စိတ်ရော ကိုယ်ပါ ကျန်းမာချမ်းသာ၍ ဘေးဘယာကင်းကွာ မေတ္တာတရားဖြင့် အေးချမ်းစွာ နေနိုင်ကြပါစေ....



Tuesday, April 27, 2010

မြတ်ဗုဒ္ဓ (၁)

ဒီနေ့တော့ ပထမဆုံးအပိုင်းဖြစ်တဲ့ “မြတ်ဗုဒ္ဓ” ထဲကနေ ဒီနေ့အတွက် ကျမ အချိန်ရသလောက် မနည်းမများတဲ့ စာလေးတွေ ကို ရိုက်ပြီး ပို့စ်တင်ပေးလိုက်ပါတယ်။ ဒီနေ့တင်တာကတော့ အားလုံးသိပြီးသား ဖြစ်မှာပါ။ ဒါပေမဲ့ ဖတ်ရှုရင်းနဲ့ သဒ္ဒါတိုးလည်း ကုသိုလ်တခုရတာပေမို့ တင်ပေးလိုက်တာ ဖြစ်ပါတယ်။ အားလုံးပဲ သဒ္ဒါတရားပွားများနိုင်ကြ ပါစေရှင်……
မြတ်ဗုဒ္ဓ (၁)
ခရစ်သက္ကရာဇ် ၆၂၃ ဘီစီ၊ မေလ။ လပြည့်နေ့၌ နီပေါနိုင်ငံလုဗ္ဗနီဒေသတွင် သိဒ္ဓတ္ထ ဂေါတမ အမည်ရှိသော အိန္ဒိယသကျမင်းသားလေးကို ဖွားမြင်တော် မူ၏။ ဤမင်းသားသည် ကမ္ဘာပေါ်တွင် အကြီးကျယ်ဆုံး ဘာသာရေး ဆရာဖြစ်လာရန် ကံဇာတာ ပါလာသူဖြစ်၏။ စည်းစိမ်ချမ်းသာ၏ ရင်ခွင်တွင် ကြီးပြင်းလာပြီးလျှင် မင်းသားတဦး တတ်သင့်သည့် အသိပညာ၊ အတတ်ပညာတို့ကို သင်ယူ၏။ သက်တော် ၁၆နှစ်သို့ ရောက်သောအခါ ယသော်ဓရာမင်းသမီးကို လက်ထပ်ထိမ်းမြားပြီးလျှင် သားတော်တပါးထွန်းကားလာ၏။ သူ၏လေးလေး နက်နက် တွေးခေါ်တတ်သော သဘာဝနှင့် အကန့်အသတ်မရှိသည့် အကြင်နာတရားတို့သည် သူ့အား ဘုရင့် မိသားစု၏ ကြီးကျယ်ခမ်းနားသော စည်းစိမ်၏သာယာမှုများကို ကြာရှည်စွာ ခံစားမှု မပြုပါ။ သူသည် ဆင်းရဲဒုက္ခ ကိုမသိပါ။ သို့သော် ဆင်းရဲဒုက္ခရောက်နေကြသော လူသားများအတွက် နက်ရှိုင်းစွာ သနားကြင်နာခြင်းကို သူခံစားမိသည်။ အထွတ်အထိပ်ရောက်သော စည်းစိမ်ချမ်းသာနှင့် ကြီးပွားအောင်မြင်မှု အကြား၌ နေထိုင်ရပါ သော်လည်း ၀မ်းနည်းပူဆွေးခြင်း စသည့် ဆင်းရဲဒုက္ခကို လူသားတိုင်းမလွတ်ကြမ္မာ ခံစားကြရမည်ကို သူ နားလည် သဘောပေါက်လာသည်။ ထိုအခါ လောကီပျော်ရွှင်ဖွယ်ရာ များစွာနှင့် ပျော်မွေ့ရာ နန်းတော်ကြီး သည် အကြင်နာတရား ပြည့်လျှမ်းနေသော မင်းသားအတွက် ပျော်ရွှင်ပျော်မွေ့ဖွယ်ရာနေရာ မဟုတ်တော့ပေ။
မင်းသားအဖို့ နန်းတော်မှ ထွက်ခွာရန်အချိန်သည် ဆိုက်ရောက်လာပေပြီ။ ကာမဂုဏ်ပျော်ရွှင်မှုများ၏ အနှစ်သာရမရှိ၊ အချည်းနှီးဖြစ်ခြင်းသဘောကို သိမြင်လာသော မင်းသားသည် အသက် ၂၉နှစ်အရွယ်တွင်ပင် လောကီပျော်ရွှင်မှုအားလုံးကို အပြီးအပိုင် စွန့်လွှတ်လေတော့သည်။ ရသေ့၊ ရဟန်းတို့၏ ရိုးရှင်းသော အ၀ါရောင်သင်္ကန်းကို ၀တ်ရုံပြီး မင်းသားသည် ငွေအသပြာ တပြားတချပ်မှ မပါရှိဘဲ “သစ္စာအမှန်တရား” နှင့် “ငြိမ်းချမ်းမှု” ကို ရှာဖွေရန်အတွက် တဦးတည်း ထွက်ခွာသွားလေသည်။
ဤသို့ ထီးနန်းစည်းစိမ်ကို စွန့်လွှတ်ခြင်းသည် ရှေ့ အစဉ်အလာမရှိခဲ့သော သမိုင်းတွင်သည့် စွန့်လွှတ်ခြင်းပေ တည်း။ ထို့အပြင် သက်တော် ကြီးရင့်အိုမင်းမှ ကာမဂုဏ်ကို စွန့်လွှတ်သည်မဟုတ်။ ယောက်ျားတဦးအဖြစ် အရွယ်ကောင်းတုန်းအချိန်၌ စွန့်လွှတ်ခြင်းဖြစ်၏။ ဆင်းရဲနွမ်းပါး၍ လူ့ဘောင်မှ ထွက်ခွာခြင်းမဟုတ်၊ သုံးဖြုန်း၍ မကုန်နိုင်အောင် ကြွယ်ဝချမ်းသာလျက် စွန့်လွှတ်ခြင်းဖြစ်သည်။
ထိုခေတ်က ယူဆချက်အရ လူတယောက်သည် ပြင်းထန်စွာ ခြိုးခြံသောဘ၀ကို မကျင့်သုံးလျှင် သံသရာဝဋ် ဆင်းရဲမှ မလွတ်မြောက်နိုင်ချေ။ ထို့ကြောင့် သိဒ္ဓတ္ထ ရဟန်းသည် ပြင်းထန်သော ခြိုးခြံမှု အမျိုးမျိုးကို အားသွန် ခွန်စိုက် ကြိုးပမ်းအားထုတ်လေသည်။ သာမာန်လူသားတို့ မကျင့်နိုင်သည့် ဆင်းရဲပင်ပန်းသော ဒုက္ကရစရိယာ အကျင့်ကို ဗူးလေးရာ ဖရုံဆင့်သကဲ့သို့ ပို၍ ပို၍ ပြင်းထန်စွာ ကျင့်ကာ သာမာန်လူတို့ထက် သာလွန်သော အားထုတ်မှုကို ခြောက်နှစ်ကြာအောင် သူပြုလုပ်ခဲ့ပေသည်။
သူ၏ခန္ဓာကိုယ်သည် အရိုးစုအခြေနည်းပါးသို့ ညှိုးချူံးသွားသည်။ သူ့ခန္ဓာကိုယ်ကို သူပို၍ ညှင်းပန်းလေလေ သူ၏ပန်းတိုင်မှာ သူနှင့် ဝေးကွာသွားလေလေဖြစ်သည်။ သူအားသွန်ခွန်စိုက် ကျင့်ကြံသော ဆင်းရဲပင်ပန်း၍ အောင်မြင်မှုမပေးသည့် ခြိုးခြံမှုများသည် လုံးဝဥဿုံ အချည်းနှီးဖြစ်သည်ကို သူသိမြင်လာသည်။ မိမိကိုယ်ကို ဆင်းရဲပင်ပန်းအောင် နှိပ်စက်ညှင်းပန်းသော အကျင့် “အတ္တကိလ မထာနုယောဂ” သည် ခန္ဓာကိုယ်ကို အားနည်း ချိနဲ့စေလျက် စိတ်ဓါတ်စွမ်းအားကိုလည်း လျော့နည်းလာစေခြင်းအပြင် မည်သည့်အခြားအကျိုး ကျေးဇူးမျှ မရှိပုံကို သူ၏အတွေ့အကြုံအရ သိဒ္ဓတ္ထရဟန်းသည် ပြည့်ပြည်၀၀ တိတိကျကျ သိရှိရလေသည်။
ဤတန်ဖိုးမဖြတ်နိုင်သော အတွေ့အကြုံ၏ အကျိုးကျေးဇူးကြောင့် သူသည် မည်သည့်ဆရာသမားမှ ညွှန်ပြခြင်း မရှိသော လွတ်လပ်သည့်လမ်းစဉ်ကို လိုက်နာကျင့်သုံးရန် သူဆုံးဖြတ်လိုက်သည်။ ဤလမ်းစဉ်သည် မိမိ၏ ပျော်ရွှင်မှုအတွက် ကာမဂုဏ်လိုက်စားခြင်းဟူသော “ကာမသုခလ္လိကာနုယောဂ” အကျင့်နှင့် မိမိကိုယ်ကို ညှင်းပန်းနှိပ်စက်သည် “အတ္တကိလ မထာနုယောဂ” အကျင့်တည်းဟူသော အစွန်းနှစ်ပါးကို ရှောင်ကြဉ်၏။ ကာမဂုဏ်ခံစားသော အကျင့်သည် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတတ်မှုကို နှောင့်နှေးစေပြီး၊ မိမိကိုယ်ကို ညှင်းပန်း သောအကျင့်သည် ဉာဏ်ပညာကို အားနည်းစေသည်။ သူကိုယ်တိုင် ရှာဖွေတွေ့ရှိခဲ့သော လမ်းစဉ်သစ်ကား “မဇ္ဈိမ ပဋိပါဒ” အမည်ရသည့် အလယ်လမ်းပင်တည်း။ ဤအကျင့်လမ်းသည် နောက်ပိုင်းတွင် သူသင်ပြ ဟောပြောမှု၏ အဓိကကျသော ၀ိသေသ လက္ခဏာတရပ်ဖြစ်လာသည်။

မြတ်စွာဘုရားတို့သည် လျှောက်လှမ်းရန်လမ်းကို ညွှန်ပြတော်မူကြ၏။ ထိုလမ်းအတိုင်း လျှောက်လှမ်း၍ သံသရာ ၀ဋ်ဆင်းရဲအပေါင်းမှ လွတ်မြောက်နိုင်ရေးအတွက် ကြိုးပမ်းရန်မှာ ကျွန်ုပ်တို့၏ တာဝန်သာ ဖြစ်၏။ “သံသရာမှ လွတ်မြောက်ရေးအတွက် သူတပါးတို့အား မှီခိုအားထားခြင်းသည် အပြုသဘောမဆန်ပါ။ မိမိကိုယ်ကို မှီခိုအားထားခြင်းသည်သာလျှင် အပြုသဘောဆန်၏။” သူတပါးတို့အား မှီခိုအားထားခြင်းသည် မိမိ၏ လုံ့လကို လျှော့ချခြင်းဖြစ်၏။


မေတ္တာဖြင့်
ထိပ်ထား
(ခေတ်အမြင်နှင့် ဗုဒ္ဓဘာသာအကျဉ်း စာအုပ်မှ)

No comments: