟောကြားခဲ့တာ လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင့်ငါးရာကျော်ထဲကပါ။ ဒီလိုပဲ… သိပ္ပံရဲ့ နောက်ကောက်ကျတဲ့ တွေ့ရှိမှုတွေဟာ ဘုရားရှင်ရဲ့ ဉာဏ်တော်ကို ဘယ်လိုမှ ကျော်လွန်ဖို့မပြောနဲ့၊ အနည်းငယ်လေးတောင် သေချာစွာ မသိနိုင် သေးပါဘူး။ မြင့်မိုရ်တောင် ဘယ်မှာလဲဆိုတာကို လက်တွေ့ကျကျ(တနည်း) သိပ္ပံနည်းကျ ပြောပြပါဆိုရင်တော့ သိပ္ပံပညာရှင်တွေကို မေးကြည့်ပါ။ စကြာဝဋာအဆုံးအစွန်ကို ဘယ်တော့များမှ သွားနိုင်မှာလဲ လို့ပါ။ အဲလိုသွားလို့မှ မြင့်မိုရ်တောင်ကို မတွေ့ခဲ့ရင် တကယ်မရှိဘဲနဲ့ လက်တွေ့မကျဘဲ ပုံပြင်ဆန်ဆန်ပြောနေတယ် လို့ သတ်မှတ်လိုက်ကြပါ။ ဒါမှ မဟုတ်ရင်တော့ မတွေ့မချင်းမှာ မြင့်မိုရ်တောင်က ပုံပြင်သာ ဆိုတဲ့ အသိလေး တွေကို ဖယ်ထုတ်စေချင်ပါတယ်။ သိပ္ပံပညာရဲ့ နောက်ကောက်ကျမှုနဲ့ ဗုဒ္ဓဉာဏ်တော်ကို မတိုင်းတာ မဆုံးဖြတ် စေချင်ပါဘူးရှင်….။ ဒီနေ့ဒီအချိန်ထိ သိပ္ပံပညာဟာ မြင့်မိုရ်တောင်ရှိကြောင်းလည်း သက်သေမထူသေးပါဘူး။ ငရဲပြည်ရှိကြောင်းလည်း သက်သေမထူသေးပါဘူး။ နတ်ပြည်ရှိကြောင်းလည်း သက်သေမထူသေးပါဘူး။ ဒါပေမဲ့ တချိန်က ဘုရားရှင် ဟောကြားခဲ့ပြီးတဲ့ တရားတော်တွေကို ဟုတ်မှန်ကြောင်း တကယ်ရှိကြောင်း သက်သေ ထူပေးခဲ့တာလည်း သိပ္ပံပညာပါပဲ။ ဒါပေမဲ့ ပါရမီပေါင်းများစွာဖြည့်ပြီးမှ ကျင့်ကြံအားထုတ်ခဲ့ပြီးကာမှ ရရှိလာတဲ့ သဗ္ဗညုတ ဉာဏ်တော်ကိုတော့ ဘယ်သောအခါမှ ယှဉ်နိုင်မှာ မဟုတ်ပါဘူးရှင်။ ဒါကြောင့် သိပ္ပံက မတွေ့သေး ဘူး.. ငါတို့ ကတော့ မယုံနိုင်ဘူးဆိုရင်…. မယုံကြည်ဘူးဆိုတဲ့ ဗုဒ္ဓဘာသာဝင်တွေ ကိုးကွယ်နေတာ ဘုရားရှင် ကိုလား… သိပ္ပံပညာရှင်တွေကိုလား.. ဒါလေးကိုလည်း စဉ်းစားစေ့ချင်ပါတယ်။

လေးစားရပါသော မိတ်ဆွေများရှင်…… ဗုဒ္ဓဘာသာဆိုတာ မရှိတာကိုလည်း အတင်းယုံကြည်ခိုင်းတဲ့ ဘာသာ မဟုတ်ပါဘူး။ မလုပ်သင့်တာကိုလည်း မခိုင်းပါဘူး။ လုပ်သင့်တာကိုလည်း မတားမြစ်ပါဘူး။ အရှိတရားတွေကို ပြောပြ ဟောညွှန်ပါတယ်။ မလုပ်သင့်တာတွေကို တားမြစ်ပါတယ်။ လုပ်သင့်တာတွေကို လမ်းညွှန်ပြသပေးပါ တယ်။ ဒါန၊သီလ၊ဘာဝနာ သုံးခုစလုံးမှာ မလုပ်သင့်တာ ဘာမှ မရှိပါဘူး။ သူများအသက် သတ်၊ သူများပစ္စည်း ခိုး၊ သူများသားမယားပြစ်မှား၊ လိမ်ညာပြောဆို၊ အရက်သေစာ သောက်စား ဘာမှ ကောင်းကျိုးမရှိတဲ့ မလုပ် သင့်တာတွေပါ။ တိရိစ္ဆာန်လေးတွေကိုသတ်တဲ့အတွက် ချက်ချင်းတော့ မသိသာလှပါဘူး။ ဒါပေမဲ့ တားမြစ် တိရိစ္ဆာန်တွေကို သတ်ကြည့်ပါ။ ချက်ချင်းပဲ ဖမ်းဆီးခြင်းခံရပါလိမ့်မယ်။ ဒါက ဥပဒေကို ချိုးဖောက်လို့ ဖမ်းတာ လို့ပြောပါလိမ့်မယ်။ ဥပဒေကတောင် အပြစ်ပေးတဲ့ကိစ္စ ဘာကြောင့် သံသရာမှာ အပြစ်မဖြစ်နိုင်ဘူး ထင်ရပါ သလဲ။ အရက်မူးကြည့်၊သောင်းကျန်းကြည့် ချက်ချင်းပဲ ရဲဖမ်းခံရပါလိမ့်မယ်။ ဥပဒေက သောင်းကျန်းမှသာ အပြစ်ပေးပါတယ်။ သံသရာမှာတော့ လူကိုမူးယစ်တွေဝေမိန်းမောစေတဲ့ အရက်သောက်သုံးမှုကြောင့်ပင်လျှင် မကောင်းမှု အကုသိုလ်ဆိုတာ ရှိသွားပါပြီ။

ဘယ်လိုပဲ မယုံဘူးလို့ လက်တွေ့မကျဘူးလို့ ပြောနေကြပါစေ… ကိုယ့်ရဲ့အတ္တစွဲကို ဖယ်ပြီးမှ သေသေချာချာ စဉ်းစားပါ။ သေသေချာချာ လေ့လာပါ။ သေသေချာချာ ကျင့်ကြံပါ။ လက်တွေ့ကျတဲ့ အကျိုးတွေကို အံ့မခန်း သိလာရပါလိမ့်မယ်ရှင်။ အတ္တစွဲကိုတော့ ဖယ်ပါ။ ဆုံးမလွယ်သူဆိုတာ အတ္တစွဲကို ဖယ်ပြီးမှသာ အဆုံးအမကို ခံယူနိုင်မှာပါ။ အဆုံးအမဆိုတာ ဘုရားရှင်ရဲ့ အဆုံးအမကိုသာ ဆိုလိုပါသည်။

အားလုံးပဲ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံ၍ မှန်ကန်သောတရားကို တွေ့ရှိကြပါစေကြောင်း ဆန္ဒပြုလိုက်ပါတယ်.

မေတ္တာဖြင့်
ထိပ်ထား

(မေးမြန်းခဲ့သူ မိတ်ဆွေကို ကျေးဇူးအထူးတင်ရှိပါတယ်။ )

No comments: